အရောင်မှိန်နေဆဲ မြန်မာ့ရိုးရာမီးပုံးများ

သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတွင် အရောင်းပိုသွက်လာသော မြန်မာ့ရိုးရာမီးပုံးများကို ပြုလုပ်နေသည့် လုပ်ငန်းခွင်ကိုအောက်တိုဘာ၂ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဖြူ၊ နီ၊ ပြာ၊ ဝါ ရောင်စုံမီးပုံးလေးများ လေအဝှေ့တွင် လှုပ်ယမ်းနေကြသည်မှာ စည်းချက်ဖြင့် ကပြနေသည့်နှယ် အသက်ဝင်လှပနေပါသည်။

မြန်မာ့ရိုးရာ သီတင်းကျွတ် အခါသမယတွင် လူကြီးမိဘဆရာသမားများကို ဂါဝရပြုကန်တော့ရန် ကန်တော့ဖွယ်ပစ္စည်း ဝယ်ယူသူများ၊ ဈေးဝယ်ထွက်သူများနှင့် စည်ကားနေသော ဈေးဝယ်စင်တာအများစု၌ သီတင်းကျွတ်မီး ထွန်းပွဲတော်အတွက် ရောင်စုံမီးပုံးလေးများကို အစီအရီ အလှဆင်ထားခြင်းဖြစ်သည်။ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်အတွက် အလှဆင်ထားသော်လည်း မီးပုံးများသည် ပြည်တွင်းဖြစ် မီးပုံးများတော့မဟုတ်၊ အိမ်နီးချင်း တရုတ်နိုင်ငံက တင်သွင်းလာသော လှပဆန်းသစ်သည့် ရောင်စုံမီးပုံးများပင်ဖြစ်သည်။

လေတိုက်တိုင်း လူးလွန့်နေသည့် ရောင်စုံမီးပုံးများနေရာတွင် မြန်မာ့ရိုးရာမီးပုံးများ နေရာယူခွင့် မရခြင်းသည် အဖြေထုတ်ရန် ခက်ခဲလှသည့် ပုစ္ဆာတစ်ခုတော့မဟုတ်ပေ။ ပြည်တွင်းဖြစ် မီးပုံးများသည် အိမ်နီးချင်းအပါအဝင် ပြည်ပဖြစ် မီးပုံးများကို မယှဉ်နိုင်ဘဲ ဈေးကွက်တွင် အဓိကရုန်းကန်နေရသော အချက်သုံးချက်ရှိကြောင်း မီးပုံးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ ယင်းသည် ကုန်ကြမ်းများက ပြည်ပမီးပုံးများနှင့် ယှဉ်ပါက အကြမ်းမခံခြင်း၊ ဈေးကွက်လိုသလောက် မပေးနိုင်ဘဲ ချင့်ချိန်လုပ်ရခြင်းနှင့် တီထွင်ဖန်တီးမှု အားနည်းခြင်းတို့ဖြစ်သည်။

‘‘မြန်မာဖြစ်က ကိုယ်လိုသလောက် မပေးနိုင်ဘူး။ အဲဒီအပိုင်းမှာဟတယ်။ အလုပ်သမားအခက်အခဲကြောင့်ရယ် အချိန်ကပ်တော့ မကုန်မှာစိုးပြီး သိပ်မလုပ်ကြဘူး’’ ဟု သိမ်ကြီးဈေးအနီးတွင် မီးပုံးများကို အဓိကရောင်းချသည့် ဦး တင်ထွန်းက မြန်မာ့ရိုးရာမီးပုံးဈေးကွက်ကို ပြောပြသည်။

ထို့အပြင် မြန်မာ့ရိုးရာမီးပုံးများ၏ အခြားအားနည်းချက်တစ်ခုသည် ပြောင်းလဲလာသော ခေတ်နှင့်အညီ နည်းစနစ်နှင့် တီထွင်နိုင်မှုအပိုင်းတွင် အားနည်းသလို ပုံစံများလည်း တစ်နှစ်နှင့်တစ်နှစ် ကွဲပြားခြားနားခြင်းမရှိကြောင်း ၎င်း ကဆိုသည်။

‘‘ကွာဟချက်က တရုတ်မီးပုံးက ခိုင်ခံ့တယ်။ ဒီမီးပုံးတွေက တစ်နှစ်ပဲ၊ နောက်နှစ်ဆို ပိုးကျဘာကျဆိုတော့ သုံးမရတော့ဘူး’’ဟု မီးပုံးလုပ်သက် နှစ် ၄၀ ကျော်ရှိသော ဦးမြင့်လွင်က ပြောသည်။

ယခင်က ကြည့်မြင်တိုင် ဗားကရာချောက်ဝန်းကျင် လမ်းတစ်လျှောက်၌ မြန်မာ့ရိုးရာလက်မှုဖြစ်သည့် မီးပုံးရောင်းချသူများပြားခဲ့သော်လည်း လက်ရှိအချိန်တွင် မီးပုံးလုပ်ငန်းလုပ်သည့် အိမ်မှာလက်ငါးချောင်းပင် မပြည့် တော့ပေ။

‘‘ဟိုးတုန်းက အကြီးအကျယ်လုပ်တာ။ မီးပုံးတန်းမရောင်းတဲ့ အိမ်ဆိုတာမရှိဘူး။ ဖောက်သည်တွေက ကားတွေနဲ့ကိုလာကြတာ အဲဒီခေတ်က’’ဟု ဦးမြင့်လွင်က ဗားကရာလမ်းမကြီးကို ငေးရင်း ပြောသည်။

ဦးမြင့်လွင်က မြန်မာ့မီးပုံး များထဲတွင် လူသိများသော တိရစ္ဆာန်အရုပ်နှင့် မီးပုံးများကို အဓိက ပြုလုပ်သူတော့မဟုတ်။ သီတင်းကျွတ်ကာလတွင် ကလေးငယ်များ အဓိက လိုချင်မက်မောလေ့ရှိသော မီးပုံးတပ်ထားသည့် လက်တွန်း လှည်းလေးများကို ကား၊ သင်္ဘော စသည့် ဆန်းသစ်သော ပုံစံများဖြင့် ပြုလုပ်သူဖြစ်သည်။ ၎င်းသက်တမ်းတစ် လျှောက် အများစုဖန်တီးသော မီးပုံးပျံပုံစံများကို မပြုလုပ်ခဲ့ဟု ဦးမြင့်လွင်က သူ၏ရပ်တည်မှုကို ပြောသည်။


ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာ့ရိုးရာမီးပုံး ရောင်းချသည့် ဆိုင်တစ်ဆိုင်တွင် မီးပုံးများ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

‘‘သူများတကာလုပ်တဲ့ ယုန်လေးတွေ ၁၀ ခုပြီးတောင် ကိုယ်က တစ်ခုမပြီးဘူး။ တစ်နေ့လုံးမှ ခြောက်စီးလောက်ပဲ ပြီးတယ်။ ကားရော၊ သင်္ဘောရော’’ ဟု ၎င်းဖန်တီးသည့် အရုပ်များ၏ လက်ဝင်ပုံကိုပြောသည်။

ထို့အပြင် ယခုနောက်ပိုင်း၌ မီးပုံးတစ်ရာသီလျှင် အရုပ်မီးပုံးတစ်ရာခန့်သာ ရောင်းချပေးဖြစ် ပြီး တစ်လုံးလျှင် ရှစ်ရာကျပ်ဖြင့် ဖောက်သည်ပေးရကြောင်း ၎င်းက ဆိုသည်။

 ‘‘တစ်ဝက်လောက်တော့ ကျန်တယ်။ သုံးတာကလည်း ဝါးရယ်၊ သံရယ်၊ ဘီးရယ်၊ စက္ကူရယ် ပဲ’’ ဟု ဟီးနိုးကားပုံစံ ဖန်တီးထားသည့် မီးပုံးနှင့်ပတ်သက်၍ ဦးမြင့် လွင်က ပြောသည်။

လက်ရှိအချိန်တွင် အသက် (၆၀)ကျော်လာပြီ ဖြစ်သော်လည်း မီးပုံးရာသီရောက်တိုင်း လုပ်ဖြစ်နေသည်မှာ ၎င်း၏ဝါသနာကြောင့်လည်း ပါသည်ဟုဆိုသည်။

 မိရိုးဖလာလုပ်ငန်းတစ်ခုအနေဖြင့် ရာသီချိန်ရောက်တိုင်း မီးပုံးလုပ်ငန်းကို လုပ်ကိုင်သည့် ကိုခင်မောင်ကြည်က ယခုနောက်ပိုင်း တွင် မီးပုံးဈေးကွက်သည် ယခင်လောက် ခေတ်မကောင်းတော့ဟု ဆိုသည်။

ရိုးရာမီးပုံးများကို ဒီဇိုင်းများ ဖန်တီး၍ ပြုလုပ်သော်လည်း တာရှည်ခံသည့် တရုတ်နိုင်ငံထုတ် မီး ပုံးများကို မယှဉ်နိုင်သေးကြောင်း ကိုခင်မောင်ကြည်က လက်ရှိကြုံ နေရသည့် အခက်အခဲကို ပြော သည်။

‘‘မြန်မာမီးပုံးတွေကိုကျတော့ လူတွေက ခဏလေးနဲ့ ပျက်စီးတယ်လို့ ထင်ကြတယ်။ တရုတ်မီးပုံးတွေကျတော့လှတယ်။ ဆန်းသစ်တယ်ဆိုပြီး သုံးကြတာ’’ ဟု တရုတ်မီးပုံးများနှင့် မြန်မာမီးပုံး များ၏ ကွာခြားချက်အပေါ် ၎င်း၏ အမြင်ကို ပြောသည်။

 သီတင်းကျွတ်ရောက်တိုင်း မိသားစုဝင်အားလုံး မီးပုံးအလုပ်အတွက် အချိန်ပေး၍ အလုပ်လုပ်ပြီး ငွေကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အရွယ်အစားနှင့် ပုံစံပေါ်တွင် မူတည်၍ ရောင်းချရကြောင်း ကိုခင်မောင် ကြည်က ပြောသည်။


(ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

 အမှန်တကယ်အားဖြင့် တရုတ်နိုင်ငံလုပ် မီးပုံးများကို မြန်မာမီးပုံးများက ဈေးကွက်တွင် ကောင်းကောင်း ယှဉ်နိုင်သေးသည်ဟု လက်ရှိ ရောင်းအားအ ပေါ် မူတည်၍ မီးပုံးရောင်းချသူ ဦးတင်ထွန်းကပြောသည်။

တရုတ်မီးပုံးသည် ဆန်းသစ်အကြမ်းခံသည်ဆိုသော်လည်း ဈေးနှုန်းကြီးမြင့်မှုရှိသောကြောင့် လာရောက်ဝယ်ယူသူ ၁၀ ဦးတွင် တစ်ဦးခန့်သာ ဝယ်ယူလေ့ရှိပြီး တရုတ်နှစ်ကူးအချိန်မှသာ အရောင်းသွက်ကြောင်း ၎င်းကဆို သည်။

အခြေခံလူတန်းစားများ နေထိုင်သည့် နေရာများတွင် တရုတ်မီးပုံးများသည် ဈေးနှုန်းကြီးမြင့်သောကြောင့် မြန်မာမီးပုံးများကို ဝယ်ယူသူများပြားကြောင်း လှိုင်သာယာမြို့နယ်၌ လမ်းလျှောက် ဈေးရောင်းသူ ဦးရေကျော်ကပြောကြားသည်။

သို့သော် ယခုနှစ်တွင် အရုပ် မီးပုံးများသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်လာကြောင်း ယုန်ရုပ် လက်တွန်းမီးပုံးများကို ထမ်းပိုးထားရင်း ၎င်းကပြောသည်။

‘‘တစ်ထောင်နဲ့ ဝယ်တယ်။ တစ်ထောင့်သုံးရာလောက် ပြန်ရောင်းတယ်။ လမ်းလျှောက်နိုင်ရင်တော့ ရောင်းရတယ်။ တစ်နေ့ကို အခု ၅၀ လောက် ကုန်တယ်’’ ဟု ၎င်းကဆိုသည်။

ဈေးကွက်တွင် ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရသော်လည်း ယခုနှစ်သည် ယခင်နှစ်ထက် မြန်မာ့ရိုးရာ မီးပုံးများ မှာယူသူ နှစ်ဆခန့်များပြားလာကြောင်း ကြာရွက်ပုံစံမီးပုံးအတွက် ဝါးများကို ပုံဖော်နေရင်း ဒေါ်ခင်ရီကပြောသည်။

‘‘အရင်နှစ်ထက် ထက်ဝက်လောက်တော့တက်တယ်။ ဟိုးအရင်ကိုတော့ မမီဘူး။ အခုလုပ်နေ ရတာက အရင်နဲ့ယှဉ်ရင် ၁၀ ပုံမှာ တစ်ပုံတောင်မရှိဘူး’’ ဟု ဒေါ်ခင်ရီက လက်ရှိ မီးပုံးဈေးကွက်ကို ယခင်ခေတ်နှင့်နှိုင်းယှဉ်၍ ပြော သည်။

ဒေါ်ခင်ရီက လွန်ခဲ့သည့် နှစ် ၃၀ ကတည်းက မီးပုံးလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။ ယခင်က ၎င်းတို့အနေဖြင့် အရုပ်မီးပုံး ဈေးကွက်ကိုသာ အဓိကထားပြီး ယခုအချိန်တွင်မူ အရုပ်မီးပုံးလုပ် သူ နည်းပါးလာသောကြောင့် မြန်မာ့ရိုးရာမီးပုံးများကို ဒီဇိုင်းအ မျိုးမျိုးဖြင့် ပြုလုပ်ရောင်းချနေ သည်။

 မျက်ကွင်း၊ လေးထောင့်ကြယ်၊ ဘာဂျာ၊ ကြာပွင့်၊ ဗာဒံ စသဖြင့် ပုံစံအမျိုးမျိုးဖြင့် မီးပုံးများကို မြန်မာ့ရိုးရာမပျက် ရောင်စုံဆီစိမ်စက္ကူ၊ ဝါးများဖြင့် ဖန်တီးဖြစ်ပြီး ငွေကျပ်ငါးရာမှ လေးသောင်းခန့်အထိ အမျိုးအစားအလိုက်ဈေးနှုန်းများရှိကြောင်း ဒေါ်ခင်ရီက ပြောသည်။

‘‘သူက အဆင့်နဲ့သွားရတာဆိုတော့ လက်ဝင်တယ်။ အလုပ်သမားအခက်အခဲတော့ အရှိကြီးမဟုတ်ဘူး။ အန်တီက တခြားစီးပွားရေးလည်းလုပ်တော့ နွေဘက်ကျရင် ဒီအလုပ်လုပ်ခိုင်းတယ်’’ ဟု ဒေါ်ခင်ရီကပြောသည်။

မြန်မာ့ရိုးရာမီးပုံးများ ဝယ်ယူလိုပါက မည်သည့်နေရာတွင် ဝယ်ယူရမည်ကို မသိသလိုလိုအပ်သည့် အရေအတွက်ရရန် အခက်အခဲများရှိကြောင်း မကြာမီက City Mall စိန်ဂျွန်းတွင် သီတင်းကျွတ်မီးပုံးပွဲကျင်းပရန် စီစဉ်နေသည့် ကြော်ငြာကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ မြန်မာ့မီးပုံးများကို အဓိကဝယ်ယူနိုင်မည့်နေရာမှာ ဗားကရာချောက်အနီးရှိ မီးပုံးရောင်းချသည့်ဆိုင်များပင် ဖြစ်သည်။ သိမ်ကြီးဈေးအနီးဝန်းကျင်တွင် မြန်မာ့မီးပုံးများကို ဝယ်ယူနိုင်သော်လည်း ဒီဇိုင်းရွေးချယ်ရန် နှင့် လိုအပ်သည့် အရေအတွက် ရရှိရန်မှာမူ ခက်ခဲနေသည်။

သားသမီးများကို မြန်မာ့ရိုးရာ မီးပုံးများအကြောင်း သိစေလိုသောကြောင့် လာရောက်အားပေး ခြင်းဖြစ်ကြောင်း ဒေါ်ခင်ရီ၏ ဆိုင်တွင် မိသားစုလိုက်လာရောက်၍ မီးပုံးဝယ်ယူသူ အမျိုးသားတစ်ဦးကပြောသည်။

မြန်မာမီးပုံးများ၏ဈေးကွက်ကို တရုတ်မီးပုံးများလွှမ်းမိုးလာသည်မှာ ၁၀ စုနှစ်တစ်ခုခန့်ရှိပြီ ဖြစ်သော်လည်း ယခုနှစ်တွင် မြန်မာမီးပုံးများကို ပြန်လည်အားပေး မှုများရှိလာ၍ မြန်မာမီးပုံး ဈေးကွက်အတွက် ကောင်းမွန်သည့် အ လားအလာ တစ်ခုပင်ဖြစ်သည်။

သို့သော် ရုပ်ပြလှသည့် တရုတ်မီးပုံးများ၏ နေရာတွင် ပြန်လည်ရရှိရေးသည် ကုန်ကြမ်း၊ နည်းပညာ၊ လုပ်သားရရှိမှု၊ တီထွင်ဖန်တီးမှုစသည့် အကန့်အသတ်များကြောင့် စိန်ခေါ်မှုရှိနေဆဲဖြစ်သည်။