အားလပ်ရက်မှာလည်ပတ်စရာ

မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားပွဲတော်
ဓာတ်ပုံ− ဖြိုးဖြိုးဇော်

သီတင်းကျွတ် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ဖြစ်စေ သွားရောက်လည်ပတ်နိုင်မယ့် မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားပွဲတော်ကို ညွှန်ပြချင်ပါတယ်။

ကျောက်တော်ကြီး ဘုရားပွဲတော်ဟာဆိုရင် အောက်တိုဘာ ၃ ရက်မှ ၁၂ ရက်အထိ (သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်း ကျွတ်လပြည့်ကျော် ၈ ရက်အထိ) ပြုလုပ်မှာဖြစ်လို့ မန္တလေးမြို့ခံများသာမက အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့သူတွေလည်း ဘုရားဖူးလာရင်း ကျောက်တော်ကြီးဘုရားပွဲကို ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။


မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက်နှင့် ကျုံးတောင်ဘက်ထောင့်နေရာ မန္တလေးတောင်ခြေတွင် ကျောက်တော်ကြီးဘုရားပွဲတော်ကို နှစ်စဉ် ကျင်းပပြီး ၁၂ ပွဲ ဈေးသည်တွေအများဆုံး လာရောက်ရောင်းတဲ့ပွဲဖြစ်တာကြောင့် မုန့်အမျိုးအစားပေါင်း စုံလင်စွာနဲ့စည်ကားလို့နေပါတယ်။

ကျောက်တော်ကြီး ဘုရားပွဲမှာဆိုရင် မြန်မာ့ရိုးရာ အစားအစာများဖြစ်တဲ့ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ ကရေကရာ၊ အုန်းနို့နဲ့ ပြု လုပ်ထားတဲ့ မုန့်များအပြင် ပင်လယ်စာအကြော်ဆိုင်များ၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ဆိတ်ပုဆိုးကြမ်း၊ မုန့်ခေါပြင် စတဲ့ ဈေးသည်များကို တွေ့ရှိရမှာ ဖြစ်ပါတယ်။


ဒါ့အပြင် အိမ်ရှင်မများအ ကြိုက် ဖျာ၊ နှီးဖြင့်ရက်လုပ်ထားတဲ့ အိမ်သုံးပစ္စည်းများ၊ ဓား၊ စောင်၊ ခေါင်းအုံး စတဲ့ အညာဒေသထွက် ပစ္စည်းတွေရောင်းချတဲ့ ဈေးဆိုင်များကလည်း ပေါများလှပါတယ်။

လူငယ်များနှင့် ကလေးငယ် များအကြိုက် ပင်လယ်ဓားပြ၊ ချား ရဟတ်နှင့် ကလေးစီးအရုပ် ရဟတ်၊ ပျော့ပျော့အိအိများလည်း ရှိပါတယ်။

ပွဲလမ်းသဘင်နှစ်ခြိုက်တဲ့သူ တွေအတွက် ‘စိန်မဟာ’ဇာတ်သ ဘင်ကို ပွဲတော်စတဲ့ရက်ကစပြီး ပွဲတော်ပြီးတဲ့နေ့အထိ ရုံဝင်ကြေးနဲ့ သွားရောက်ကြည့်ရှုနိုင်ပါ တယ်။

ဘုရားပွဲတော်ကို လာရောက်လည်ပတ်တဲ့သူများ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဘုရား ဂေါပကအဖွဲ့က လုံခြုံရေးကင်မရာများ တပ်ဆင်ထားတာကို လည်း တွေ့ရပါတယ်။

တခြားမြို့မှ လာရောက် လည်ပတ်သူများကတော့ မန္တလေး တောင်တော်ဘုရားကို ဖူးပြီး ပြန်အဆင်းမှာ ကျောက်တော် ကြီးဘုရားပွဲတော်ကို ၀င်ရောက် နိုင်မှာဖြစ်ပါတယ်။

ကျောက်တော်ကြီးဘုရားပွဲ ဟာဆိုရင် မန္တလေးမြို့ရဲ့ အကြီးမားဆုံးဘုရားပွဲတော်ဖြစ်ပြီး မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လာရောက်နိုင်တဲ့ ပွဲတော်တစ်ခုအဖြစ် လမ်းညွှန်လိုက်ပါတယ်။          ။

Top News