အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး အပါအဝင် အချက်သုံးချက်ကို ရွှေဝါရောင် သံဃာတော်များ တောင်းဆို

ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဆုတောင်းရန် တားဆီးခံရမှု လူမှုရေးဝန်ကြီး လာရောက်ဖြေရှင်းပြီးနောက် တက်ရောက်ခွင့်ရရှိ
ရွှေဝါရောင်တော်လှန်ရေးနေ့ (၁၀)နှစ်ပြည့်အခမ်းအနားပြုလုပ်ပြီး သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်တစ်ရာခန့်က ကြေးသွန်းဘုရားမှ ရွှေတိဂုံစေတီရင်ပြင်ပေါ်သို့ တက်ရောက်ဆုတောင်းရန်ထွက်ခွာလာစဉ် အရှေ့ ဘက်မုခ်တံခါးပိတ်ထားသဖြင့် သံဃာတော်များက ခေတ္တထိုင်၍ မေတ္တာပို့နေစဉ်။ မိနစ် ၄၀ ခန့်အကြာတွင် သက်ဆိုင်ရာက တံခါးကို ဖွင့်လှစ်ပေးခဲ့သည်။ (ဓာတ်ပုံ − စိုင်းဇော်)

ရွှေဝါရောင်တော်လှန် ရေး (၁၀)နှစ်ပြည့် အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဓမ္မပိယ ကျောင်းတိုက်တွင် ပြုလုပ် ရာ ရွှေဝါရောင်သံဃာတော်များ က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန် လည်ရေးဆွဲရေးအပါအဝင် အ ချက်သုံးချက်ကို အစိုးရနှင့် တပ်မ တော်ထံ တောင်းဆိုခဲ့သည်။

စက်တင်ဘာ ၂၅ ရက် ရွှေဝါရောင်တော်လှန်ရေး (၁၀)နှစ်ပြည့်အခမ်းအနားများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ပြီး နောက် ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။  ရန်ကုန်မြို့တွင် ရွှေ တိဂုံစေတီပေါ်သို့တက်၍ ဆု တောင်းရန် သွားရောက်သော သံဃာတော်များ တားဆီးခံရပြီး တိုင်းလူမှုရေးဝန်ကြီးက လာ ရောက်ဖြေရှင်းပြီးနောက် ရင်ပြင် ပေါ်သို့ တက်ရောက်ခွင့်ရခဲ့သည်။

ရွှေဝါရောင် သံဃာတော် များ၏ တောင်းဆိုချက်များတွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုဆောင်ရွက်နေသော လက်ရှိ ပြည်သူ့အစိုးရအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခိုင်မာစွာဖြစ်ပေါ်လာရန် ပို၍ပြတ် သား လက်တွေ့ကျသော အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်ရန် ပြည်သူ့အစိုးရအား တိုက်တွန်း သည်ဟု ဖော်ပြထားသည်။ ထို့အ ပင် ပြည်သူ့အကျိုးစီးပွားကို အခြေခံထား၍ တပ်မတော်ဘက်က လည်း အခြေခံဥပဒေသစ် ပြန် လည်ရေးဆွဲနိုင်ရေး နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို လက်ခံဆောင် ရွက်ရန် တပ်မတော်အား တိုက် တွန်းသည်ဟု ပါရှိသည်။

ထို့အပြင် ၂၀၀၈ အခြေခံ ဥပဒေကို တစ်နည်းနည်းဖြင့် ဖျက် သိမ်းပြီး အခြေခံဥပဒေသစ် ပြန် လည်ရေးဆွဲနိုင်ရေး ပြည်သူလူထု တစ်ရပ်လုံးက နိုင်ငံရေးအသိဖြင့် ပါဝင် ကြိုးပမ်းဆောင်ရွက်ရန် ပြည်သူလူထုသို့ ရွှေဝါရောင်သံ ဃာတော်များက တိုက်တွန်းသည် ဟု တောင်းဆိုချက်သုံးချက် ထုတ်ပြန်သည်။

‘‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးမတောင်း ဆိုတော့ဘူး။ အသစ်ပြန်ရေးဖို့ကို ပဲ ရွှေဝါရောင် ဒီအခမ်းအနားက တောင်းဆိုလိုက်တယ်’’ဟု ရွှေဝါ ရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးပြည်ကျော် (ခ) ဦးပဏ္ဍဝံသက ကျိုက္ကဆံဓမ္မပိယ သာသနာ့ရိပ်သာကျောင်းတိုက် တွင် ပြုလုပ်သော ရွှေဝါရောင် တော်လှန်ရေး (၁၀)နှစ်ပြည့် အ ခမ်းအနား၌ မိန့်ကြားသည်။

ရွှေဝါရောင်သံဃာ့ကွန်ရက် အထက်မြန်မာပြည် (မန္တလေး)မှ ဆရာတော် ဦးအာစာရက ‘‘တိုင်းပြည်အတွက် အမျိုးသားရင်ကြား စေ့ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ ဒီနှစ်ခုစလုံးကို တောင်းတယ်ဆိုတာက နှစ်ခုစလုံးက အရေးကြီးနေတယ်။ ဘယ်အရာကို အရင်လုပ်လုပ် တစ်ခုနဲ့တစ်ခုက အပြန်အလှန် ဆက်နွှယ်နေတော့ ဒီနှစ်ချက်ကို အဓိကထား တောင်းဆိုတာဖြစ် ပါတယ်’’ဟု မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး ၏ ရည်ရွယ်ချက်များနှင့် တောင်း ဆိုချက်များသည် လက်ရှိအချိန် ထိ မရသေးသောကြောင့် ဆက် လက်တောင်းဆိုမည်ဖြစ်ကြောင်း ဆရာတော် ဦးပြည်ကျော်က မိန့် ကြားသည်။

ရွှေဝါရောင် သံဃာတော် များအနေဖြင့် လုပ်စရာရှိသည် များ ရှေ့ဆက်လုပ်ဆောင်မည် ဆိုပါက နောက်က လိုက်ပါဝန်းရံ ပေးမည်ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးမင်းကိုနိုင်က ပြောသည်။

‘‘အရှင်ဘုရားတို့ တောင်းဆို တဲ့ သုံးချက်ဟာ ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် လက်ခံနိုင်တဲ့ အချက်တွေဖြစ်တယ်။ လူလူချင်း မလိမ်ညာမလှည့်ဖြားဖို့၊ မနှိပ်စက် ဖို့။ ဒီလောက် ဘယ်လူမျိုး ဘယ် ဘာသာကိုတောင်မှ လက်ခံနိုင် တဲ့ တရားကိုတောင်မှ လက်မခံ နိုင်တဲ့အခြေအနေမှာ ယုံကြည်ရာ ကို ပြောရင်းနဲ့ အရှင်ဘုရားတို့ အဆိုးကို ရင်ဆိုင်ခဲ့ပြီးပါပြီ’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

ရွှေဝါရောင်တော်လှန်ရေး (၁၀)နှစ်ပြည့် အခမ်းအနားသို့ သံဃာတော် အပါး ၁၅၀ ခန့်နှင့် လူပုဂ္ဂိုလ် ၂၀၀ ခန့် တက်ရောက် ခဲ့သည်။

နေ့လယ်တွင် သံဃာတော် များအပါအဝင် လူပုဂ္ဂိုလ် ၁၀၀ ခန့်သည် ကြေးသွန်းဘုရားရှေ့မှ ရွှေတိဂုံစေတီရင်ပြင်ပေါ်သို့တက်၍ ဆုတောင်းရန် သွားရောက်စဉ် ရွှေတိဂုံစေတီတော် အရှေ့ဘက် မုခ်တံခါးကို ပိတ်ထားပြီး စေတီ ရင်ပြင်ပေါ်သို့ တက်ခွင့်မပေးဘဲ မိနစ် ၄၀ ခန့်ကြာ တားဆီးခံရ သည်။

 ထို့နောက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ရောက်လာ၍ တံခါး ဖွင့်ပေးမှသာ သံဃာတော်များ စေတီရင်ပြင်ပေါ်သို့ တက်ခွင့်ရခဲ့သည်။ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက စေတီရင်ပြင်ပေါ်သို့တက်ရန် ကြိုတင်အကြောင်းကြားထား ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြော ကြားသည်။

‘‘ငါတို့ကလည်း တရားဝင် စာမတင်ဘူး။ သူက စာမတင် တော့ ဒီလိုဖြစ်သွားတာလို့ ပြော တယ်။ ငါတို့ကလည်း ဆုတောင်း ရုံသက်သက်ပဲလေ။ နောင်နှစ် လုပ်မယ်ဆိုရင် စာတင်ပါလို့ ပြော တယ်’’ ဟု ဆရာတော် ဦးပြည်ကျော်က မိန့်ကြားသည်။

‘‘ရွှေဝါရောင် သံဃာတွေက ပြည်သူတွေရဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို အမှီပြုနေထိုင်တဲ့ ရဟန်းသံဃာ များ အခြေပြုတည်ဆောက်ထား တာဖြစ်တဲ့အတွက် ပြည်သူလူထု ရဲ့ လိုအပ်နေတဲ့ ဆင်းရဲဒုက္ခက လွတ်ငြိမ်းကြောင်း အကြောင်း ကိစ္စမှန်သမျှ လူထုနဲ့ အတူရှိနေ ပါမယ်’’ဟု မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဓမ္မသီတလကျောင်း နာယကဆရာတော် ဦးဇာနေယျာ ဘိဝံသက မိန့်ကြားသည်။

ကုန်ဈေးနှုန်းများ မြင့်တက် လာခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပြည်သူများ အ ထွေထွေကျပ်တည်းမှုများကြောင့် ငြိမ်းချမ်းစွာ မေတ္တာပို့သော ပခုက္ကူမြို့ရှိ သံဃာတော်အချို့ကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး မတောင်းပန်ခြင်း စသည်တို့ကြောင့် ၂၀၀၇ စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ သံဃာတော်များက ဦးဆောင်ကာ ရွှေတိဂုံစေတီမှ ဆူးလေစေတီအထိ မေတ္တသုတ်ရွတ်ဆို၍ လမ်း လျှောက်ဆန္ဒထုတ်ဖော်ပြီး ရှစ်ရက်မြောက်နေ့၌ တပ်မတော် အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့ သည်။

More in News Section