မီးအိမ်ရှင်များကို လုံခြုံမှုပေးပါ

ASRA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပညာရေးဝန်ထမ်းအချို့ အပါအ၀င် မောင်တောဒေသခံပြည်သူများ တိမ်းရှောင်ရန် သြဂုတ်လကုန်ပိုင်းက ရေယာဉ်ပေါ်သို့ တက်နေကြစဉ် (ဓာတ်ပုံ-စိုင်းဇော်)

‘‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ’’

တပည့်များကို အသိပညာမျှဝေပြီး တပည့်များတွင် ကျရောက်လာသမျှ၊ ကျရောက်လာလတ္တံသော ဘေးအန္တရာယ် ရန်စွယ်များကို ကာကွယ်ပေးမည့် ဆရာများကိုယ်တိုင် ရခိုင်အရေး၌ ထိတ်လန့်ကြောက်ရွံ့ကာ ထွက်ပြေးရသည်။

မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲ ကင်းစခန်း ၃၀ ကို သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်ချိန်တွင်အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်မှု ကစတင်ကာ မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများ တစ်ကျော့ပြန် ပေါ်ပေါက်လာသည်။

အကြမ်းဖက်မှုများ ဖြစ်ပွား စဉ်က မောင်တောဒေသတွင် ဆရာ၊ ဆရာမများ ပိတ်မိနေရာ ပြည်နယ်ပညာရေးမှူးရုံးက ရခိုင်ပြည်နယ် အစိုးရထံ တင်ပြပြီး ကယ်ဆယ်ရေးရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ပေးသကဲ့သို့ ကယ်ဆယ်ရေး ရဟတ်ယာဉ် မဆံ့ခြင်း ကြောင့် ဆရာ၊ ဆရာမများကိုယ်တိုင် အရဲစွန့်၍ မိမိအစီအစဉ် ဖြင့်သာ စစ်တွေမြို့ပေါ်သို့ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။

ARSA အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမများသာမက ကျောင်းသားများလည်း စာသင်ခန်းများနှင့်ဝေးရာ ကယ်ဆယ်ရေးစခန်းများရှိရာဆီ၊ ဘေးလွတ်ရာဆီ ရှောင်ခွာခဲ့ရသည်။ စာသင်ကျောင်းများတွင် လူသူကင်းမဲ့ကာ စာအံသံများ တိတ်ဆိတ်ခဲ့ရပြီး အချို့ကျောင်းများသည် အကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရ သည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၄၂၄ ကျောင်းကို သြဂုတ် ၂၅ ရက် က စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။

မောင်တောဒေသရှိ ကျောင်းများတွင် တက်ရောက်နေသော အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတစ်သိန်းခြောက် သောင်းကျော်ရှိပြီး ရခိုင်နှင့် အခြား တိုင်းရင်းသားဗုဒ္ဓဘာသာဝင်များအပြင် ဟိန္ဒူ၊ မွတ်စလင် ဘာသာ ၀င်များလည်း ပါဝင်သည်။ အချို့စာသင်ခန်းများတွင် လေးပုံတစ်ပုံခန့်သာ တိုင်းရင်းသားကလေးများ ဖြစ်ပြီး ကျန်ကလေးများသည်ဘင်္ဂါလီကလေးများဖြစ်သည်။ မောင်တောဒေသမှ ဆရာ၊ ဆရာမများသည် ဘာသာပေါင်းစုံ၊ တိုင်း ရင်းသားမျိုးစုံ စုပေါင်းထားသော စာသင်ခန်းများကို ပဲ့ကိုင်နေရသူ ဖြစ်သည်။

ယခင် နယ်မြေငြိမ်းချမ်းစဉ်က စိတ်အေးချမ်းသာစွာ ပညာသင်ကြား၊ သင်ယူခဲ့သော်လည်း ၂၀၁၂ နောက်ပိုင်းမှစတင်ကာ စာသင်ခန်းများတွင် သံသယစိတ်ကကြီးစိုးလာသည်ဟု အထက (ကြိမ်ချောင်း) မောင်တောမြို့နယ် မြောက်ပိုင်းမှ အထက်တန်းပြဆရာဦးမင်းကျော်ဌေးက ပြောသည်။

ဦးမင်းကျော်ဌေး တာဝန်ထမ်းဆောင်သည့် အထက (ကြိမ်ချောင်း)တွင် ကျောင်းသား၊ ကျောင်းသူ ၁,၇၀၀ ခန့်ရှိပြီး ၁,၅၀၀ ခန့်သည် မွတ်စလင်များဖြစ်သည်။ အဆိုပါကျောင်းတွင် ၎င်း စတင်တာဝန်ထမ်းဆောင်သည့် ၂၀၁၀ ပြည့်နှစ်က ကျောင်းသား၊ ကျောင်းသူအားလုံးသည် ဆရာ၊ ဆရာမများကို စိတ်ရင်းဖြင့် ဆက်ဆံပြုမူတတ်သော်လည်း ပထမအကြိမ် ရခိုင်အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှစ၍ ဆရာ၊ တပည့် ဆက်ဆံရေးတွင် ပြောင်းလဲမှုအချို့ရှိလာသည်ဟု ဆိုသည်။

‘‘သူတို့ အပြုအမူက ၂၀၁၂ ကစပြီး နည်းနည်းပြောင်းလဲလာတယ်။ အရင်ကတော့ ပျော်ဖို့ ကောင်းတယ်။ ကိုယ့်ဆရာသမားလိုပဲ သူတို့ဆက်ဆံပါတယ်။ ပြန်ခါနီးလည်း အမှတ်တရလက်ဆောင်တွေပေး၊ ကားဂိတ်တွေ လိုက်ပို့ကြနဲ့ ပျော်စရာကောင်းပါတယ်။ ၂၀၁၂ အရေးအခင်းပြီးကတည်းက အဲဒီလိုမျိုးတွေ သိပ်မရှိတော့ဘူး’’ဟု ဦးမင်းကျော်ဌေးက ပြောပြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၂ ကစကာ စာသင်ခန်း များသည် မလုံခြုံတော့ဟု ဘူးသီးတောင်မြို့နယ် အထက ခွဲ (၃)မှ အလယ်တန်းပြဆရာမ ဒေါ်လှနုကြည်က ပြောသည်။

‘‘ကျောင်းမှာ ကလည်း ကျောင်းသားတစ်ရာမှာ ရခိုင် ကျောင်းသားက နှစ်ဦးပဲပါတယ်။ ကျောင်းသားတွေကကို ဆရာ၊ ဆရာမတွေကို ရန်လိုတဲ့ မျက်လုံး၊ မကျေနပ်တဲ့ ပုံစံနဲ့ကြည့်နေတော့ ပြန်ကြောက်နေရတယ်’’ဟု ဒေါ်လှ နုကြည်က ပြောသည်။

ယခုနောက်ဆုံးအကြိမ် အကြမ်းဖက်မှုဖြစ်ပွားခဲ့စဉ်ကပင် မောင်တောဒေသ ကျေးရွာများ၌ ပိတ်မိနေသော ဆရာ၊ ဆရာမများ ထွက်ပြေးတိမ်းရှောင်စဉ် ၎င်းတို့ နောက်သို့ လိုက်လံရန်ပြုကြသူများတွင် ၎င်းတို့ကိုယ်တိုင် သင် ကြားပေးနေသော ကျောင်းသားအချို့ပါဝင်ခဲ့သည်ဟု မောင်တော မြို့နယ် အမက (နန်းရာကိုင်း)မှ တာဝန်ခံကျောင်းအုပ် ဦးညီတင်လှက ပြောသည်။

‘‘ကျွန်တော်တို့ ကျောင်းမှာက တိုင်းရင်းသားတစ်ယောက်မှ မရှိတာ။ အကုန်လုံး မွတ်စလင်တွေချည်းပဲ။ ကျွန်တော်တို့ကို လိုက်တဲ့အထဲမှာတောင် သူတို့ပါတယ်’’ဟု ဦးညီတင်လှက ပြောသည်။

မောင်တောဒေသ ကျောင်း များတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ ၁,၃၀၀ ကျော်ရှိပြီး အများစုသည် ရခိုင်တိုင်းရင်းသားများဖြစ်သည်။ မောင်တောဒေသခံ ဆရာ၊ ဆရာမနည်းပါးပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ မောင်တောဒေသသို့ လာ ရောက်တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဆရာ၊ ဆရာမများ ရာထူးတိုး လျှောက်ထားပါက မောင်တော ဒေသရှိ ကျောင်းများသို့ လိုအပ် ချက်အရ တာဝန်ချထားပေးလေ့ရှိ ပြီး တာဝန်ထမ်းဆောင်ရန် ငြင်း ပယ်ပါက ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးမှုအရ ရာထူးတိုး လျှောက်ထားခွင့် သုံးနှစ် ပိတ်ပင် လေ့ရှိကြောင်း သိရသည်။

မောင်တောဒေသမှ ဆရာ၊ ဆရာမများအား ၎င်းတို့ မူလရရှိ သော လစာ၏ နှစ်ဆကို ခံစားခွင့် ပေးထားသော်လည်း တာဝန်ထမ်း ဆောင်ရသည့် ရွာတိုင်းတွင် လုံခြုံ ရေးအပြည့်အ၀မရရှိခြင်းကြောင့် အကြမ်းဖက်မှုဖြစ်လာပါက မိမိ အသက်ကို မိမိသာ ကာကွယ်ရ မည့်အနေအထားဖြစ်သည်။

‘‘၂၀၁၀ မှာ စရောက်တာပါ။ ရာထူးတိုးလည်းဖြစ်တယ်။ အဲဒီ တုန်းက အခြေအနေကလည်း အေးဆေးဆိုတော့ သွားလိုက်တာ ပေါ့’’ဟု အထက (ကြိမ်ချောင်း)မှ အထက်တန်းပြဆရာ ဦးမင်းကျော် ဌေးက ကြိမ်ချောင်းတွင် ၎င်းတာ ၀န်ထမ်းဆောင်ဖြစ်ပုံကို ပြောပြ သည်။

ဆရာ၊ ဆရာမများသည် ဘင်္ဂါလီလူမျိုးများသော ကျေးရွာ များတွင် တာဝန်ကျပါက အဆိုပါ ရွာ၌ မနေထိုင်ဘဲ ရခိုင်တိုင်းရင်းသားကျေးရွာများတွင် နေထိုင်ကာ စာသင်ချိန်မှသာ ကျောင်းများသို့ သွားရောက်လေ့ရှိသည်။ မိမိ လုံခြုံရေးအတွက် ရွာခံ ဘင်္ဂါလီများနှင့် ဆက်ဆံရေး အဆင်ပြေစေရန် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမှုများလည်း ရှိသည်ဟု မောင်တောမြောက်ပိုင်း ဒုံးပိုက်ရွာမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ရွှေသန်းက ပြောသည်။

ရခိုင်နှင့် အခြားတိုင်းရင်း သားကလေးများသာရှိသော ရန် အောင်ပြင်ကျေးရွာ အထက်တန်း ကျောင်းတွင်မူ စာသင်ခန်း၌ စိုး ရွံ့ထိတ်လန့်မှုများမရှိသော်လည်း အခြားကျေးရွာနှင့် မြို့ပေါ်သို့ သွားရောက်သည့် လမ်းခရီးတွင် ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်း သွားလာရခြင်းကြောင့် နောက် ကျောမလုံဖြစ်ရသည်ဟု ရန် အောင်ပြင်ကျေးရွာမှ ကျောင်း အုပ်ဆရာကြီး ဦးအောင်ကျော်စိုး က ပြောပြသည်။

‘‘အခု ကြုံခဲ့တဲ့ပြဿနာမှာလည်း ဘာမှလုံခြုံရေးအဆင်မ ပြေဘူးလေ။ ဒီလောက် မအေးချမ်းဘဲနဲ့ ကျွန်တော်တို့မသွားချင်ဘူး။ အခြေအနေမတည်ငြိမ်သေးဘဲ ကျွန်တော်တို့ မသွားချင်သေးဘူး’’ ဟု ဦးညီတင်လှက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအ ရေးအခင်းများက ငြိမ်းချမ်းစွာ ပညာသင်ကြား၊ သင်ယူခွင့်ကို တားဆီးနေပြီး ပညာသင်ကြားပေးရသည့် ဆရာ၊ ဆရာမများ၏ အသက် အန္တရာယ်ကိုပါ ခြိမ်းခြောက် လာနေခြင်းဖြစ်သည်။

အကြမ်းဖက်မှုများဖြစ်ပွားအပြီး နှစ်ပတ်ကျော်အကြာ စက်တင် ဘာ ၁၂ ရက်တွင် မောင်တော ဒေသ လုံခြုံရေး ထိန်းချုပ်နိုင်ပြီဖြစ် ၍ ခေတ္တတိမ်းရှောင်လာသည့် အခြေခံပညာ ကျောင်း၊ ရုံးများမှ အရာထမ်းများ၊ ဆရာ၊ ဆရာမ များနှင့် ၀န်ထမ်းအားလုံးသည် စက်တင်ဘာ ၁၇ ရက် နောက်ဆုံး ထားကာ မိမိတို့ တာဝန်ကျရာ ကျောင်း၊ ရုံးအသီးသီးသို့ တာဝန် ထမ်းဆောင်ရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ညွှန်ကြားချက်ထုတ်ပြန်သည်။ လိုက်နာရန် ပျက် ကွက်ပါက ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟု ဆိုသည်။

သတ်မှတ်ရက်အတွင်း ပြန်လည်မရောက်ရှိပါက ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူမည်ကို မလိုလားသော်လည်း ဒေသလုံခြုံရေးအခြေအနေ တည် ငြိမ်ကြောင်း အာမမခံနိုင်သေး သည့်အနေအထားတွင် ပြန်ရမည် ဖြစ်၍ ဆရာ၊ ဆရာမများက စိုးထိတ်မှုများ ရှိခဲ့သည်။ သို့သော် သူ့ဆန်စားရဲရဟူသည့်အတိုင်း စက်တင်ဘာ ၁၇ ရက်အမီ ဆရာ၊ ဆရာမများ မောင်တောသို့ ပြန်လာခဲ့ရသည်။

‘‘၁၇ ရက်နေ့လာဖို့ ပြောထားတာ မလာရင် အရေးယူမယ်ဆိုလို့ ကြောက်လို့လာကြတာများပါတယ်။ ကိုယ့်ဒေသကိုယ် ပြန်ချင် နေကြတယ်။ ခေါ်လို့သာ လာကြတယ်။ စိတ်မပါဘူး’’ဟု မောင် တောမြို့ပေါ်တွင် ရောက်ရှိနေ သော အထက်တန်းပြဆရာ ဦးမင်းကျော်ဌေးက ပြောသည်။

စက်တင်ဘာ ၂၀ ရက်အထိ စာရင်းအရ မောင်တောမြို့ပေါ်တွင် ရောက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးသို့ သတင်းပေးပို့သူ ဆရာ၊ ဆရာ ၆၀၀ ကျော်ရှိနေ ပြီဖြစ်သည်။ ကယ်ဆယ်ရေးစခန်းများတွင် ယာယီစာသင်ခန်းများ ဖွင့်ကာ ရှိသည့် ဆရာ၊ ဆရာမဖြင့် သင်ကြားပေးနေသကဲ့သို့ ပိတ်ထားရသော စာသင်ကျောင်း လေး ရာကျော်အနက် လုံခြုံမှုရှိသော ကျောင်း ငါးဆယ်ကျော်ကို ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သည်။

‘‘လုံခြုံလို့ ခေါ်တာပေါ့ဗျာ။ မြို့ပေါ်မှာပဲထားမှာပါ။ နောက် တစ်ချက်က လုံခြုံမှုရှိတဲ့ ကျောင်းတွေကိုပဲ ဖွင့်မယ်ပေါ့။ လုံခြုံတဲ့ ကျောင်းတွေမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေကတော့ သွားတက်ရမှာပေါ့။ လုံခြုံမှုမရှိသေးတဲ့ နေရာတွေကိုတော့ မလွှတ်သေးဘူး။ မြို့ပေါ်ပဲ ထားမှာပါ’’ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ထို့အပြင် ၎င်းက ဆက်လက်၍ ‘‘သူတို့သဘောဆန္ဒအရ ခန့်ထားတာပဲ။ အလုပ်မလုပ်ချင်တဲ့သူကို ခန့်ထားလို့ရမလား’’ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက လက်ရှိ မောင်တောဒေသသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားချက်အပေါ် ဆရာ၊ ဆရာမများက ဝေဖန်နေမှုနှင့်ပတ်သက်၍ တုံ့ပြန်သည်။

လုံခြုံရေးကို ထိန်းချုပ်ထား နိုင်ပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပြည်နယ် ပညာမှူးရုံးက ဆရာ၊ ဆရာမများကို ပြန်ခေါ်ခြင်းဖြစ်သည်ဟုဆိုသော်လည်း ပဋိပက္ခအတွင်း ပိတ်မိခဲ့သော ဆရာ၊ ဆရာမများတွင် စိုးရိမ်စိတ်များ ကြီးစိုးနေဆဲဖြစ်သည်။

‘‘ကျွန်တော်တို့က မသွားချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို လုံခြုံမှုပေးနိုင်ရင်တော့ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ အဲဒီဘက်မှာ တိုင်းရင်းသားတွေလည်းရှိတော့ သူတို့ဘ၀ တိုးတက်ဖို့ စာသင်ပေးချင်တဲ့ စိတ်ကတော့ အ ပြည့်ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရ အာမခံပေးနိုင်ဖို့တော့ အရေးကြီးပါတယ်’’ဟု ဦးညီတင်လှက ပြောသည်။

အကြမ်းဖက်မှုအန္တရာယ် စိုးရိမ်ရဆဲ ဒေသများသို့ ဆရာ၊ ဆရာမများကို အတင်းအကျပ်ပြန်လည်စေလွှတ်ခြင်း မပြုရန်၊ အ ခြေအနေတည်ငြိမ်ကြောင်း အာမခံနိုင်မှသာ စေလွှတ်ပေးရန်နှင့် စေလွှတ်ရာတွင် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကို အပြည့်အ၀ အာမခံပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)ကလည်း စက်တင်ဘာ ၁၃ ရက်က သဘောထားကြေညာချက်ထုတ်ပြန်ထားသည်။

‘‘နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကတော့ ကျရာနေရာမှာ တာဝန်ထမ်းဆောင်ရမှာပါပဲ။ ဒါပေမဲ့ လုံခြုံရေးသေချာမရှိသေးဘဲ လက်လွတ်စပယ်လွှတ်လိုက် တာမျိုးတော့ မဖြစ်သင့်ဘူး။ တာ ၀န်သွားထမ်းဆောင်တဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးနဲ့အသက် အာမခံချက်ကိုတော့ အစိုးရက ပြန်ပေးရလိမ့်မယ်။ အသက်အန္တ ရာယ်နဲ့ လုံခြုံရေးအာမခံချက်မရှိ ရင်တော့ ၀န်ထမ်းအနေနဲ့ ဒီတာဝန်ကို ငြင်းခွင့်ရှိတယ်လို့ ထင် တယ်။ သေချာတယ်။ ကျွန်တော်တို့ သိထားသလောက် အများစု ကတော့ အခုအခြေအနေမှာ မသွားချင်ကြသေးဘူး’’ဟု MTF အလုပ်အမှုဆောင် (အခြေခံပညာ) လည်းဖြစ်သူ မအူပင်မြို့နယ်မှ အထက်တန်းပြဆရာ ဦးမြတ်သီဟထွန်းက ပြောသည်။

မောင်တောဒေသတွင် တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများ ဘေးအန္တရာယ်တစ်စုံတစ်ခုကျရောက်လာပါက အခြေအတင်း အကျပ်စေလွှတ်သော တာဝန်ရှိ သူအနေဖြင့် အပြည့်အ၀တာဝန် ယူပေးရန်၊ ဆုံးရှုံးမှုများအတွက် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပြန်လည်ဖြည့် ဆည်းဆောင်ရွက်ပေးရန်၊ ကာယကံရှင်မသွားလိုပါက အတင်းအကျပ်စေလွှတ်ခြင်းမပြုဘဲ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ညှိနှိုင်းဆောင် ရွက်ပေးရန် MFT က အစိုးရကို တိုက်တွန်းထားသည်။

‘‘ဒီပြဿနာက အေးမယ် တော့ မထင်ပါဘူး။ ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ တွေမှာ ဖြစ်ခဲ့တယ်။ ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ပိုမိုဆိုးလာတာတွေ့ရပါတယ်။ လိုချင်တာက အမှန်တကယ် ပြဿနာဖြစ်လာ လို့ရှိရင် ကိုယ့်ဝန်ထမ်းတွေကို ပိတ်မိနေတဲ့နေရာက၊ ဒုက္ခရောက် နေတဲ့နေရာတွေက အမြန်ဆုံး ကယ်ထုတ်ပေးဖို့ပါ’’ဟု ဦးမင် ကျော်ဌေးက ပညာရေးဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ထံ တောင်းဆိုသည်။

အလယ်တန်းပြ ဆရာမ ဒေါ်လှနုကြည်ကမူ ၎င်းတို့ကို အ ပြည့်အ၀ကာကွယ်ပေးရန် ယခုကဲ့သို့ တောင်းဆိုသည်။ ‘‘၀န်ကြီးဌာနကို တောင်းဆိုချင်တာက ကျွန်မတို့ စာသင်နေတဲ့အချိန်မှာ အန္တ ရာယ်မရှိရအောင်၊ ကျွန်မတို့ စိတ် ချလက်ချစာသင်ရအောင် လုံခြုံမှု ပေးပေးပါ။ တစ်ခုခုဖြစ်လာရင် ခုခံဖို့ ကျွန်မတို့မှာ ဘာမှမရှိဘူး’’

Top News