လက်စ်ဗီးဂက်စ် ပစ်ခတ်မှုနှင့် ပတ်သက်၍ လုံးဝ ကြိုမသိခဲ့ဟု တရားခံ၏ ချစ်သူ ထွက်ဆို

လက်စ်ဗီးဂက်စ် ပစ်ခတ်မှုမှ သေနတ်သမား၏ ချစ်သူမှာ ထိုကိစ္စနှင့် ပတ်သက်၍ လုံးဝ မသိရှိခဲ့ဟု ထွက်ဆိုခဲ့သည်။

မာရီလူ ဒန်လေသည် လက်စ်ဗီးဂက်စ်မြို့၊ မန္တလေးဘေး (Mandalay Bay) ဟိုတယ်၏ ၃၂ ထပ်မှနေ၍ ဂီတပွဲတော် တစ်ခုကို စတီဖန် ပက်ဒေါ့က စက်သေနတ်ဖြင့် လှမ်းပစ်နေချိန်တွင် အာရှတိုက်သို့ အလည်အပတ် ရောက်ရှိနေသည်။ အခင်းဖြစ်သည့် သတင်းကို ကြားသိပြီးနောက် ဒန်လေသည် ဖိလစ်ပိုင်မှတဆင့် အမေရိကန်သို့ ချက်ချင်း ပြန်လာကာ အာဏာပိုင်များ၏ စစ်ဆေးမှုတွင် လာရောက် ပူးပေါင်းခဲ့သည်။

ဒန်လေက ပက်ဒေါ့၏ အကြံအစည်ကို စိုးစဉ်းမျှ မရိပ်မိခဲ့ကြောင်း၊ သူမ၏ အတူနေ ချစ်သူသည် လျှို့ဝှက်လွန်းသူ တစ်ဦးဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ပက်ဒေါ့၏ ပစ်ခတ်မှုကြောင့် လူ ၅၈ ဦး သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရကာ ၎င်းကိုယ်တိုင်လည်း လုံခြုံရေးများ၏ ပစ်ခတ် သုတ်သင်ခြင်းကို ခံခဲ့ရသည်။

လက်စ်ဗီးဂက်စ် ရဲတပ်ဖွဲ့က အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မထုတ်ပြန်သေးသော်လည်း ပက်ဒေါ့သည် ၎င်း၏ လွတ်မြောက်လမ်းအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်ကို ထောက်လှမ်း တွေ့ရှိရကြောင်း မှတ်ချက်ပေးခဲ့သည်။ သို့သော် ပက်ဒေါ့၏ အကြံအစည်မှာ မအောင်မြင်ခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

ပက်ဒေါ့ သေဆုံးပြီးနောက် ၎င်း၏ နေအိမ်၊ ကားနှင့် ဟိုတယ်ခန်း အတွင်းမှ သေနက်အလက် ၄၀ ကျော်၊ ကျည်ဆန် အမြောက်အမြားနှင့် ဖောက်ခွဲရေး ပစ္စည်းများကိုပါ ထပ်မံ ရှာတွေ့ခဲ့သည်။ ပက်ဒေါ့သည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု မရှိခဲ့ဘဲ အဘယ်ကြောင့် ယခုလုပ်ရပ်ကို ကျူးလွန်ခြင်း ဖြစ်သည်ကို အဖြေရှာမတွေ့သေးဟု ဆိုသည်။

“ကျွန်တော်တို့ အခုထိ သူ့ရည်ရွယ်ချက်နဲ့ အကြောင်းရင်းကို ရှာမတွေ့သေးဘူး”ဟု လက်စ်ဗီးဂက်စ် ရဲတပ်ဖွဲ့မှ ဂျိုး လွမ်ဘာဒိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒန်လေသည် FBI ထောက်လှမ်းရေး အရာရှိများနှင့် အောက်တိုဘာ ၄ ရက်က တွေ့ဆုံခဲ့ပြီးနောက် ပက်ဒေါ့၏ အမှုအကြောင်း လုံးဝ မသိခဲ့ကြောင်း၊ သတင်းကြားရချိန်တွင် အလွန်အမင်း တုန်လှုပ် အံ့ဩမိကြောင်း ထွက်ဆိုခဲ့သည်။

“သူက သူဘာလုပ်နေတယ် ဆိုတာမျိုး ကျွန်မကို ဘယ်တော့မှ အသိပေးလေ့ မရှိဘူး။ ကျွန်မ တစ်ခုခု အမှားအယွင်း လုပ်မိလို့လည်း အရေးယူ တုံ့ပြန်တာ မရှိဘူး”ဟု ဒန်လေက ဆိုသည်။ ထိုစရိုက်သဘာဝသည် ယခုဖြစ်ရပ်အတွက် ကြိုတင် သတိပေးမှုတစ်ခု ဖြစ်ခဲ့မည်ဟု မယုံနိုင်ကြောင်းလည်း ဒန်လေက ဖွင့်ဟခဲ့သည်။

အမေရိကန် အာဏာပိုင်များက ဒန်လေသည် ပစ်ခတ်မှုနှင့် ဆက်စပ်၍ စိတ်ဝင်စားစရာ လူပုဂ္ဂိုလ် တစ်ဦးအဖြစ် ယူဆသောကြောင့် သူမကို အမြန်ဆုံး ဆက်သွယ်ရန် ကြိုးစားခဲ့ခြင်းဟု ပြောကြားခဲ့သည်။ သို့သော် ဒန်လေကို သံသယရှိသူ စာရင်းတွင် ထည့်သွင်းထားခြင်းမျိုး မဟုတ်ချေ။

ဒန်လေက သူမသည် ပက်ဒေါ့အပေါ် သံယောဇဉ်ရှိပြီး တစ်နေ့နေ့တွင် လက်ထပ်ဖြစ်ရန် မျှော်လင့်ထားကြောင်းလည်း ဝန်ခံခဲ့သည်။ ပြီးခဲ့သည့် နှစ်ပတ်ကမူ မိသားစုထံ အလည်အပတ် သွားရောက်ရန်အတွက် ဘတ်ဂျတ်လက်မှတ် စီစဉ်ပေးထားကြောင်း ပက်ဒေါ့က ထုတ်ပြောလာရာ ဒန်လေကိုယ်တိုင် အံ့ဩတကြီး ဖြစ်ခဲ့သည်။

ထို့အတွက် ကျေးဇူးတင်မိသော်လည်း တစ်ချိန်တည်းတွင် ပက်ဒေါ့က သူမအပေါ် စိတ်ကုန်လာ၍ မိသားစုထံ ပြန်ခိုင်းစေခြင်းမျိုး ဖြစ်မည်ကိုလည်း တွေးပူခဲ့မိကြောင်း ဒန်လေက ဝန်ခံသည်။ “ဒါပေမဲ့ တခြားအတွေးတော့ မဝင်မိပါဘူး။ သူဟာ တခြားသူတွေ ထိခိုက်နစ်နာအောင် လုပ်လာလိမ့်မယ် ဆိုတာမျိုး လုံးဝကို မစဉ်းစားခဲ့မိတာပါ”ဟုလည်း သူမက ထွက်ဆိုသည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် လက်စ်ဗီးဂက်စ်သို့ အောက်တိုဘာ ၄ ရက်က ရောက်ရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု တစ်ခုလုံး အထူးတလည် ကြေကွဲ ဝမ်းနည်းနေကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။ ထရမ့်က အရေးပေါ် အခြေအနေ တစ်ရပ်တွင် လူ့အသက်ပေါင်း များစွာကို ရနိုင်သမျှ ကယ်ဆယ်ရန် အားထုတ်ခဲ့သည့် တာဝန်ရှိသူများ၊ ဝန်ထမ်းများကိုလည်း ချီးကျူးစကား ဆိုခဲ့သည်။

လက်စ်ဗီးဂက်စ် ပစ်ခတ်မှုသည် ခေတ်သစ် အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး လူစုလူဝေးလိုက် ပစ်ခတ် သတ်ဖြတ်ခံရမှု တစ်ခုလည်း ဖြစ်လာကြောင်း အမေရိကန် အာဏာပိုင်များက ဝန်ခံ ပြောကြားခဲ့သည်။

Ref: Reuters