နိုက်ဂျားတွင် စစ်သွေးကြွများ ခြုံခို တိုက်ခိုက်မှုကြောင့် အမေရိကန် အထူးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

စစ်သွေးကြွများ၏ ခြုံခို တိုက်ခိုက်မှုကြောင့် နိုက်ဂျားနိုင်ငံတွင် အမေရိကန် အထူးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မာလီနှင့် နိုက်ဂျား နယ်စပ်အနီးတွင် နိုက်ဂျီးရီးယားနှင့် အမေရိကန် အထူးတပ်ဖွဲ့များ ပူးပေါင်းပြီး ကင်းလှည့်နေစဉ် တိုက်ခိုက်မှု ကြုံခဲ့ရခြင်း ဖြစ်သည်။ ယခုသီတင်းပတ် ဖြစ်စဉ်တွင် အမေရိကန် တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဘက်က ကြေညာသည်။

ဒဏ်ရာရထားသည့် စစ်သည် နှစ်ဦးကို နိုက်ဂျားနိုင်ငံ၏ မြို့တော် နိုင်မေသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ဂျာမနီသို့ ဆက်လက် လွှဲပြောင်းပေးမည် ဖြစ်သည်။ အဆိုပါ ဒဏ်ရာရ စစ်သည်များ၏ အခြေအနေမှာ တည်ငြိမ်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။

အမေရိကန် စစ်တပ်က အထူးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့သော်လည်း မည်သည့် စစ်သွေးကြွ အဖွဲ့၏ လက်ချက်ဆိုသည်ကို ဆန်းစစ်နေဆဲဟု ဆိုသည်။ ယင်းဧရိယာတွင် ဘိုကိုဟာရမ်နှင့် အယ်လ်ကိုင်ဒါ အဆက်အနွှယ် အကြမ်းဖက် အဖွဲ့များ လှုပ်ရှားလျက် ရှိသည်။

ခြုံခိုတိုက်ခိုက် ခံရသည့် အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည် ဒေသခံ စစ်တပ်များကို လေ့ကျင့်ရေးနှင့် စစ်ဘက် အကြံပေးမှုများ ကူညီပို့ချရန် ရောက်ရှိနေခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် အစိုးရအဖွဲ့ ဝန်ထမ်းရေးရာဌာန အကြီးအကဲ ဂျွန်ကယ်လီက အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အစီရင်ခံမှုကို စစ်ဆေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရက်ပိုင်းအတွင်း အမေရိကန် စစ်တပ်သည် အာဖရိကတွင် သတင်းဆိုးနှစ်ခု ရှေ့ဆင့်နောက်ဆင့် ကြားလာရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အမေရိကန်၏ လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ် တစ်စီးသည် ယီမင်တွင် ကင်းထောက် ပျံသန်းနေစဉ် ဟိုသူ သူပုန်များ၏ လက်ချက်ဖြင့် ပျက်ကျခဲ့သည်။

Ref: CNN