တိုင်းနှင့်ပြည်နယ်လွှတ်တော်များ သက်ဆိုင်ရာ အစိုးရအဖွဲ့များအပေါ် ထိန်းကျောင်းမှု အားနည်းနေဟုဆို

တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့် အရေးများအတိုင်း ဆောင်ရွက် နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ အစိုး ရအဖွဲ့များအပေါ် ထိန်းကျောင်း နိုင်မှု အလွန်အားနည်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ပြောသည်။


‘‘အားနည်းချက်တွေတော့ ရှိ နေတယ်။ အဲဒီအားနည်းချက်တွေ ကို ပြင်ကိုပြင်မှရမယ်။ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အနေ နဲ့လည်း ဒီနေ့အထိ အစိုးရအဖွဲ့ က တင်ပြတဲ့ ဘတ်ဂျက်ဥပဒေ တွေကိုပဲ အတည်ပြုနေရတယ်။ တခြားဥပဒေတွေ မလုပ်နိုင်သေး ဘူး’’ဟု Yangon Book Plaza တွင် အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍအကြောင်း စကားဝိုင်းဆွေးနွေးပွဲ၌ ဦးကျော်ဇေယျက ပြောသည်။

YBS စနစ် ပြောင်းလဲမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ပြမှုများကို အစိုးရအဖွဲ့က ငြင်းဆန်မှု၊ Water Bus စီမံကိန်းဆောင်ရွက်ရာတွင် လွှတ်တော်သို့ မတင်ပြမှုနှင့် ရန်ကုန်မြို့သစ်စီမံကိန်း အကောင် အထည်ဖော်ရေးနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ လွှတ်တော်သို့ တင်ပြမှုမရှိသေးခြင်း စသည်တို့ မှာ လက်ရှိ တိုင်းလွှတ်တော်အနေ ဖြင့် အစိုးရအဖွဲ့အား အပြန်အ လှန်ထိန်းကျောင်းနိုင်မှု မရှိခြင်း ကို ပြသသည့် ကိစ္စရပ်များဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့က တစ်ခုခု ထောက်ပြတယ်ဆိုရင် အစိုးရ အဖွဲ့က အထက်က ညွှန်ကြား ထားတယ်ပဲ ပြောနေတော့ အရင် လို ပုံစံဖြစ်နေတာပေါ့။ ဒီမိုက ရက်တစ်ခေတ်မှာ ဒါတွေဟာ မရှိ သင့်တော့ဘူး’’ဟု ဦးကျော်ဇေယျ ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် ရပိုင်ခွင့်များ ကို ဆောင်ရွက်နိုင်ခြင်မရှိ၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ် တော်များအနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များအပေါ် အပြန်အ လှန်ထိန်းကျောင်းမှုနှင့် ဥပဒေပြု ရေးလုပ်ငန်းတို့တွင် အားနည်း ချက်များဖြစ်လာကြောင်း ပညာ အလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်း (EMReF)မှ အကြီး တန်း သုတေသနအရာရှိ မငြိမ်း သီရိဆွေက ယင်းဆွေးနွေးပွဲတွင် ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်များ၏ ဥပဒေပြု ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အချို့ကို ပထမအကြိမ် ပြည်ထောင်စုလွှတ် တော်က တိုးမြှင့်ပြင်ဆင်ပေးခဲ့ သော်လည်း ဒီချုပ် ဦးဆောင်သော လက်ရှိလွှတ်တော်များအနေဖြင့် အဆိုပါ အခွင့်အရေးကို ရယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ထောက်ပြမှုများရှိနေသည်။

‘‘ဥပဒေအပေါ်မှာ နားလည် မှုအခက်အခဲတွေကြောင့် မလုပ် နိုင်တာမျိုးလည်းဖြစ်နိုင်တယ်။ ကိုယ်စားလှယ်တွေကိုယ်တိုင်က လည်း ကိုယ့်ရဲ့အခန်းကဏ္ဍကို ကောင်းကောင်းသဘောပေါက်ဖို့ လိုတယ်’’ဟု မငြိမ်းသီရိဆွေက ဆိုသည်။

သို့သော် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ် ပိုင်ခွင့်များနှင့်ပတ်သက်၍ ကန့် သတ်မှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်ကို တိုးမြှင့်ပေးခဲ့တယ်ဆိုပေမယ့် ပြည် ထောင်စုအစိုးရက ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့အညီဆိုတဲ့ စကားလုံးမျိုးနဲ့ ပြန်ပြီးကန့်သတ်ထားတာမျိုး တွေကလည်း ရှိနေတုန်းပါပဲ’’ဟု မငြိမ်းသီရိဆွေက ပြောသည်။ ယင်းစကားဝိုင်းဆွေးနွေးပွဲကို Info Digest Journal က ဦးဆောင်ပြုလုပ်ပြီး ဦးကျော်ဇေယျ၊ မငြိမ်းသီရိဆွေနှင့် Info Digest Journal အယ်ဒီတာ ဦးဟန်ဇော်တို့ ပါဝင်ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ ထောက်ပြ မေးမြန်းမှုများ ကို သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် များက လွှတ်တော်တွင်း၌ ပြန် လည်ဖြေကြားမှုရှိသော်လည်း လက်တွေ့အကောင်အထည် ဖော်ရာတွင် အားနည်းချက်များရှိ နေဆဲဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထူးနေ အောင်က မှတ်ချက်ပြုသည်။

‘‘၀န်ကြီးတွေကိုယ်တိုင်က လည်း ဌာနဆိုင်ရာတွေကို ထိထိ ရောက်ရောက်ကိုင်တွယ်မှု အား နည်းသေးတဲ့အပိုင်းတွေ တွေ့ရ ပါတယ်။ ဖြေပြီးရင် ပြီးပြီဆိုတဲ့ပုံစံ မျိုးလုပ်လိုက်တော့ အောက်မှာ လုပ်ချင်သလို လုပ်တာမျိုးဖြစ်နေ တယ်’’ဟု ၎င်းက ပြောသည်။

အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ်များ လွှမ်းမိုးထား သည့် ရခိုင်ပြည်နယ်လွှတ်တော် တွင်လည်းအစိုးရအဖွဲ့ကို ထိန်း ကျောင်းနိုင်မှုနှင့် ဥပဒေပြုရေး ဆောင်ရွက်ချက်များ ထိရောက်မှု မရှိကြောင်း ရမ်းဗြဲမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး က ဆိုသည်။

‘‘ဥပဒေပြုခွင့်ရတဲ့အပိုင်းက မစို့မပို့ပဲရှိတယ်။ လွှတ်တော်ပိုင်း ကလည်း သိပ်စိတ်မ၀င်စားဘူး။ လက်ရှိ လွှတ်တော်မှာတော့ ဥပ ဒေပြုနိုင်တာ မရှိသလောက်ပဲ။ အရင်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ၂၀ လောက်ကလည်း လက်တွေ့မှာ အကောင်အထည်မဖော် နိုင်ဘူး’’ဟု ၎င်းကပြောသည်။

More in Politics Section