Broadband စနစ်လေလံအောင် ရတနာပုံတယ်လီပို့စ်လိုင်စင်ကြေး မပေးသွင်းခြင်းကြောင့် စရန်ဒေါ်လာငါးသိန်းကို အစိုးရဘဏ္ဍာငွေအဖြစ် သိမ်းယူ

မြန်နှုန်းမြင့်အင်တာနက်အသုံးပြုနိုင်ရန် ဖိုက်ဘာကြိုးသွယ်တန်းမှုစနစ်ကို အသုံးပြုမှု များပြားလာသည်။ (ဓာတ်ပုံ-စိုင်းဇော်)

မြန်နှုန်းမြင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် (Broadband)၀န်ဆောင်မှု ပေးအပ်ရန် 2600 လှိုင်းနှုန်းစဉ် လေလံအောင်မြင်သည့် ရတနာပုံတယ်လီပို့စ်သည် အစိုးရထံ သတ်မှတ်ထားသည့် လှိုင်းနှုန်းစဉ်ကြေးပေးသွင်းခြင်းမ ရှိသဖြင့် စရန်ငွေဒေါ်လာငါးသိန်းကို အစိုးရက ဘဏ္ဍာငွေအဖြစ် သိမ်းယူခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား အစရှိသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များပါဝင် သော နယ်မြေ (၂) နှင့် နယ်မြေ (၃) ၌ မြန်နှုန်းမြင့် Broadband အင်တာနက် ၀န်ဆောင်မှုပေးအပ် ရန် 2600 လှိုင်းနှုန်းစဉ်ကို ရတနာ ပုံတယ်လီပို့စ်က ကန်ဒေါ်လာသန်း ၁၁၀ ပေး၍ ၂၀၁၆ အောက်တိုဘာ ၁၉ ရက်က ၀ယ်ယူခဲ့သည်။

စည်းကမ်းချက်အရ လှိုင်း နှုန်းစဉ်လိုင်စင်ကြေးတစ်ဝက်ဖြစ် သည့် ကန်ဒေါ်လာ ၅၅ သန်းကို ဒီဇင်ဘာအတွင်း ရတနာပုံတယ်လီပို့စ်က ပေးသွင်းရမည်ဖြစ်သော်လည်း အပြည့်အ၀ပေးသွင်းနိုင်ခြင်းမရှိသဖြင့် လှိုင်းနှုန်းစဉ်ကြေးပေးသွင်းရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၁၇ မတ်လကုန်သည်အထိ သတ်မှတ်ရက် တိုးမြှင့်ပေးသော်လည်း ကုမ္ပဏီအနေဖြင့် ပေးနိုင်ခြင်းမရှိခဲ့ပေ။

လေလံစနစ်ဖြင့် ရတနာပုံ တယ်လီပို့စ်ရရှိခဲ့သည့် 2600 လှိုင်း နှုန်းစဉ်နှင့် လုပ်ကိုင်ခွင့်ရနယ်မြေ ကို ဆက်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနက အခြားသောလုပ်ကိုင် နိုင်စွမ်းရှိသည့် ကုမ္ပဏီတစ်ခုခုသို့ ပြန်လည်ပေးအပ်ရန် ပြင်ဆင်နေ သော်လည်း မည်သည့်နည်းလမ်း ဖြင့် ပေးအပ်ရမည်ကို ဆုံးဖြတ် ထားခြင်းမရှိသေးကြောင်း ဦးစီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုး ဆွေက ပြောသည်။

လှိုင်းနှုန်းစဉ်လေလံတွင် ရတနာပုံတယ်လီပို့စ်ကုမ္ပဏီနှင့် Amara Communications ကုမ္ပဏီတို့ ဈေးနှုန်းပြိုင်ဆိုင်မှု ကြောင့် လှိုင်းနှုန်းစဉ် ဈေးနှုန်းမြင့် မားခဲ့ရကြောင်း ဆက်သွယ်ရေး အသိုင်းအ၀ိုင်းက ဝေဖန်ခဲ့သော်လည်း အဓိကကျသည့်အချက်သည် Broadband အင်တာနက်ဝန်ဆောင်မှုပေးအပ်သည့်အချိန် ကောက်ခံသည့်ဈေးနှုန်းကသာ အဓိကကျကြောင်း လေလံပြိုင်ပွဲ သို့ ၀င်ရောက်ခဲ့သည့် MTG ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက သုံးသပ်သည်။

2600 လှိုင်းနှုန်းစဉ်ဖြင့် Broadband အင်တာနက်ဝန် ဆောင်မှု လုပ်ကိုင်ခွင့်ရရှိခဲ့သည့် Amara Communications၊ Global Technology နှင့် Fortune International ကုမ္ပဏီတို့သည် ၂၀၁၇ အတွင်း လုပ်ငန်းစတင် မည်ဟု ခန့်မှန်းခဲ့သော်လည်း လက်တွေ့တွင် လုပ်ငန်းစတင်နိုင်ခဲ့ခြင်းမရှိပေ။