တိုင်းနှင့်ပြည်နယ်ငါးခုရှိ ဆေးဆိုင် ၁၀၀ကျော်တွင် တရားမဝင်တင်သွင်းလာသည့် ဆေးဝါးများတွေ့ရှိ

FDA တာဝန်ရှိသူများ ဆေးဆိုင်တစ်ခု၌ စစ်ဆေးနေကြစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

တိုင်းနှင့်ပြည်နယ်ငါးခုရှိ ဆေးဆိုင်များတွင် တရားမဝင်လမ်းကြောင်းမှ တင်သွင်းလာသော အထောက်အထားမဲ့ ဆေးဝါးများ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောသည်။

စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ  နိုင်ငံတကာရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများအပြင် အခြားနှီးနွှယ် ဌာနများနှင့် ပူးပေါင်းကာ တရား မဝင်ဆေးဝါး၊ စံမညီဆေးဝါးနှင့် ဆေးဝါးအတု၊ ဆေးဝါးတိုက်ဖျက် ရေးအစီအစဉ်ကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့ တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးရာ တရား မဝင်၊ မှတ်ပုံတင်မရှိဘဲ ရောင်းချ နေသော ဆေးဝါးများနှင့် သက် တမ်းလွန် ဆေးဝါးရောင်းချသည့် ဆေးဆိုင် တစ်ရာကျော်တွေ့ရှိခဲ့ပြီး အရေးယူနိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

‘‘တချို့နေရာမှာတော့ ရာ ကျော်အထိ ရှိနေတယ်။ များသော အားဖြင့်တော့ ပဋိဇီဝဆေး၊ အ ကိုက်အခဲပျောက်ဆေးတွေလည်း တွေ့တယ်။ အမည်အားဖြင့်တော့ များတယ်’’ဟု ၎င်းကရှင်းပြသည်။

အဆိုပါအစီအစဉ် (Ope-ration Pangea) သည် အပြည် ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၅၂ နိုင်ငံက ပူး ပေါင်းဆောင်ရွက်ကြသည့် တရား မဝင် ဆေးဝါးတိုက်ဖျက်ရေး အစီ အစဉ်တစ်ခုဖြစ်သည်။ မြန်မာ နိုင်ငံတွင် တရားမဝင်ဆေးဝါး တိုက်ဖျက်ရေးကို အစိုးရသစ် လက်ထက်၌ ပြီးခဲ့သည့် ၂၀၁၆ မေလ ၃၀ ရက်မှ ဇွန်လ ၇ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ယင်းအချိန်က မြန်မာနိုင်ငံတွင် တရားမဝင် ဆေးဝါး ဒေါ်လာနှစ်သိန်းဖိုး ဖမ်းဆီးရမိခဲ့သည်။

ယခုနှစ်ဆန်းမှ ဇူလိုင်အထိ ဆေးဝါးနှင့်ပတ်သက်၍ FDA က တရားစွဲထားသော အမှု ၂၅ မှုရှိ ကာ ၂၀၁၆ က အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှု ၉၉ ရှိပြီး အမှုများ၌ လိုင်စင်မရှိဘဲ ရောင်းချခြင်း၊ ဆေးဝါး မှတ်ပုံ မတင်ထားခြင်းနှင့်စပ်ဆေး များ ရောင်းချခြင်းတို့ကြောင့်တရား စွဲဆိုခဲ့ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။

  မှတ်ပုံတင်ထားခြင်းမရှိ သော ဆေးဝါးများ၊ ဘေးဥပဒ် ဖြစ်စေသော ဆေးဝါးများ၊ ဆေးဝါး အတု၊ စံမညီဆေးဝါး၊ ပျက်စီး ဆေးဝါး၊ ရောနှောဆေးဝါးများ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကသုံးစွဲရန်မသင့်ဟု ထုတ်ပြန် ထားသော ဘေးအန္တရာယ်ရှိ ဆေး ဝါးများ ဖြန့်ဖြူးရောင်းချသည်ကို တွေ့ရှိပါက ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ်ခုနစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေရမည်ဟု ၁၉၉၂ အမျိုး သားဆေးဝါးဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

Top News