ရန်ကုန်တိုင်းတွင် တစ်ရက်တည်း ယာဉ်တိုက်မှုလေးကြိမ်ဖြစ်၊ လူခြောက်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး အတွင်း အောက်တိုဘာ ၇ ရက် က ယာဉ်တိုက်မှုလေးကြိမ်ဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံးကာ အသက်(၈)နှစ်အရွယ်ပထမတန်း ကျောင်းသူအပါအ၀င် သုံးဦးဒဏ် ရာရရှိခဲ့သည်။

လှည်းကူးမြို့နယ် ရန်ကုန်- ပဲခူးအဝေးပြေးလမ်းတွင် အောက်တိုဘာ ၇ ရက်နံနက် ၆ နာရီခွဲခန့်က လူငယ်နှစ်ဦးစီးနင်းလာသောဆိုင်ကယ်သည် မင်းလွင်ကုန်းအနီးအရောက် လမ်းဘေးတွင်ရပ်ထားသည့် တွဲကားကိုဝင်တိုက်မိပြီး ဆိုင်ကယ်စီးသူနှစ်ဦးစလုံး သေဆုံးခဲ့သည်။

အလားတူသန်လျင်မြို့နယ် ကြာနီကန်ကွင်းမိုင်တိုင် (၄/၇)အ နီးတွင် ၂၂ ဘီးယာဉ်တစ်စီးက လမ်းညာဘက်ဘေးတွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်ကိုနောက်မှဝင်တိုက်မိသဖြင့် အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် သုံးဘီးဆိုင်ကယ်ယာဉ်မောင်းနှင့် အသက်(၁၁)နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ဒဏ်ရာရရှိခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သုံးဘီးဆိုင်ကယ်ကို ၀င် တိုက်မိသည့် ၂၂ ဘီးယာဉ် မောင်းသည် အခင်းဖြစ်ပွားသည့် နေရာ၌ ကားကိုထားကာ ထွက် ပြေးတိမ်းရှောင်သွားသဖြင့် သန် လျင်မြို့မရဲစခန်းက အမှုဖွင့်စုံစမ်း နေသည်။

ထို့အတူ အောက်တိုဘာ ၇ ရက် ညက ဒဂုံဆိပ်ကမ်းမြို့ နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကုလားဝဲ တံတားပေါ်တွင် ဆီဘောက်ဆာ ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီး တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ ကြောင်း ရဲအရာရှိကပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ကြောင့် ဆိုင်ကယ်မောင်းနှင်သည့်  အသက် (၂၄)နှစ်အရွယ် ရန် အောင်ဆိုသူသည် ဒဏ်ရာများရရှိ ကာ အခင်းဖြစ်နေရာ၌ပင်သေ ဆုံးခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်။

ထို့အပြင် တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် နှင်းဆီလမ်းအတိုင်းမောင်းနှင် လာသည့် ပရိုဘောက်စ်အငှား ယာဉ်သည် အဆိုပါလမ်းအတွင်း ရှိကြံရည်ဆိုင်နှင့် အနီးတွင်ရပ်နေ သည့် အသက်(၈)နှစ်အရွယ်ပထမတန်းကျောင်းသူတစ်ဦးကို  ၀င်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု ကြောင့် ပထမတန်းကျောင်းသူ မိန်းကလေး၏ ဦးခေါင်းနှင့် ကျောကုန်းတို့တွင် ဒဏ်ရာများရရှိပြီး အသက်(၂၄)နှစ်အရွယ် အငှားယာဉ်မောင်း အောင်ကိုလတ်ကို တာမွေမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မများ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၇ ဇန်န၀ါရီမှ ဩဂုတ် လကုန်အထိ ရှစ်လအတွင်းယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိပြီး လူ ၂,၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၂)ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးကထုတ်ပြန်ထားသည်။