အောင်လံတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

 အောင်လံမြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ်မောင်းနှင် လာသူတစ်ဦး အခင်းဖြစ်နေရာ တွင် ပွဲချင်းပြီး သေဆုံးမှုတစ်ခု အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့ကြောင်း အောင်လံမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အောင်လံမြို့နယ် ကျွဲခေါင်း ကျေးရွာနှင့် ညောင်ကိုင်းကျေးရွာ သို့ ဆက်သွယ်သော ကျေးရွာချင်း ဆက်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ပြီး ထိုသို့တိုက်မိမှုကြောင့် ကျွဲခေါင်းကျေးရွာမှ ညောင်ကိုင်းကျေးရွာ သို့ ဆိုင်ကယ်မောင်းနှင်လာသူ အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း အပိုင်နယ်မြေ ရဲတပ်ဖွဲ့စခန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ကျန်အမျိုးသားတစ်ဦး လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ သောကြောင့် ရွှေပန်းတော်တိုက် နယ်ဆေးရုံသို့ တင်ပို့ကုသထား ရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

‘‘အရှိန်ပြင်းပြင်းနဲ့ မောင်းလာပုံရတယ်။ ဆိုင်ကယ်နှစ်စီး စလုံး တော်တော် ပျက်စီးသွား တယ်။ ကျေးရွာချင်းဆက်လမ်း တွေမှာ ဆိုင်ကယ်မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်တာ ရှားပါတယ်။ လမ်းက အရမ်းမဆိုးပေမယ့် အ ရှိန်နဲ့ မောင်းလောက်အောင်အထိ မကောင်းပါဘူး’’ဟု ညောင်ကိုင်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

နယ်မြို့နယ်များနှင့် ကျေး လက်ဒေသများတွင် ဆိုင်ကယ်မ ဆင်မခြင်မောင်းနှင်မှုကြောင့် ထိ ခိုက်ဒဏ်ရာရရှိမှု နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး တာဝန်ရှိသူများအနေ ဖြင့် ကျေးလက်ဒေသများအထိပါ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်ပြည့်စုံရေးနှင့် ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်သွားလာ ရေး ပညာပေးစစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုသည်။ 

 အဆိုပါယာဉ်တိုက်မှုဖြစ် စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်စီး နင်းလာသူနှစ်ဦးစလုံးကို အပိုင် နယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၄(က) (ပေါ့ လျော့ခြင်းဖြင့် လူသေစေမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။