-->

ပုဂံရွှေဆံတော်ဘုရားဝင်ကြေးကောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်

နေဝင်ချိန်ရှုခင်းကြည့်ရာ ရွှေဆံတော်ဘုရားကို ဖူးတွေ့ရစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

 ပုဂံဒေသတွင် နေ၀င်ချိန် ကြည့်ရှုရန် ရွှေဆံတော်ဘုရားပေါ်သို့ တက်ရောက်သူများထံမှ ၀င်ကြေးကောက်ခံမည့်အပေါ် ဒေသခံများက ကန့်ကွက်နေသည်။

ရွှေဆံတော်ဘုရား ရေရှည် တည်တံ့စေရန် ဘုရားပေါ်တက် သူများအား ကန့်သတ်သည့်အနေ ဖြင့် အောက်တိုဘာ ၁၅ ရက်ကစ၍ ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ကျပ်၂၀၀ နှင့် နိုင်ငံခြားသားဧည့်သည်တစ်ဦးလျှင် ကျပ် ၂,၀၀၀ ကောက်ခံရန် ညောင်ဦးခရိုင်  အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့တို့က  စီစဉ်နေကြောင်း ပုဂံဒေသခံများက ပြောသည်။


‘‘ရခိုင်အရေးကြောင့် ခရီး သွားတွေ ကျဆင်းနေတဲ့အချိန်မှာ ဒီလိုမျိုး ကောက်မယ်ဆိုတော့ မ ဟုတ်သေးဘူးပေါ့။ သူတို့က ဒီလ ၁၅ ရက်မှာ စပြီးကောက်မယ်ပေါ့။ အတည်ပြုပြီးမှ လာပြီးဆွေးနွေး တော့ အန်ကယ်တို့ကလည်း ဘာ ပြောရမှန်းမသိဘူး။ သူတို့တော့ ပြန်စိစစ်မယ်လို့တော့ ပြော တယ်’’ဟု ပုဂံဒေသဟိုတယ်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။

ပုဂံဒေသသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီး သွားများအား ပုဂံဇုန်ဝင်ကြေးအ ဖြစ် ၂၅,၀၀၀ ကျပ် ကောက်ခံနေ မှုသည် ပုဂံဒေသတစ်ခုလုံးအ တွက် လည်ပတ်ရန် ပါဝင်ကြောင်း ပုဂံဒေသခံ ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောသည်။

‘‘ပြည်တွင်း ဧည့်သည်တွေ အနေနဲ့လည်း ကိုယ့်ဘုရားကိုယ် လာတဲ့အခါ ဘာလို့ ပိုက်ဆံပေး နေရမှာလဲ။ ပြတိုက်မှ မဟုတ်ဘဲနဲ့ လေ။ ပိုက်ဆံပေးရမယ်ဆိုတော့ သဘာဝမကျဘူးပေါ့’’ဟု ဦးဇော် ၀င်းချိုက ပြောသည်။

ရွှေဆံတော်ဘုရားပေါ်တက်ရောက်သူများကို ၀င်ကြေးကောက်ခံရန် စီစဉ်နေမှုနှင့် ပတ်သက်ပြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

‘‘ဒီကိစ္စက ကျွန်တော်တို့လုပ် တာမဟုတ်ဘူး။ ငွေကောက်တယ် ဆိုတာက ကောက်ခံတဲ့ ရည်ရွယ် ချက်အပေါ်ပဲ မူတည်တယ်’’ဟု ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်အောင် ကျော်က ပြောသည်။

          မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ရွှေဆံတော်ဘုရားတွင် ၀င်ကြေးထပ်မံ ကောက်ခံမည့်ကိစ္စအပေါ် ကန့်ကွက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ စာပို့တင်ပြထားသည်။

လက်ရှိတွင် ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွားတစ်ရက် လျှင် ၃၀၀ ခန့် လာရောက်လည် ပတ်နေပြီး ရွှေဆံတော်ဘုရားပေါ် သို့ လူဦးရေ ၃၀၀ ခန့် တက်ရောက်၍ နေ၀င်ချိန်ကြည့်ရှုနေကြသည်။ သို့ သော် ခရီးသွားရာသီဖြစ်ပါက ရွှေ ဆံတော်ဘုရားပေါ်သို့ တစ်ရက်လျှင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ကာ နေ၀င်ချိန်ကြည့်ရှုလေ့ ရှိသည်။

ပုဂံတွင် ဘုရားပေါ်တက်၍ နေ၀င်ချိန်ကြည့်ရှုနိုင်သော စေတီ များသည် ရွှေဆံတော်အပြင် ပြာသာဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီနှင့် သစ္စာဝတီစသည့် စေတီပုထိုးများရှိပြီး ၂၀၁၆ သြဂုတ်လကုန်ပိုင်းက ငလျင်ဒဏ်ခံရ၍ မူလက ခေတ္တပိတ်ထား ကာ လက်ရှိတွင် ပြန်ဖွင့်ပေးထားသည်။

 အဆိုပါ စေတီများအနက် ရွှေဆံတော် စေတီတစ်ဆူသာ ဧည့်သည်များကို ၀င်ကြေး ကောက်ခံရန် စီစဉ်ခြင်းဖြစ်သည်။

ထို့အပြင် နေ၀င်ချိန်ကြည့်ရှု ရန် ခေမင်္ဂအုတ်ကျောင်း၊ ရွှေနန်း ရင်တော်၊ အိုးဖုတ်ကုန်း၊ အိုးထိန် တောင်၊ ထီးလိုမင်းလိုအုတ် ကျောင်း စသည့် စေတီပုထိုးများ ပေါ်သို့လည်း တက်ရောက်၍ နေ ၀င်ချိန်ကြည့်ရှုနိုင်သည်။

Top News