ပါလက်စတိုင်း တစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေးသုံးဦး သေဆုံး

အနောက်ဘက် ကမ်းခြေဒေသတွင် ပါလက်စတိုင်း တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် အစ္စရေးသုံးဦး သေဆုံးသွားကြောင်း သိရသည်။


စက်တင်ဘာ ၂၆ ရက် ဖြစ်စဉ်တွင် အနောက်ဘက် ကမ်းခြေရှိ ဂျူးရပ်ကွက်သစ် တစ်ခု၌ အသက် ၃၇ နှစ်အရွယ် အမျိုးသားက အစ္စရေးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေး ရဲတပ်ဖွဲ့က သေနတ်သမားသည်လည်း အခင်းဖြစ်ရာ နေရာတွင်ပင် ပစ်သတ်ခံခဲ့ရကြောင်း ထုတ်ပြန်သည်။

သေနတ်သမားသည် ပါလက်စတိုင်း အလုပ်သမားများနှင့်အတူ ရပ်ကွက်ထဲဝင်ရန် တန်းစီနေရာမှ လုံခြုံရေးနှင့် ရဲများကို စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ အစ္စရေးတွင် ၂၀၁၅ နောက်ပိုင်း၌ ဂျူးများကို ပစ်မှတ်ထားကာ ပါလက်စတိုင်းများ၊ အာရပ်အနွယ်များက တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာသည်။

ယခုတိုက်ခိုက်မှုသည် မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဆိုသည်ကို မသိရသေးသော်လည်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမားစ်နှင့် အစ္စလာမ်မစ် ဂျီဟတ်တို့က လုပ်ရပ်ကို ထောက်ခံကြောင်း ကြေညာခဲ့သည်။

တိုက်ခိုက်မှု အတွင်းတွင် နောက်ထပ် လူတစ်ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားသည်။ အစ္စရေးတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ဓားဖြင့်ထိုးခြင်း၊ သေနတ်ဖြင့်ပစ်ခြင်း၊ ကားဖြင့် ဝင်တိုက်ခြင်း အစရှိသည့် အကြမ်းဖက်မှုများကြောင့် အစ္စရေး နိုင်ငံသား ၅၀ ကျော်နှင့် နိုင်ငံခြားသား ၅ ဦး သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်ရပ်များနှင့် ဆက်စပ်ပြီး ပါလက်စတိုင်းနှင့် အာရပ်အနွယ်ဝင် ၃၀၀ ကျော်ကိုလည်း ရှင်းလင်း သုတ်သင်ခဲ့ကြောင်း အစ္စရေး လုံခြုံရေး တပ်ဖွဲ့များက ကြေညာထားသည်။

Ref: BBC