အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် ဟယ်ရီကိန်းကို အားကိုးရမည်

ဆလိုဗေးနီးယားနှင့် ယနေ့ညကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အင်္ဂလန်သည်ရုရှားသွားခွင့် လက်မှတ်ရရန်အတွက် လတ်တလောခြေစွမ်းပြနေသော တိုက်စစ်မှူး ဟယ်ရီကိန်း (၂၄) နှစ်ကို မှီခိုအားထားရမည်ဖြစ် သည်။


သြဂုတ်လအတွင်း ဂိုးမိုးခေါင်ပြီးနောက်ဟယ်ရီကိန်းသည် စက်တင်ဘာတွင် စပါးနှင့် အင်္ဂလန်အတွက် ရှစ်ပွဲကစားခဲ့ရာ ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

အုပ်စုပွဲစဉ်ပြီးဆုံးရန် နှစ်ပွဲ ကျန်နေချိန်တွင် အင်္ဂလန်သည် အိမ်ကွင်းဝင်ဘလေ၌ ကစားမည့် ဆလိုဗေးနီးယားနှင့် ပွဲသာ အနိုင်ရ ပါက ၂၀၁၈ ကမ္ဘာ့ဖလားယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။

‘‘ဟယ်ရီကိန်းဟာ ဒီလိုမျိုး ဂိုးတွေ အများကြီးသွင်းနေတာကို ဘောလုံးရာသီအများကြီးမှာ လုပ်ပြနေတာပါ။ သူဟာ ဂိုးတွေဆက် သွင်းနေပါတယ်။ ခင်ဗျားတို့အနေနဲ့ ဒါထက်တော့ပိုပြီး တောင်း ဆိုလို့မရပါဘူး။ အင်္ဂလန်လက် ရွေးစင်အင်္ကျီကို ဝတ်ပြီး ကစားနေသရွေ့ သူဂိုးတွေ ဆက်သွင်းနိုင် ပါစေ’’ဟု အင်္ဂလန်ဂိုးသမား ဂျိုး ဟတ်က ပြောသည်။

ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီကုန်ဆုံးခါနီးတွင် နိုင်ငံတကာပွဲများ ပြန်လည်ကစားနိုင် ပြီးနောက် ဟယ်ရီကိန်း၏ သွင်း ဂိုးများက နည်းပြဆောက်သ်ဂိတ် ၏ အင်္ဂလန်အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ရေး လမ်း ကြောင်းတွင် ဆက်လက်ရှိနေစေ ရန် အထောက်အကူပြုခဲ့သည်။

ဟယ်ရီကိန်းသည် စကော့ တလန်နှင့် ပွဲတွင် နောက်ကျချေပ ဂိုးသွင်းပေးခဲ့သဖြင့် အင်္ဂလန် သည် ၁၉၉၉ နောက်ပိုင်း စကော့ တလန်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းမှ လွတ်မြောက်ခဲ့သလို ပြီးခဲ့ သည့်လက မော်လ်တာက လေးဂိုး ပြတ်အနိုင်ရသောပွဲတွင် ဟယ်ရီ ကိန်းက နှစ်ဂိုးသွင်းယူခဲ့သည်။

ယခုပွဲတွင် ဟယ်ရီကိန်း၏ ကလပ်အသင်းဖော် ဒီလီအယ်လီ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင် မည်မဟုတ်သလို မန်ယူနောက်ခံ လူ ဖီးလ်ဂျုံးနှင့် မန်စီးတီးကွင်း လယ်ကစားသမား ဖာဘီယန် ဒဲ့လ်ပ်တို့သည် ဒဏ်ရာကြောင့် လူစာရင်းမှ နုတ်ထွက်သွားသည်။

အင်္ဂလန်သည် အုပ်စုနောက် ဆုံးပွဲအဖြစ် လစ်သူယေးနီးယား နှင့် ကစားရမည်ဖြစ်သည်။

AFP