တားမြစ်ထားသော ဆေးဝါး၊ အလှကုန်နှင့် အစားအသောက်များ ဈေးအတွင်းမရောင်းချရေး ဈေးတာဝန်ခံများကို အသိပေးထားဟုဆို

FDA ကရောင်းချခွင့်တားမြစ်ထားသော ဆေးဝါး၊ အလှကုန်နှင့် အစားအသောက်များကို ဈေးအတွင်း ရောင်းချမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဈေးတာဝန်ခံများထံ အသိပေးအ ကြောင်းကြားထားကြောင်း ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန ဒုဌာနမှူး ဦးစည်သူလွင်က ပြောသည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာနက ကြေညာထားသော စားသုံးရန်မသင့် အစားအသောက်များ၊ ဆေးဝါးများနှင့်အလှကုန်များကို ရောင်းချမှုမရှိစေရေး ဈေးများအတွင်းဗီနိုင်း များနှင့်ကပ်နှံကာ အသိပေးကြေ ညာထားခဲ့ပြီး နေ့စဉ်ကွင်းဆင်းစစ် ဆေးနေကြောင်း ၎င်းကဆိုသည်။

‘‘အမြင်နဲ့ကြည့်လို့ရတာတွေ စစ်ဆေးလို့ရတာတွေကိုတော့ သိမ်းဆည်းတာတွေ၊ မရောင်းချ အောင်တားမြစ်တာတွေလုပ်နေတယ်။ ဓာတ်ခွဲခန်းနဲ့တကွ သေချာစစ်ဆေးရမယ့်အရာတွေကိုတော့ နမူနာယူပြီးတော့ FDA စစ်တယ်’’ဟု၎င်းကဆိုသည်။

ဈေးအတွင်း လတ်တလော ရောင်းချခွင့်မပေးသည့် အစားအ သောက်များ၊ ဖျက်ဆီးသိမ်းဆည်း ရမည့် အစားအသောက်များစာရင်းကို မြို့တော်စည်ပင်သာယာ ရေးကော်မတီဈေးများဌာနက စု စည်းပြီး ဈေးတာဝန်ခံများထံဖြန့် ဝေကာ အသိပေးကြေညာထား ခြင်းတို့ကို ဆောင်ရွက်နေသည်။

ထိုသို့ဆောင်ရွက်နေခြင်း ကြောင့် ဈေးအချို့တွင် အမှတ်တံဆိပ်ကပ်ရောင်းချသော စားသုံးရန်မသင့်သည့် အစားအသောက် ရောင်းချမှုများလျော့နည်းခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးမှသာ သိရမည့် ဖော်မယ်လင်ပါဝင်သော မုန့်ဖတ်၊ ပဲသွေး၊ ကြက်သွေး၊ ဘဲ သွေးများသည် ဈေးအချို့၌ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

‘‘ခရိုင်မှာ တစ်ပတ်တစ်ခါ အစည်းအဝေးလုပ်တယ်။ အဲဒီလို အစည်းအဝေးလုပ်ရင် ဘယ် ပစ္စည်းတွေ၊ အစားအသောက်တွေ ကတော့ ရောင်းချဖို့မသင့်ဘူးဆိုတဲ့ စာရင်းတွေကိုပေးတယ်။ လုံးဝ ကန့်သတ်ရမယ့်ပစ္စည်းတွေကို လည်း အစည်းအဝေးဆုံးဖြတ်ချက် အတိုင်း ဈေးတွေမှာကြေညာချက် တွေထုတ်ပြန်ပါတယ်။ ဒါကြောင့် ဒီမှာတော့ ကန့်သတ်ပစ္စည်းသိပ် မရှိဘူး’’ ဟု ရွှေပြည်သာမြို့နယ် ပတ္တမြားဈေးတာဝန်ခံဦးမြင့်လွင် က ပြောသည်။

‘‘ကျွန်တော်တို့က အမှတ်တံ ဆိပ်တပ်ထားထာကိုပဲ စစ်နိုင်တယ်။ ငရုတ်တွေ၊ ဆီတွေမှာ ဘာ တွေသုံးထားလဲဆိုတာကို မသိနိုင်ဘူး။ ဆေးဝါးလည်း အဲဒီအတိုင်းပဲ။ ကျွန်တော်တို့အနေနဲ့ ထိ ရောက်အောင် မစစ်ဆေးနိုင်ဘူး။ ပူးပေါင်းအဖွဲ့တွေလာစစ်ဆေး တော့မှ အဆင်ပြေမှာပါ’’ ဟုလမ်းမတော်မြို့နယ် ညောင်ပင်လေး ဈေးတာဝန်ခံဦးဌေးဦးက ပြော ကြားသည်။

ယခင်က စားသုံးရန်မသင့် သည့် အစားအသောက်များ၊ ဆေးဝါးနှင့် အလှကုန်ရောင်းချမှု များရှိသော်လည်း နောက်ပိုင်းတွင် ဈေးတာဝန်ခံများ၏ စစ်ဆေးမှု များ၊ FDA၊ မြို့နယ်ကျန်းမာရေး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရဲ တပ်ဖွဲ့၊ စည်ပင်ကျန်းမာရေးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့များ ဖြင့် ရှောင်တခင်ဝင်ရောက်စစ် ဆေးနေမှုကြောင့် ရောင်းချမှု အနည်းငယ်လျော့ကျလာကြောင်း ဦးစည်သူလွင်က ပြောသည်။

စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ ဈေး ၁၇၈ ဈေးတွင် ကန့်သတ်ကုန်ပစ္စည်းရောင်းချမှု လျော့ကျသော်လည်း စည်ပင် ပြင်ပဈေးများနှင့် ဆင်ခြေဖုံးရပ် ကွက်များ၌ ဆက်လက်ရောင်းချ နေသေးကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)ဦးစီးဌာနမှူး ဒေါက်တာ ဖြိုးမာန်သက်ဦးက ပြောသည်။