သမီးဖြစ်သူ စီးရီးမှာ ပါဝင်သီဆိုပေးတဲ့ အငဲ

ဓာတ်ပုံ − စိုင်းဇော်

အိုင်းရင်းခရော့စ်အဖွဲ့ပင်တိုင်အဆိုတော်အငဲ၏ သမီး လမင်းခ၏ တစ်ကိုယ်တော်တေးစီးရီးကို အောက်တိုဘာ ၁၉ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။

‘‘ငယ်ငယ်လေးကတည်းက လမင်းသီချင်းဆိုရတာကို ၀ါသနာပါတယ်။ ဒါပေမဲ့ ဖေဖေကလည်း ပညာရေးအရင်ပြီးအောင်လုပ်။ ဘွဲ့ရပြီးမှ ဒီလမ်းကြောင်းကို စီစဉ်ပေးမယ်ဆိုတော့ ဘွဲ့ရပြီး ၂၀၁၄ မှာ ဒီအခွေတည်တယ်’’ဟု တစ်ကိုယ်တော်အခွေနှင့်ပတ်သက်၍ လမင်းခက ပြောသည်။

အခွေကို ‘ကူး ကူ’ဟု အ မည်ပေးထားပြီး သီချင်းခွေတစ် ခွေလုံး ပြီးစီးရန် သုံးနှစ်ခန့် အချိန် ယူခဲ့ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်တွင် ယင်းအခွေထဲမှ သီချင်းတစ်ပုဒ်၏ ဗီဒီယိုဖိုင်ကို အွန်လိုင်းတွင် တင်ပေးမည်ဟု ၎င်းက ဆိုသည်။

‘‘အဖေက အောင်မြင်တဲ့လူ ဖြစ်တဲ့အတွက် တာဝန်ကြီးပါ တယ်။ တစ်ခုခုချွတ်ချော်သွားရင် လည်း အဖေ့နာမည်ရှိနေတဲ့အ တွက် မိဘလည်း မျက်နှာပျက်ရ မှာဆိုတော့ သူများတွေထက်ပိုပြီး ကြိုးစားရပါတယ်’’ဟု လမင်းခက ပြောသည်။

အခွေတွင် သီချင်း ၁၂ ပုဒ် ပါဝင်ပြီး ဖခင် အငဲကိုယ်တိုင်ရေးသားပေးထားသည့် သီချင်းခြောက်ပုဒ်ပါဝင်ကာ ရွှေဂျော်ဂျော်၊ နိုင်းနိုင်နှင့် ဇ၀ါတို့ကလည်း သီချင်းနှစ်ပုဒ်စီ ရေးသားပေးထားသည်။

‘‘Title သီချင်းက ဦးနိုင်းနိုင် ရေးပေးထားတဲ့ သီချင်းလေးပါ။ ဒီနာမည်လေးပေးဖြစ်တာက လမင်းက နဂိုကတည်းက စကား လုံးရှင်းရှင်းလင်းလင်းလေးကို ကြိုက်တာဖြစ်တဲ့အတွက် အခွေ ထဲက သီချင်းတွေကို ကြည့်လိုက် တဲ့အချိန်မှာ ဒီနာမည်လေးက ရှင်းရှင်းလင်းလင်းဖြစ်နေတာကို သဘောကျလို့ Title Song လေး လုပ်လိုက်တာပါ’’ဟု လမင်းခက ‘ကူး .. ကူ’ဟု အမည်ပေးဖြစ်သည့် အကြောင်းကို ပြောသည်။

‘‘ပရိသတ်တွေကို ပြောချင် တာကတော့ သူတတ်နိုင်သ လောက် ကြိုးစားတာလေးကို တစ် ချက်လေးတော့ကြည့်ပြီးမှ အကဲ ဖြတ်လိုက်ပါလို့။ လုံးဝမကြည့်ဘဲ ထားတာထက် တစ်ချက်လေးနား ထောင်ကြည့်ပြီးမှ မကြိုက်ရင် လည်း ပစ်ထားလိုက်ပါ။ ကြိုက် ရင်လည်း နားထောင်လိုက်ပါ’’ဟု သမီးနှင့်ပတ်သက်၍ အငဲက ပြောသည်။ ယင်းအခွေတွင် ဖခင် အငဲနှင့် သီချင်းတစ်ပုဒ်သီဆိုထားသလို ညီမမိုးမခနှင့်လည်း သီချင်းတစ်ပုဒ်သီဆိုထားကြောင်း လမင်းခက ပြောသည်။

‘‘အဖေနဲ့ သီချင်းက ပြေး လာမယ်လို့ အမည်ရပါတယ်။ ဒီ သီချင်းက ရွေးထားတာလည်း ကြာပြီ။ ငယ်ငယ်ကတည်းက ဂစ် တာနဲ့ အဖေနဲ့သမီးနဲ့ဆိုလေ့ရှိတဲ့ သီချင်းလေးပါပဲ’’ဟု ဖခင် အငဲနှင့် သီဆိုထားသည့် သီချင်းအကြောင်းကို ပြောသည်။

တေးစီးရီးခွေကို ယခင်က အောက်တိုဘာ ၁၀ ရက်တွင် ဖြန့် ချိရန် စီစဉ်ခဲ့သော်လည်း ရုံးပိတ် ရက်များနှင့် အခွေလက်စသတ် ရန် ကျန်နေသေးခြင်းတို့ကြောင့် အောက်တိုဘာ ၁၉ ရက် မှစတင် ဖြန့်ချိမည်ဖြစ်သည်။