ထိုင်းသို့ MoU စနစ်ဖြင့်သွားရောက်သော မြန်မာလုပ်သား ငါးရာခန့် အလုပ်မရဘဲသောင်တင်နေ

ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ရန် နှစ်နိုင်ငံသဘောတူ စာချုပ် (MoU) ဖြင့် သွားရောက် သော မြန်မာလုပ်သား ၅၀၀ ခန့်သည် တစ်လကြာသည်အထိ အ လုပ်မရဘဲ သောင်တင်နေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများ အရေး ကူညီပေးနေသည့် မြန်မာ အဖွဲ့အစည်းများက ပြောသည်။

ထိုင်းသို့ သွားရောက်အလုပ် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ရှာဖွေရေးအေဂျင်စီများက MoU စာချုပ်ဖြင့် ပို့ဆောင်သော မြန်မာ လုပ်သားများအနက် ၅၀၀ ခန့် သည် တစ်လနီးပါးကြာသည်အထိ အလုပ်မရဘဲ သောင်တင်နေခြင်း ဖြစ်ကြောင်း မဟာချိုင်မြို့ အခြေစိုက် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

 အလုပ်မရသောကြောင့် အကူအညီ တောင်းခံလာသည့် မြန်မာလုပ်သားများသည် မဟာချိုင်မြို့ ထချလုံရပ်ကွက်တွင် မြန်မာလုပ်သား ၁၅၀ ကျော်၊ အယုဒ္ဓယတွင် ၁၀၀ ကျော်၊ AAC ရုံးတွင် ၇၀ ကျော်၊ ဘန်ကောက်ရှိ MOEAF (မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်) ရုံးတွင် ၄၀ ဦးနှင့် အခြားနေရာများအပါအ၀င် စုစုပေါင်း မြန်မာလုပ်သား ၅၀၀ ခန့်သည် အလုပ်မရဘဲ သောင်တင်နေခြင်း ဖြစ်သည်။

‘‘ဒီက ထိုင်းစက်ရုံတွေမှာ အလုပ်မရှိဘဲ ခေါ်သွင်းနေတာ။ အလုပ်သမားတွေ အလုပ်မရတဲ့ အပြင် စားစရာအတွက်ကို အခက်အခဲဖြစ်နေတာ’’ဟု AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြော သည်။

အလုပ်မရှိဘဲ ခေါ်ဆောင် လာသော MoU လုပ်သားများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ထံ တင်ပြထားကြောင်း ကိုရဲမင်းက ဆက်ပြောသည်။

‘‘ဒီကိစ္စကို စုံစမ်းစစ်ဆေး အရေးယူဖို့ အစိုးရကို တောင်းဆို ထားပေမယ့် အခုထိ ထူးမခြားနား ပဲ။ ဒီ MoU စနစ်က မြန်မာအစိုးရ အားနည်းချက်ကြောင့် အလုပ် သမားတွေ ခေါင်းပုံဖြတ်ခံနေရ တယ်’’ဟု ထိုင်းရောက်မြန်မာလုပ် သားများအရေး ကူညီပေးနေ သော ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။ MoU စာချုပ်ဖြင့် သွားရောက်လုပ် ကိုင်သော မြန်မာလုပ်သားများ ကို ပို့ဆောင်ခတစ်ဦးလျှင် ကျပ်တစ်သိန်းခွဲအထိသာ တောင်းခံရန် အစိုးရက ညွှန်ကြားထားသော်လည်းလက်တွေ့တွင် ကျပ်ကိုးသိန်းထိ ပေးဆောင်၍ လာ ရောက် လုပ်ကိုင်နေရကြောင်း ဦးစိန်ဌေးက ဆက်လက်ပြော ကြားသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်လုပ်ကိုင်မှုများကြောင့် အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးမှုများ၊ အသက်အန္တရာယ်လုံခြုံမှု အားနည်းခြင်း၊ အလုပ်ရှင်၏ မတရားဖိနှိပ်ခိုင်းစေမှုများနှင့် လူကုန်ကူးခံရမှုများ မရှိစေရန် MoU စနစ်ဖြင့် လုပ်သားစေလွှတ်မှုကို အစိုးရက တွန်းအား ပေးလုပ်ဆောင်ခဲ့သည်ဟု ဆို သည်။

သို့သော် အေးဂျင့်အချို့၏ မသမာသောနည်းဖြင့် လုပ်သား စေလွှတ်နေခြင်းများကြောင့် MoU လုပ်သားများအနေဖြင့် တရားမ၀င်အထောက်အထားမဲ့ လုပ် သားများကဲ့သို့ အလုပ်သမားအ ခွင့်အရေးဆုံးရှုံးခြင်းနှင့် လုံခြုံမှု အားနည်းခြင်းများ ရှိလာစေ ကြောင်း ထိုင်းရောက် မြန်မာလုပ် သားအချို့က ပြောသည်။ ထိုင်း နိုင်ငံသို့ သိန်းနှင့်ချီလာရောက် လုပ်ကိုင်သော MoU မြန်မာအ လုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း သည် ဒုက္ခရောက်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားများကို ကူညီစောင့်ရှောက် ပေးနေသော အဖွဲ့အစည်းများက သုံးသပ်သည်။

‘‘အလုပ်အကိုင် တကယ် တမ်းမရှိဘဲနဲ့ ခေါ်နေတာ။ ဒီမှာ အလုပ်ရှိ၊ မရှိကို ထိုင်းအလုပ် သမားဝန်ကြီးဌာနက မသိသလို မြန်မာနိုင်ငံက အလုပ်သမားဝန် ကြီးကလည်း မသိပါဘူး။ MoU နဲ့ တစ်ယောက်လာတိုင်း လက်မှတ် တစ်ခါထိုးပေးရင် အကျိုးအမြတ် ရနေလို့ ခေါ်နေကြတာပါ။ MoU နဲ့လာလို့ဒုက္ခရောက်ပြီဆိုရင် လည်း ပို့ပေးတဲ့ အေဂျင်စီတွေက တာဝန်ယူမှုမရှိပါဘူး။ ဒီအတိုင်း ပစ်ထားကြတာများပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT) အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။