စာကြည့်တိုက်ဥပဒေနှင့် ပြည်သူ့စာကြည့်တိုက်အခန်းကဏ္ဍ

ကျွန်တော် ငယ်စဉ်က ဟင်္သာတမြို့တွင် ကျောင်းသွားတိုင်း ပိဋကတ်တိုက်ကြီးတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ထိုပိဋကတ်တိုက်ကြီး၏ အမည်မှာဦးအောင်မြတ်ကျော် ပိဋကတ်တိုက်ဖြစ်သည်။ သူဌေး ကြီး ဦးအောင်မြတ်ကျော်၏အလှူဖြစ်၏။ ဦးအောင်မြတ်ကျော်ကို အများသိအောင် မိတ်ဆက်ပေးရမည်ဆိုလျှင်ဖြင့် သူ၏မွေးစားသားမှာ ပါလီမန်ဒီမိုကရေစီခေတ်က ဦးနု၏အစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်းဌာန ဝန်ကြီး တာဝန်ယူခဲ့သူ ဟင်္သာတ ဦးမြဟု ဆိုရမည်ဖြစ်သည်။

ဦးအောင်မြတ်ကျော် ပိဋ ကတ်တိုက်ကြီးမှာ ခန့်မှန်း အနံ ပေ ၂၀၊ အလျား ပေ ၆၀ ခန့်ရှိသော အုတ်အင်္ဂတေအဆောက်အအုံ ကြီးဖြစ်သည်။ အထဲတွင် သစ်သားဗီရိုများဖြင့် ဘာသာရေးဆိုင်ရာ ကျမ်းကြီး ကျန်းခန့်များ၊ ပေ၊ ပုရ ပိုက်များပါရှိခဲ့သည်။ ယခုတော့ ထိုစာအုပ်စာတမ်းများကို မတွေ့ တော့သည့်အပြင် အဆောက်အ အုံအဟောင်းကို ပြန်လည်မွမ်းမံ ကာ ဦးအောင်မြတ်ကျော်ခန်းမ အဖြစ် ဘဝပြောင်းသွားခဲ့ပြီဖြစ်သည်။

တစ်လောက ရန်ကုန်တက္က သိုလ်စာကြည့်တိုက်နှင့် သုတ ပညာဌာနမှ ဆရာ ဇော်အောင် ထွတ်၏ မြန်မာနိုင်ငံ စာကြည့် တိုက်သမိုင်းစာတမ်းကို ဖတ်မိရာ မှ ဦးအောင်မြတ်ကျော်ပိဋကတ် တိုက်ကို ပြန်လည်အမှတ်ရမိခြင်း ဖြစ်သည်။

ရှေးမြန်မာမင်းများ၏ ပိဋ ကတ်တိုက်များအနက် မနူဟာ မင်း၏ ရွှေစာရံပိဋကတ်တိုက် သည် မြန်မာနိုင်ငံစာကြည့်တိုက် သမိုင်း၏အမွန်အစဖြစ်သည်။ ပိဋကတ်တိုက်များထားရှိခြင်းတို့၏ သဘာဝကို ကြည့်မည်ဆိုပါက ဘုရားဟောပိဋကတ်တော်များကို စနစ်တကျ ထားသိုသိမ်းဆည်း ကာ ကိုးကွယ်ရာမှအစပြုသည်ကို တွေ့ရှိရသည်။

အနော်ရထာမင်းသည် ရှင် အရဟံ၏သြဝါဒဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံ ဖြစ်အောင် ပြုမူဆောင်ရွက်ခဲ့ သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူ မှုရေး၊ ပညာရေး၊ စာပေအနုပညာရပ်များနှင့်အတူ ပိဋကတ်တိုက် များ ဆောက်လုပ်စေခဲ့သည်။ ပုဂံ ခေတ် ဘာသာ၊ သာသနာ၊ ယဉ် ကျေးမှု၊ အနုပညာ အစစအရာရာ တို့၌ အထက်တန်းကျ အဆင့်အ တန်းမြင့်မားရခြင်းသည် ပိဋကတ် တိုက်နှင့် ဆက်နွှယ်လျက်ရှိသည့် စာပေယဉ်ကျေးမှု၊ အနုပညာ၊ အ တတ်ပညာများ ဖွံ့ဖြိုးတိုးတက် လာသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ရွှေစာရံပိဋကတ် တိုက်၊ အနော်ရထာပိဋကတ် တိုက်၊ မြကန်ပိဋကတ်တိုက်များ သည် ရှင်အရဟံ၏နည်းပေးလမ်း ညွှန်မှုများမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကျောက်စာအထောက်အ ထားများအရ ပုဂံတစ်ဝိုက်တွင် ပိဋကတ်တိုက်များကို နေရာအနှံ့ အပြားတွင် ရှိကြောင်း သိရှိရ သည်။ ပုဂံခေတ်တွင် ဗုဒ္ဓဆိုင်ရာ ပုထိုးစေတီ ဂူဘုရားများနှင့် ဓမ္မ ဆိုင်ရာ ပိဋကတ်တိုက်များ၊ သံဃာဆိုင်ရာ ကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်းများ၌ ပိဋ ကတ်တိုက်များထားရှိသည်ကို လည်း တွေ့ရသည်။ ဆိုလိုချင် သည်မှာ ပုဂံခေတ်ဘာသာ၊ သာ သနာနှင့် စာပေယဉ်ကျေးမှုမြင့် မားလာခြင်း၊ စီးပွားရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ခြင်းတို့မှာ ပိဋ ကတ်တိုက်များက တစ်ဖက်တစ် လမ်းက အထောက်အကူပြုခဲ့ ကြောင်းကိုပင် ဖြစ်သည်။

လူမျိုးတစ်မျိုး၏စာပေနှင့် ယဉ်ကျေးမှုအဆင့်အတန်းကို လေ့လာလိုပါက စာကြည့်တိုက် များ၏အခြေအနေကိုပါ ထည့် သွင်းစဉ်းစားသင့်သည်ဟု ထင် သည်။ ထို့ကြောင့်လည်း လက်ရှိ အစိုးရက စာကြည့်တိုက်ဥပဒေ များ ရေးဆွဲပြဋ္ဌာန်းကာ စာကြည့် တိုက်များကို အကာအကွယ်ပေး ရန်နှင့် အထောက်အကူပေးနိုင် ရန် ဆောင်ရွက်လာသည်ကိုတွေ့ ရသည်။ မြန်မာနိုင်ငံ၏ပထမဦး ဆုံး စာကြည့်တိုက်ဥပဒေကို တော် လှန်ရေးကောင်စီအစိုးရက ၁၉၆၄တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ နာ မည်အပြည့်အစုံမှာ ၁၉၆၄ ခုနှစ် စာကြည့်တိုက် ပြတိုက်နှင့် ပြပွဲများ  ကြီးကြပ်ရေးဥပဒေဖြစ်သည်။ အခန်းခြောက်ခန်းနှင့် ပုဒ်မ ၂၀ ပါဝင်၏။ ဥပဒေ၏အနှစ်သာရကို ခြုံငုံကြည့်လျှင် စာကြည့်တိုက်များ၏လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်မှု ကို ချုပ်ကိုင်လိုသော သဘောကို သာတွေ့ရသည်။ ဥပမာဆိုရလျှင် စာကြည့်တိုက်များကို မှတ်ပုံတင် ခြင်းမရှိဘဲ ဖွင့်လှစ်ဆောင်ရွက်ပါ က ထောင်ဒဏ်သုံးနှစ်အထိ ကျ ခံနိုင်သည့်ဥပဒေပုဒ်မက သက် သေပြနေသည်။ စာကြည့်တိုက် များကို အစိုးရအုပ်ချုပ်မှုအောက် သို့ သွတ်သွင်းကာ နိုင်ငံရေးနှင့် မဆက်စပ်နိုင်အောင် စီစဉ်ထား ခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက် တွင် ၁၉၆၄ ခုနှစ် စာကြည့်တိုက် ပြတိုက်နှင့် ပြပွဲများကြီးကြပ်ရေး ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ထိုဥပဒေအစား စာကြည့်တိုက်ဥပဒေများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေများသည် ၁၉၆၄ ခုနှစ် ဥပဒေကို အခြေခံထားသည့်အ ပြင် ဥပဒေများအသက်ဝင်ခြင်းမရှိ သည့်အတွက် ယခုအစိုးရလက် ထက်လွှတ်တော်သက်တမ်း အ တွင်း ဥပဒေအသစ်ရေးဆွဲပြဋ္ဌာန်း ဖို့ ဖြစ်လာသည်။ ပြည်ထောင်စု လွှတ်တော်ကလည်း စာကြည့် တိုက်ဥပဒေရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းနေသလို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အချို့က လည်း ရေးဆွဲပြဋ္ဌာန်းနေကြသည်။

ဤနေရာတွင် ပြည်သူ့စာ ကြည့်တိုက်များ၏ အခန်းကဏ္ဍက အရေးပါလာသည်။ မြန်မာနိုင်ငံ တွင် လက်ရှိအခြေအနေ၌ စာ ကြည့်တိုက်ပေါင်းများစွာရှိသည့် အနက် အစိုးရအုပ်ချုပ်မှုနှင့်စီမံ ခန့်ခွဲမှုအောက်တွင် စာကြည့် တိုက် ၄၀ ရာခိုင်နှုန်းသာရှိကာ ကျန်သည့် စာကြည့်တိုက် ၆၀ ရာ ခိုင်နှုန်းကျော်မှာ ပြည်သူ့စာကြည့် တိုက်များဖြစ်သည်ဟု သိရှိရ သည်။ ပြည်သူ့စာကြည့်တိုက်များ သည် အစိုးရ၏ထောက်ပံ့မှုမရရှိ ဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အ လှူရှင်များ၏အထောက်အပံ့အ ချို့ဖြင့် ရပ်တည်နေရသည်။ အချို့စာကြည့်တိုက်များသည် စာအုပ် များကို သိမ်းဆည်းထားခြင်း၊ ငှား ရမ်းခြင်း၊ ဖတ်ရှုခွင့်ပေးခြင်း စ သည့်စာကြည့်တိုက်တစ်ခု၏ပုံမှန် လုပ်ငန်းဆောင်တာများသာမက ဘဲ ပညာရပ်ဆိုင်ရာ သင်တန်း များ၊ ကွန်ပျူတာကဲ့သို့ နည်းပညာ သင်တန်းများ၊ စာဖတ်ဝိုင်းများပြု လုပ်ကာ Information Center များအဖြစ် ဆောင်ရွက်နေကြ သည်။

ပြည်သူ့စာကြည့်တိုက်က ဝန်ဆောင်မှုပေးရမည့်စာဖတ်ပရိ သတ်များမှာ ကလေး၊ လူငယ်၊ ကျောင်းသား၊ အရွယ်ရောက်သူ များ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ များ၊ သက်ကြီးရွယ်အိုများ စသည်ဖြင့် အလွှာစုံဖြစ်၏။ ပြည်သူ့စာ ကြည့်တိုက်နှင့် အစိုးရစာကြည့် တိုက်များကြား ခြားနားချက်မှာ ပြည်သူ့စာကြည့်တိုက်များသည် အရပ်ဘက်လူ့အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ်ရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း စာကြည့်တိုက်နှင့် ပြည်သူအကြား ဝေးကွာမသွားဘဲ စာဖတ်ပရိသတ်၏တောင်းဆို မှုကို စာကြည့်တိုက်မှ ဖြည့်ဆည်း ပေးခြင်းဖြင့် ကျွန်းကိုင်းမှီ ကိုင်း ကျွန်းမှီဖြစ်ကာ ပြည်သူ့စာကြည့် တိုက်များကို စဉ်ဆက်မပြတ်ဖွံ့ဖြိုး စေခြင်းပင်ဖြစ်သည်။

ယခု လွှတ်တော်များမှ စာ ကြည့်တိုက်ဥပဒေများကို ရေးဆွဲ ရာတွင် ပြည်သူ့စာကြည့်တိုက် များ၏အခန်းကဏ္ဍကို အလေး ထားသင့်ပါသည်။ ပြည်သူ့စာ ကြည့်တိုက်များသည် သူ့ဖွဲ့စည်း ပုံ၊ သူ့စနစ်ဖြင့်သူသွားနေသော အဖွဲ့အစည်းဖြစ်၏။ စာကြည့် တိုက်ပညာရှင်များစီမံခန့်ခွဲသော စာကြည့်တိုက်များကဲ့သို့ တိုက်ပိုင် နံပါတ်ရေးသွင်းပုံ စနစ်ကျချင်မှ ကျမည်။ သို့သော်လည်း သူ့နည်း သူ့ဟန် အမှတ်အသားဖြင့် ရှိနေ နိုင်သည်။ စာကြည့်တိုက်ဖွဲ့စည်း ပုံတွင် ပညာရှင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများမပါဝင်ဘဲ ရှိ ကောင်းရှိလိမ့်မည်။ သို့သော် လူ ငယ်လူရွယ်များဖြင့်လည်း လုပ် ငန်းလည်ပတ်နေနိုင်သည်။ အရေးကြီးသည်မှာ စာကြည့်တိုက်နှင့် ပြည်သူများ စဉ်ဆက်မပြတ် ထိ တွေ့ဆက်ဆံနေမှုပင်ဖြစ်သည်။ ဤကဲ့သို့ဖြစ်ရန် စာကြည့်တိုက် ဥပဒေများက တွန်းအားပေးနိုင်ဖို့ အရေးကြီး၏။ စာကြည့်တိုက်ဥပ ဒေက စာကြည့်တိုက်များကို လွတ်လပ်စွာ ဖွံ့ဖြိုးစေနိုင်မှသာ ဒီမိုက ရေစီလမ်းတွင် ပြည်သူကို အသိ ပညာဖွင့်ပေးနိုင်မည်ဖြစ်သည်။

ရှေးက အနော်ရထာမင်း၊ ပဒုံမင်း၊ မင်းတုန်းမင်းတို့၏ပိဋကတ် တိုက်များကို တည်ထောင်ဖွံ့ဖြိုး စေခဲ့မှုကြောင့် ရဟန်းအကျော်၊ လူအကျော်ပညာတတ်များပေါ် ထွက်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ခဲ့သည်။ စာကြည့်တိုက်ဥပ ဒေသစ်များကြောင့်လည်း ဒီမိုက ရေစီလမ်းဖြောင့်တန်းကာ ပြည်သူများ အသိပညာဉာဏ်ဖွံ့ဖြိုးစေ လိုပါသည်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News