အမြန်လမ်း၌ မန်းရွှေမြို့တော်ယာဉ် တိမ်းမှောက်၊ တစ်ဦးသေ၊ ၃၅ ဦး ဒဏ်ရာရ

အမြန်လမ်းတွင် အောက်တိုဘာ ၉ရက် နံနက်မလင်းမီ တိမ်းမှောက်ခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ခရီးသည်တင်ယာဉ် တစ်စီးအရှိန်လွန် တိမ်းမှောက်ခဲ့ ရာ တစ်ဦးသေဆုံးပြီး ၁၁ လအ ရွယ် ကလေးနှစ်ဦးအပါအ၀င် လူ ၃၅ ဦးဒဏ်ရာရရှိခဲ့သည်။

အမြန်လမ်းမအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် မန်းရွှေမြို့တော်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်သည် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲတွင် မိုင်တိုင် (၁၅၅) နှင့် (၁၅၆) အကြား အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်သည် လမ်းလယ်ကျွန်းပေါ်မှတစ်ဆင့် တစ်ဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာ သည့် အသက်(၄၀)ခန့်အရွယ် ခရီးသည်အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ထို့အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် နှစ်ဦးအပါအ၀င် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၇ ဦးဒဏ်ရာရရှိ ကာ တောင်ငူဆေးရုံနှင့် ရေတာ ရှည်ဆေးရုံသို့ တင်ပို့ကုသထား ကြောင်း ဇီးပင်သာအမြန်လမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်တင်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ဘေးနှစ်ဖက်ရှိတံခါး မှန်များကွဲကာ အမိုးနှင့် ကိုယ်ထည်

များပိန်ချိုင့်၍  ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မန်းရွှေမြို့တော်ခရီးသည်တင် ယာဉ်မောင်းဝေလင်းသူကို ဇီးပင်သာအမြန်လမ်းရဲစခန်းက ရာဇ

သတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။ 

အမြန်လမ်းရဲတပ်ဖွဲ့ စာရင်းများအရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၁၇ ဇန်န၀ါရီမှ စက်တင်ဘာလကုန်အထိ ယာဉ်မတော်တဆမှု ၄၀၀ခန့် ဖြစ်ပွားပြီး လူ ၁၀၀ ခန့်သေဆုံးကာ အမျိုးသား ၃၃၉ ဦး၊ အမျိုးသမီး ၂၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။ 

Top News