မြန်မာမှု ဒီဇိုင်းသုတေသီ ဦးအေးမြင့်

မကွယ်လွန်မီက တွေ့ရသော ဦးအေးမြင့် (ဓာတ်ပုံ − Soe Win Nyein)

မြန်မာမှု ဒီဇိုင်းသုတေသီ ဆရာကြီး ဦးအေးမြင့်သည် ၂၀၁၇အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွား ခဲ့ရ၏။ အမရပူရမြို့ ဆင်စွယ်ပွတ် ရပ် ပန်းပဲတန်းရပ်ကွက် နေအိမ် မှာ ကွယ်လွန်သွားခဲ့ရှာသည်။

ကျွန်တော် ထိခိုက်ကြေကွဲရ သည်။


ကျွန်တော်သည် ရန်ကုန်မြို့ သို့ မပြောင်းရွှေ့မီ သုံးနှစ်အတွင်း မှာ ဆရာကြီး ဦးအေးမြင့်နှင့် နေ့ စဉ်နေ့တိုင်း ထိတွေ့ရ၏။ တစ်နေ့ တည်း နှစ်ကြိမ်တွေ့သည့် ရက် များလည်း ရှိ၏။

ကျွန်တော်တို့ နှစ်ယောက်အ တူတူ လက်ဖက်ရည်သောက်ကြ ၏။ ပထမတော့ ဆရာ့အိမ်နှင့် နီးသော၊ မဟာဂန္ဓာရုံနှင့်နီးသော လက်ဖက်ရည်ဆိုင်များတွင် အတူ တူထိုင်ကြသည်။ နောက်တော့ ကျွန်တော့်ဆိုင်ကယ်၏ နောက်မှာ ဆရာဦးအေးမြင့်ကို တင်သည်။မြို့၏ အစွန်အဖျား၊ မြို့၏ အပြင် ဘက် လက်ဖက်ရည်ဆိုင်များသို့ လှည့်လည်သောက်ကြ၏။

တစ်ခါတစ်ရံ ကျွန်တော် သည် ဆရာ့ကို ဆိုင်ကယ်နောက် မှာတင်လျက် မည်သည့်နေရာသို့ ဦးတည်မည်ဟု ကျွန်တော်က မပြော။

‘‘ဆရာ ကျွန်တော့်ခါးကို မြဲမြဲဖက်ထားနော်’’

ကျွန်တော်သည် ဆရာ့ကို တင်လျက် ရတနာပုံတက္ကသိုလ် ဘက်သို့ မောင်းသွား၏။ တောင် သမန်ကျေးရွာကြီးထဲသို့ ကျွန် တော်ဝင်သည်။ ကျောက်တော် ကြီးဘုရား၏ ပရိဝုဏ်ထဲသို့ ရောက်သွား၏။

‘‘အလို... ကျောက်တော်ကြီး ဘုရားပါလား။ ကျေးဇူးတင်လိုက် တာ။ ကိုယ့်ဟာကိုယ်ဆိုရင် ကျောက်တော်ကြီးကို လာဖူးဖို့ မလွယ်ဘူး’’

ဆရာက ရွှင်လန်းသော အသံဖြင့် ပြော၏။

‘‘ပုဂံမင်းတည်ခဲ့တာဗျ။ ပုဂံ မင်းက အရက်သောက်တယ်၊ ထန်းရည်သောက်တယ်၊ ကြက် တိုက်တယ်။ တစ်နေကုန် မူးချင် မူးနေတတ်တာ။ ဘုရားကိုတော့ ကောင်းကောင်းတည်တယ်ဗျ’’

ဆရာဦးအေးမြင့်က ပြော သည်။

 ‘‘ပုဂံဘုရားတွေလိုပဲ။ ကျောက်တော်ကြီးဘုရားက ဗိသုကာလက်ရာ အလွန်မြောက် တယ်။ စေတီတည်ထားပုံက လည်း ကျက်သရေရှိပြီး တင့် တယ်တယ်။ ပါစပက်တစ်က လည်း အလွန်မှန်တယ်။ တိကျ တယ်။ ရှေးဟောင်းစေတီတော် တွေဟာ အဝေးကမြင်ရာမှာဖြစ် ဖြစ်၊ အနီးက ဖူးရာမှာဖြစ်ဖြစ် အလွန်ပြေပြစ်တင့်တယ်တာဗျ။  ကြည်ညိုစိတ်၊ သဒ္ဓါစိတ်ကို ပွား စေတယ်။ ဒီဘက်ခေတ်မှာ ရှေး စေတီရဲ့ရှေ့မှာ တန်ဆောင်းအ သစ်ဆောက်တာ၊ အရန်ဘုရား စေတီတည်တာဟာ မလုပ်သင့် ဘူး။ မူရင်းရဲ့ တင့်တယ်မှုကို ကွယ်သွားတာပေါ့ဗျာ။ ဒီကျောက်တော်ကြီးဘုရားမှာ နံရံပန်းချီတွေက လည်း သိပ်လက်ရာကောင်းတာ။ ဦးနေဝင်းက သူ့လက်ထက်မှာ ဒီကျောက်တော်ကြီးဘုရားကို မကြာမကြာလာဖူးတယ်။ သူ့ရည်ရွယ်ချက်က ဘာလဲတော့ မသိ ဘူး’’

ရှေးဟောင်းစေတီပုထိုးတို့ ၏ ဗိသုကာလက်ရာအရသာ၊ ဗိသုကာပညာရှင်တို့၏ အတွေး အခေါ်ဉာဏ်ပညာကြီးမားပုံကို ဆရာနှင့်တွေ့တော့မှ ကျွန်တော် အနည်းအကျဉ်းခံစားတတ်လာခဲ့ ပါ၏။ 

ဆရာနှင့် ကျွန်တော် နေ့စဉ် တွေ့ဆုံဖန်များလာသည်။

‘‘ဆရာ့ Profile ကို ကျွန် တော်ရေးမယ်။ ‘ပေါက်ပေါက် မြောက်မြောက်’ဆိုတဲ့ ကျွန်တော့် စာအုပ်ထဲမှာ ထည့်မယ်’’

ကျွန်တော်က ပူဆာသည်။

‘‘ရေးလို့ ရပါတယ်။ ဘဝရဲ့ အပိုင်းအစတွေကိုလည်း နေ့တိုင်း နေ့တိုင်း လက်ဖက်ရည်ဆိုင်မှာ ပြောပြနေတာပဲ မဟုတ်လား။ ရေးလို့ရတယ်။ အချက်အလက်တော့ မှန်ဖို့လိုတယ်။ ကိုယ့်လူငယ်ဘဝ က ချစ်ရေးချစ်ရာတွေကအစ မောင့်ရင်ကို အကုန်ပြောပြထား တာပဲ မဟုတ်လား။ အဲဒါတွေက မောင့်ကို ချစ်ခင်လွန်း၊ ရင်းနှီးလွန်းလို့ ပြောပြတာ၊ ထည့်မရေးရဘူး နော်’’

ဆရာဦးအေးမြင့်နှင့် နေထိုင်ရသည်မှာ ကျွန်တော့်အဖို့ အလွန် ပျော်ရွှင်ဖွယ်ရာ ကောင်းခဲ့ပါ သည်။ ဆရာက ပညာရပ်တစ်ခုခု ကို စနစ်တကျ ချဉ်းကပ်လေ့လာ တတ်၏။ တကယ့်အရေးပါသော နေရာများတွင် ကျင်လည်ခဲ့သည့် အတွက် ဆရာ့မှာ အတွေ့အကြုံ တွေက များလွန်းလှ၏။ ကျွန် တော့်မှာ ဗဟုသုတနေ့စဉ်တိုးပွား ရသည်။

ဆရာဦးအေးမြင့်၏ Profile ပါဝင်သော ပေါက်ပေါက်မြောက် မြောက်ကို ၂၀၁၇ မှာ The Key က ထုတ်ဝေခဲ့၏။ ဆရာ့ကို ကျွန် တော်က တစ်ထိုင်တည်း အင်တာ ဗျူးခဲ့ခြင်းမဟုတ်ပါ။ သုံးနှစ်သုံးမိုး ဆရာနှင့် ကျွန်တော်အတူ နေထိုင် ခဲ့ခြင်းဖြစ်ပါသည်။ ပေါက်ပေါက် မြောက်မြောက် စာအုပ်ထွက်ချိန် မှာတော့ ကျွန်တော်က ရန်ကုန် မှာ။ ဆရာဦးအေးမြင့်က အမရ ပူရမှာ။ ထိုစာအုပ်ကို မန္တလေး ဈေးချိုတော် ချယ်ရီထွန်းအထည် ဆိုင်မှ ကိုထွန်းက ဆရာ့အိမ်သို့ အရောက်ပေးပို့ခဲ့သည်။ ဆရာ ဦးအေးမြင့်သည် ပေါက်ပေါက် မြောက်မြောက်ကို လက်ကမချဘဲ ကျေနပ်ပျော်ရွှင်နေသည်ဟု ဆရာ့ကို ဘေးမှာထား၍ ကိုထွန်းက ကျွန်တော့်ထံ ဖုန်းဆက်သည်။ ဆရာနှင့် ကျွန်တော်ဖုန်းထဲမှ စကားပြောကြည့်၏။ ကျွန်တော် ပြောသမျှကို ဆရာက မကြားပါ။ ထို့ကြောင့် အဆင်မပြေပါ။

ဆရာဦးအေးမြင့်သည် ရန် ကုန်မြို့မှာ အလွန့်အလွန် အောင် မြင်နေချိန်တွင် ရန်ကုန်ကို စွန့်ခွာ ခဲ့၏။ အမရပူရမှာ မြေကွက်ဝယ် ကာ အိမ်ဆောက်၏။ တောင် သမန်အင်းစောင်းမှာ ဖြစ်သည်။ မဟာဂန္ဓာရုံ ကျောင်းတိုက်နှင့် အုတ်တံတိုင်းသာ ခြားထား၏။

‘‘ဆရာ ဒီနေရာလေးကို ဘာပြုလို့ ရွေးချယ်ခဲ့တာလဲ ဆရာ’’

‘‘မဟာဂန္ဓာရုံဘုန်းတော်ကြီး ကျောင်းတိုက်နဲ့ ကပ်ကပ်က လေး။ နောက် တောင်သမန်အင်း စောင်း၊ လေကောင်းလေသန့်ရ တယ်။ နောက် ကျွန်တော်အသက် ကြီးပြီမဟုတ်လား။ အသက်ကြီး တော့ သေဖို့က နီးပြီမဟုတ်လား။ ကျွန်တော့် အိမ်နဲ့ သင်္ချိုင်းနဲ့က နီး နီးလေးရယ်လေ။ ကျွန်တော်သေ ရင် ကျွန်တော့်အသုဘကို လိုက်ပို့ တဲ့လူတွေမှာ သက်သာတယ် လေ။ ခြေလှမ်းအနည်းငယ် လှမ်း ရုံနဲ့ သင်္ချိုင်းကို ရောက်သွားပြီ လေ။ ဒါကြောင့် ဒီနေရာကို ကျွန် တော် ရွေးချယ်တာ’’

ဆရာဦးအေးမြင့်သည် အ လွန်ယဉ်ကျေးသည်။ အလွန်နှိမ့် ချသည်။ သူ့ထက် မည်မျှပင်ငယ် ငယ် ကျွန်တော်နှင့် ခင်ဗျားနှင့် သုံးနှုန်းတတ်၏။ 

ဆရာ့အိမ်နှင့် နီးသော သုသာန်သင်္ချိုင်းမှာမူ ယခုမရှိ တော့ပါ။ ဆရာ ဖြစ်စေချင်တာ တစ်ခုတော့ မဖြစ်တော့ပါ။

‘‘ဆရာ ရန်ကုန်မှာ အကြီး အကျယ် အောင်မြင်နေတာကို ဘာလို့ ဒီမြို့ကလေးကို ပြောင်း ရွှေ့အခြေချခဲ့ရတာလဲဆရာ’’

‘‘အစိုးရတို့ ဘာတို့က မြှောက်စားတာ မခံချင်တော့လို့ ပေါ့ဗျာ။ အစိုးရနဲ့ ဝေးတဲ့နေရာမှာ ကိုယ့်ဘဝလေးနဲ့ကိုယ် အေးအေး ဆေးဆေးနေချင်လို့ပါဗျ။ ပိုက်ဆံ တွေ ဘာတွေလည်း ကျွန်တော် မရချင်တော့ပါဘူး။ ကိုယ်ပျော်တဲ့ ရှေးဟောင်းသုတေသန အလုပ် လေးတွေ၊ မြန်မာမှု ဒီဇိုင်းလေ့လာ ချက်တွေပဲ လုပ်မယ်ဗျာ။ စာတစ် စောင်ပေတစ်ဖွဲ့လည်း အဲဒါနဲ့ ပတ်သက်ပြီး ပြုစုခဲ့ချင်ပါတယ်။ နောင်လာနောက်သားအတွက် ထားခဲ့ချင်ပါတယ်။ အဲဒါနဲ့ အမြန် ဆုံးဖြတ်၊ အမြန်ပြောင်းရွှေ့လာ တာ အမရပူရဟာ ကျွန်တော် ခေါင်းချမယ့် မြို့ဗျ’’

ဆရာဦးအေးမြင့်က ပြောပြ သည်။ ဆရာဦးအေးမြင့်၏ လော ကီမဆန်ပုံ၊ အလိုရမ္မက်နည်းပုံ၊ အေးချမ်းသောဘဝကို ရွေးချယ်ခဲ့ ပုံများမှာ ကျွန်တော်အလွန်လေး စားမိသည်။ ဆရာကြီးဦးအေးမြင့် သည် ရန်ကုန်မြို့ရှိ စွယ်တော် မြတ်စေတီကြီးတစ်ဆူလုံးကို ပုံစံ ထုတ်ပေးခဲ့ရ၏။ 

စွယ်တော်မြတ်စေတီ တည် ဆောက်စဉ်ကလည်း မြန်မာမှု မွမ်း ထုံအောင် မြန်မာမှု ဒီဇိုင်းဆိုင်ရာတာဝန်ခံအဖြစ် ကြီးကြပ်ပေးခဲ့ရ သည်။ စေတီပြီးသည်အထိ။

ရန်ကုန်မြို့ ကမ္ဘာအေးစေတီ နှင့် ကမ္ဘာအေးလိုဏ်ဂူအကြား ဓမ္မသဘင်အဆောက်အအုံ တည် ဆောက်ရာတွင် ဆရာက အတွင်း အပြင် မြန်မာမှုဆိုင်ရာ တာဝန်ယူ ခဲ့ရ၏။

ရန်ကုန်မြို့ ရွှေတိဂုံစေတီ တောင်ဘက်စောင်းတန်း ပြန် လည်မွမ်းမံပြင်ဆင်ရာတွင် ဆရာ

ဦးအေးမြင့်က အစအဆုံး ကြီးကြပ်တာဝန်ယူခဲ့ရ၏။ တစ်နှစ်မျှ ကြာမြင့်ခဲ့သည်။ တပ်မတော်ဓမ္မာရုံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဓမ္မာရုံ၊ ဆက်သွယ်ရေးဓမ္မာရုံ၊ သစ်လုပ်ငန်းဓမ္မာရုံ တည်ဆောက်ရေးတွင် မြန်မာမှုပီသရန် ဆရာက တာဝန်ယူကြီးကြပ် ပေးခဲ့ရ၏။

‘‘စွယ်တော်မြတ်စေတီတုန်း က ကျွန်တော်က ပုံစံထုတ်၊ တမ္ပ ဝတီ ကိုဝင်းမောင်က တည် ဆောက်ပေါ့ဗျာ။ နှစ်ယောက် ခေါင်းနဲ့ မြန်မာမှု ပီသအောင် လုပ်ခဲ့ကြတာပေါ့ဗျာ။ ခြင်္သေ့က များတယ်။ အားလုံးပြီးသွားတယ်။ လက်ရာလည်း ရှေးဟောင်းစံနဲ့ ညီညွတ်တယ်။ အဲဒါဗျာ ပြီးခါမှ ခြင်္သေ့တွေက ခေါင်းသေးလို့တဲ့။ အားလုံး အင်္ဂတေတွေ ဖြိုဖျက်ရ တယ်။ ရှေးဟောင်းကို ခင်ဗျားတို့ တင် သိတာမဟုတ်ဘူး။ ကျွန် တော်လည်း သိတာပဲဆိုပြီးတော့ ပြောတာဗျ။ ဖြိုဖျက်ပစ်ရတာစိတ်မကောင်းဘူးဗျာ’’

ဆရာ ရန်ကုန်မှာ မနေချင် တာ ထိုအရာများလည်း ပါဝင်ပါ လိမ့်မည်။

‘‘ဝါဇီရောက်သွားတာ ဒီလို ဗျ။ ကျွန်တော်က ဆောင်းဒါးမှာ အလုပ်လုပ်နေတုန်း ဂျပန်မှာ ကုန်စည်ပြပွဲ တာဝန်ခံလုပ်ရ တယ်။ လတွေအကြာကြီး။ အဲဒီ မှာနေတုန်း ဦးနေဝင်းက အင်္ဂလန် ကနေ ကျွန်တော့်ကို လှမ်းခေါ် တာ။ ငွေစက္ကူဒီဇိုင်းတွေ ရေးရ မယ်လေ။ အဲဒါနဲ့ ဂျာမနီက ရွာလေးတစ်ရွာရဲ့ တိုက်ကလေးထဲ မှာ စစ်ဘက်က အရာရှိတွေနဲ့အတူ ကျွန်တော်က ငွေစက္ကူအ တွက် မြန်မာမှုဆိုင်ရာ ဒီဇိုင်းရေးရတယ်။ ဦးနေဝင်းက ကြိုက်သွား တယ်။ အဲဒီလိုနဲ့ ဝါဇီမှာ ကျွန်တော် ဒီဇိုင်းဆိုင်ရာအရာရှိ ဖြစ် တယ်။

‘‘အဲဒီမှာ စစ်ဗိုလ်များနဲ့တော့ ကျွန်တော်က ကလပ်မှာ၊ ဘားမှာ အရက်မသောက်တတ်ဘူး။ သီး ခြားဆန်ဆန်နေတယ်။ ကျွန်တော်ဖတ်တာက လမ်းစဉ်ပါတီထုတ် တဲ့ လူနှင့် လူ့ပတ်ဝန်းကျင်၏ အညမညသဘောတရား စာအုပ်အပြာ လေးကိုပဲ စွဲစွဲမြဲမြဲဖတ်တာ။ အဲဒါ ဗျာ ကွန်မြူနစ်စာအုပ်တွေကို လေ့လာပါတယ်ဆိုပြီး စွဲချက်တင်ခံရ တယ်။ ဝါဇီကနေ အလုပ်ပြုတ်၊ ဘဝပျက်ပေါ့ဗျာ။ ရုပ်ရှင်မင်းသား ဦးထွန်းဝေ ကျေးဇူးနဲ့ ရန်ကင်းရုပ် ရှင်တိုက်ခန်း ၃၇ လမ်းမှာ အခန်း လေး သုံးခွင့်ရတယ်။ ရတနာမွန် အဖုံးတွေ ရေးတယ်။ နောက် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာ ဌာန ဆိုင်ရာ မြန်မာမှုလုပ်ငန်းတွေ ပြန် လုပ်ခွင့်ရတယ်။ နောက် ရန်ကုန် ကို စွန့်ခွာခဲ့တယ်။ အမရပူရမှာ အခြေချဖြစ်တယ်’’ 

ဆရာဦးအေးမြင့်၏ ပြောပြ ချက်အချို့ဖြစ်ပါသည်။ ဆရာ ကောင်းရာသုဂတိသို့ လားပါစေ။