လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး သိသိသာသာအား ကောင်းလာခြင်း မရှိတော့ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ 

ရခိုင်ကမ်းရိုးတန်းနှင့်ထိစပ် နေသည့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်တည်ရှိနေသည်။ 

စက်တင်ဘာ ၃၀ ရက် ရာသီဥတုအခြေအနေသည် မြန်မာ နိုင်ငံဒေသအများစုတွင် မိုးရွာခဲ့ပြီး ရှမ်းပြည်နယ်ကွမ်းလုံမြို့၊ ကချင်ပြည်နယ်ပူတာအိုမြို့၊ မွန်ပြည်နယ် သိမ်ဇရပ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး မဒေါက်မြို့တို့၌  ပုံမှန်ထက်မိုး ကောင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း အ နောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ ဆက်လက်ဆုတ်ခွာနေပြီး ဒေသအနှံ့ မိုးရွာနိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထား သည်။ အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ ရောက်ရှိနေပြီး ယင်းဒေသများတွင် လေပြင်းတိုက်ခတ် ခြင်းနှင့် မိုးကြိုးပစ်မှုများ ဖြစ်ပေါ် စေသော မိုးတိမ်တောင်အန္တရာယ် ကို သတိပြုရန် လိုအပ်နေသည်။