စစ်ဘေးဒုက္ခသည်တို့၏ ဝေဝါးနေဆဲ အနာဂတ်

ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်းကျော်ဒုက္ခသည်စခန်းကို ၂၀၁၃ က တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)

ကုန်းကျော် စစ်ဘေးဒုက္ခ သည်စခန်းအတွက် အောက်တိုဘာလ သည် စိန်ခေါ်မှုများဖြင့် စောင့်ကြို နေသည်။

လူဦးရေ ၄၀၀ ကျော်ရှိသည့် ကုန်းကျော် စစ်ဘေးဒုက္ခသည် စခန်းသည် ရှမ်းပြည်နယ်တောင် ပိုင်း မိုင်းဆတ်ခရိုင်နှင့် ထိုင်းနိုင်ငံ နယ်စပ် ထောင့်စွန်းနေရာတွင် တည်ရှိသည်။ ၁၅ နှစ်ကြာ သက် တမ်းရှိ ကုန်းကျော်စခန်းတွင် နေ ထိုင်သူများသည် မြန်မာပြည်ဖွားရှမ်းတိုင်းရင်းသားများဖြစ်၏။

 စခန်းသို့ စားနပ်ရိက္ခာ ထောက်ပံ့နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများက အောက်တို ဘာလမှစ၍ ဆက်လက်ကူညီ ထောက်ပံ့နိုင်ခြင်း မရှိတော့ကြောင်း အကြောင်းကြားပြီးနောက် ဒုက္ခသည်များအနာဂတ်အတွက် မသိကိန်းများ ကြီးစိုးနေသည်။

‘‘တကယ်ဆိုရင် စထွက်ပြေး လာတဲ့အချိန်ကတည်းက အခုအချိန်ထိ လူကြီးမလုပ်ချင်ဘဲ လုပ် နေခဲ့ရတာ ၁၅ နှစ်လောက်ရှိပြီ။ ကျွန်တော် အသက်လည်း ကြီးပါပြီ။ ဒီအခြေအနေမှာ ဘာဆက်လုပ်ရမလဲပေါ့’’ဟု ကုန်းကျော်စခန်းတာဝန်ခံ ဦးစိုင်းလျှန်းကပြောသည်။

ကုန်းကျော်စခန်းတွင် နေ ထိုင်သူအများစု နေရပ်ဇာတိသည် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်း ဆတ်ခရိုင် မိုင်တုံမြို့နယ်အတွင်း ကျေးရွာများဖြစ်သည်။ ၂၀၀၂ တွင် တပ်မတော်နှင့် SSA တောင် ပိုင်းတို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် နယ်စပ်တစ်လျှောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။ ထိုစဉ်က ထွက်ပြေးတိမ်းရှောင်ရသူ ၆,၀၀၀ ကျော်ရှိခဲ့ရာ ကျန်နေရပ်စွန့်ခွာထွက်ပြေးသူ များမှာ တာချီလိတ်၊ မိုင်းဆတ်၊ လင်းခေးခရိုင်တို့နှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ စခန်းငါးခုတို့တွင် ခိုလှုံနေရခြင်းဖြစ်သည်။ ယင်းစခန်းများသည် ကုန်းကျော်စခန်းနှင့် အိမ်နီးချင်းဒုက္ခသည်စခန်းများ လည်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်မတိုင်ခင် ကာလများကပင် တပ်မတော်နှင့် ခွန်ဆာ၏ MTA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် လူဦးရေ သောင်းချီထွက်ပြေးခဲ့ရမှုဖြစ်စဉ် များရှိခဲ့သည်။ တပ်မတော်နှင့် ရှမ်း လက်နက်ကိုင်အဖွဲ့တို့ အ ကြား တိုက်ပွဲများကြောင့် မြန်မာ - ထိုင်းနယ်စပ်တွင် ၁၉၉၆ ကတည်း က စစ်ဘေးဒုက္ခသည်များ ရောက် ရှိခိုလှုံနေပြီး လက်ရှိ၌ တာချီလိတ်၊ မိုင်းဆတ်၊ လင်းခေး ခရိုင်တို့နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ရှမ်း ဒုက္ခသည်စခန်းခြောက်ခုတွင် ဒုက္ခသည် ၆,၂၀၀ ခန့် နေထိုင်နေသည်။၁၉၉၀ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ခွန်ဆာအဖွဲ့၏ MTA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာမှုနှင့် ဒေသခံများကို ရွှေ့ပြောင်းစေခိုင်းမှုကြောင့် ၁၉၉၆ ဝန်းကျင်တွင် ကျေးရွာ ၁,၀၀၀ ကျော်မှ လူဦးရေသုံးသိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ သည်။

ထိုစဉ်က ‘ဝ’လက်နက်ကိုင် အဖွဲ့များကို အစိုးရဘက်က မဟာ မိတ်အဖြစ် ဖိတ်ခေါ်မှုကြောင့် ‘ဝ’ တပ်များက အစိုးရတပ်နှင့် ပူး ပေါင်းတိုက်ခိုက်ခဲ့သည်။ လက်ရှိ UWSA (၁၇၁) စစ်ဒေသသည်  ယခင်က MTA ဧရိယာဖြစ်သည်။ လက်ရှိ NCA လက်မှတ်ရေးထိုး ထားသည့် RCSS/SSA သည် MTA လက်နက်ချစဉ်က ခွဲထွက် လာသော အဖွဲ့အစည်းဖြစ်သည်။

ရှမ်းလူမျိုး ဒုက္ခသည်များ တိမ်းရှောင်ခိုလှုံရာ ထိုင်းနယ်စပ်ရှိ  ဒုက္ခသည်စခန်းများကို ပထမဆုံး စတင်တည်ထောင်သည့် ၁၉၉၉ မှ စကာ နိုင်ငံတကာအလှူရှင်များ ကူညီထောက်ပံ့သည့် ရိက္ခာဆန်များကိုသာ မှီခိုအားထားခဲ့ရကြောင်း စခန်းတာဝန်ခံများက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်တစ် လျှောက် ဒုက္ခသည်စခန်းများသို့  ဥရောပသမဂ္ဂနိုင်ငံအချို့၊ နော် ဝေး၊ ဂျပန်စသည့် အလှူရှင်နိုင်ငံ များမှ အဖွဲ့အစည်းများက အများ ဆုံးကူညီထောက်ပံ့သည်။ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများ  ၏ ထောက်ပံ့မှုအပေါ် မူတည်၍ နယ် စပ်ဒေသအကူအညီပေးရေး ညွှန့်ပေါင်းအဖွဲ့ (TBC) က စားနပ် ရိက္ခာနှင့် အမိုးအကာများ စီစဉ် ထောက်ပံ့နေခြင်းဖြစ်သည်။

မြန်မာနှင့် ထိုင်းနယ်စပ်တစ် လျှောက်ရှိ စစ်ဘေးရှောင်စခန်း များအား ရိက္ခာဖြတ်တောက်မည့် သတင်းကို TBC က ပြီးခဲ့သည့်မေ လတွင် ကုန်းကျော်အပါအဝင် စစ် ဘေးဒုက္ခသည် စခန်းများထံသို့ သယ်ဆောင်လာခြင်းဖြစ်သည်။ အောက်တိုဘာတွင် အကောင်အ ထည်ဖော်မည်ဟု ဆိုထားသည်။

ထို့ကြောင့် ဒုက္ခသည်များ ခံစားခွင့်ရရှိနေသည့် နေထိုင်ရာ အမိုးအကာ၊ တစ်လစာ လူကြီး တစ်ဦးအတွက် ဆန်နှင့် ရိက္ခာ ၁၂ ကီလိုနှင့် ကလေးတစ်ဦးအ တွက် ခြောက်ကီလို အထောက်အပံ့ သည် ယခုလမှစ၍ မရေရာတော့ သည့် အခြေအနေဖြစ်လာသည်။

ကုန်းကျော်ဒုက္ခသည်စခန်းရှိ ကလေးငယ်များ (ဓာတ်ပုံ- မောင်တာ)

ကုန်းကျော်စခန်းတွင် အမျိုး သမီးနှင့် ကလေးဦးရေက ပိုများ သည်။ အစားအသောက်၊ ဆေး ဝါး၊ ကလေးများ ပညာသင်ကြား ရေးအတွက် အထောက်အကူပြု ပစ္စည်းများအပါအဝင် စခန်းနေသူ များ၏ မရှိမဖြစ် အသုံးအဆောင် ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို အသုံးပြု နေရခြင်းဖြစ်သည်ဟု ဦးစိုင်းလျှန်း က ရှင်းပြသည်။

ဒုက္ခသည်များသည် ထိုင်းနယ်စပ်ရှိ ငရုပ်နှင့် ကြက်သွန်ဖြူစိုက်သည့် စိုက်ပျိုးရေးခြံအချို့ တွင် လုပ်ကိုင်ကြသော်လည်း လူ မျိုးခြားသူဌေးများ ဖြစ်သည့် အ တွက် တွင်ကျယ်ခြင်းမရှိလှဘဲ တစ်နှစ်လျှင် ရက်တစ်ရာခန့်သာ လုပ်ငန်းခွင် ဝင်ခွင့်ရသည်ဟု ဆိုသည်။ ထို့အတွက် ထောက်ပံ့မှု များကိုသာ အားကိုးခဲ့ရကြောင်း ဦးစိုင်းလျှန်းက ရှင်းပြသည်။

 ‘‘ရက်ကန်းရက်တာတွေ လည်း ရှိတယ်။ အဝတ်ချုပ်တာ တွေလည်းရှိတယ်။ ဒါပေမဲ့ ဈေးကွက်မရတော့ မတွင်ကျယ်ဘူး’’ ဟု ၎င်းကပြောသည်။

 ကူညီထောက်ပံ့ရေးအဖွဲ့ အချို့စခန်းကို လာရောက်ကြည့် ရှုမှုများရှိသော်လည်း ကုလသမဂ္ဂ ၏ အသိအမှတ်ပြုစာရင်းတွင် မပါဝင်သည့် ကုန်းကျော်စခန်း အတွက် အကူအညီရရေး ခက်ခဲနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘အခုချက်ချင်းဖြတ်တောက် ပစ်မယ်ဆိုရင် ကြိုတင်ပြင်ဆင် ထားတာမရှိဘူ။ အဲဒီတော့ အချိန် မယူဘဲနဲ့ ချက်ချင်းလက်ငင်း ဖြတ်တောက်ပစ်မယ်ဆိုရင် တော်တော်ကြီးကို ဒုက္ခရောက်မယ့် အနေအ ထားပေါ့။ ဒါကိုစိုးရိမ်နေကြတယ်။ အာဏာပိုင်အချင်းချင်း ပြောပြီးပြန်လို့ ပြောတာက ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှမ်းပြည်ထဲမှာ တိုက်ပွဲသံတွေ ကြားနေရတော့ တကယ်ကို အေးချမ်းနေပြီ၊ အဆင်ပြေမယ်ဆိုတာကို အာမခံနိုင်တာမျိုး ကျွန်တော်တို့ မျှော်လင့်ပါတယ်’’ ဟု ဦးစိုင်းလျှန်းက ပြောသည်။

ကုန်းကျော်ဒုက္ခသည်စခန်း နှင့် ထပ်တူညီသည့် စိုးရိမ်ချက် သည် မြန်မာနိုင်ငံတောင်ပိုင်းအ ခြား နယ်စပ်တစ်နေရာတွင် ဖြစ်ပွားနေသည်။ ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နိုင်ငံတကာအပါအဝင် အဖွဲ့အစည်းများ၏ ရိက္ခာထောက်ပံ့မှု ၂၀၁၈ ၌ လျော့ကျ မည့် အခြေအနေရှိကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး ဦးဘွယ်စေးက ပြောသည်။

‘‘ဒုက္ခသည်စခန်းတွေမှာ အ ဓိက စိုးရိမ်နေတဲ့ ရိက္ခာပြတ်လပ် မယ်ဆိုတဲ့အပိုင်းပေါ့။ သိရတာက တော့ ၂၀၁၈ အတွင်းမှာ အစား အသောက် ကူညီပံ့ပိုးမှုကတော့ ရှိဦးမယ်။ ဒါပေမဲ့ လျော့ကျလာ မယ်။ သိသိသာသာလို့ပြောပေ မယ့် ဘယ်လောက်ထိ လျော့ကျ မယ်ဆိုတဲ့ အတိုင်းအတာကတော့ မသိသေးဘူး။ ဒီအပြင် ၂၀၁၉ အ တွက်တော့ လောလောဆယ်က ဘာအစီအစဉ်မှ မသိရသေးဘူး’’ ဟု ဦးဘွယ်စေးက ပြောသည်။

ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ လက်ရှိတွင် ကရင်ဒုက္ခသည် စခန်းခုနစ်ခုနှင့် ကရင်နီ (ကယား) ဒုက္ခသည်စခန်း နှစ်ခု စုစုပေါင်း  စခန်းကိုးခုတို့တွင် လူဦးရေ တစ်သိန်းကျော် ရှိနေသည်။

တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KNU) တို့အကြား တိုက်ပွဲများကြောင့် မြန်မာ- ထိုင်း နယ်စပ်တွင် ၁၉၇၅ ကတည်းက စစ်ဘေးဒုက္ခ သည်များ ရောက်ရှိနေပြီး ၁၉၈၈ နောက်ပိုင်း ဒုက္ခသည်အများဆုံး ရောက်ရှိခဲ့ကြောင်း ဦးဘွယ်စေးက ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အလားအလာကောင်းခြင်းနှင့် အ စိုးရသစ်လက်ထက်တွင် စစ်ဘေး ဒုက္ခသည်များကို နေရပ်ပြန်နိုင် ရေး ဆောင်ရွက်မည့် အစီအစဉ် များ ရှိခြင်းကြောင့် ကူညီထောက် ပံ့မှုများ လျော့နည်းလာခြင်းဖြစ် ကြောင်း စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။

သို့ရာတွင် ထိရောက်သည့် အစီအစဉ်နှင့် တိကျသည့် လုပ် ဆောင်ချက်များ မတွေ့ရသေး ကြောင်း ဦးဘွယ်စေးက ပြော သည်။

‘‘မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အခြေအနေ ကောင်းနေပြီလို့ နိုင်ငံတကာက ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်ကတော့ ဒါ  ကို လက်တွေ့ မခံစားရသေးတာ ကို မသိကြသေးဘူး’’ ဟု ဦးစိုင်း လျှန်းကပြောသည်။

မြန်မာရွှေ့ပြောင်းဒုက္ခသည် များကို လက်ခံထားသောထိုင်း အစိုးရက နယ်စပ်ဒုက္ခသည်စခန်း အချို့ကို ဖျက်သိမ်းလိုပြီး ဒုက္ခ သည်အချို့ကို မြန်မာနိုင်ငံသို့ပြန် ပို့ရန် ဆန္ဒရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၆ ဇွန်လ ထိုင်းနိုင်ငံခရီးစဉ် အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဗိုလ် ချုပ်ကြီး(ငြိမ်း)ပရာယွတ်ချန်အို ချာနှင့်တွေ့ဆုံပြီးနောက် မြန်မာ- ထိုင်းနှစ်နိုင်ငံ နားလည်မှုစာချွန် လွှာနှင့်သဘောတူညီချက်စာချုပ် အချို့ကို နှစ်နိုင်ငံသက်ဆိုင်ရာဝန် ကြီးများက အပြန်အလှန်လက် မှတ်ရေးထိုးခဲ့သည်။ ထိုအထဲတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စရပ်များတွင် ဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံ သားများနေရပ်ပြန်ခေါ်နိုင်ရေးဆို သည့်အချက်လည်း ပါဝင်ခဲ့သည်။

ဇူလိုင်တွင် ‘ထိုင်းနိုင်ငံ ရောက်မြန်မာဒုက္ခသည်များနေ ရပ်ပြန်လာရေး မဟာဗျူဟာ မြောက်လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေး ပွဲ’ကိုပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဒုက္ခသည်များကို နေရပ်သို့ ပြန်လာနိုင်ရေးနှင့် ပြန်လည် ပေါင်းစည်းရေးအတွက် လုံခြုံမှု ရှိရှိ၊ ဂုဏ် သိက္ခာရှိရှိပြန်လာနိုင်ရန် ဆောင်ရွက်မည်ဟု နယ်စပ်ရေး ရာဝန်ကြီး ဌာနပြည်ထောင်စုဝန် ကြီးက တရားဝင်ထုတ်ဖော်ပြော ကြားသည်။

ထို့နောက် ၂၀၁၆ အောက် တိုဘာ၌ နေရပ်သို့ တရားဝင်ပြန်ပို့ရေးအစီအစဉ်ဖြင့် ဒုက္ခသည် ၇၁ ဦး မိမိတို့ ဆန္ဒအလျောက် မြန်မာပြည်နေရပ်သို့ ပြန်ခဲ့ကြသည်။

ပဋိပက္ခများကြောင့် မြေဇာ ပင်ဖြစ်ခဲ့သည့် ဒုက္ခသည်များ ၏အနာဂတ်မှာ နယ်မြေတည်ငြိမ် ပြီး ထိုက်သင့်သော အကူအညီ များရရှိမှုအပေါ်မူတည်သည်။ သို့ ရာတွင် နေရပ်ပြန်သူ ဒုက္ခသည် များအတွက် အလုပ်အကိုင် ဖန် တီးပေးရေးသည်  လက်ရှိအချိန် ထိ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည် ဟု ကရင်အရပ်ဘက်အဖွဲ့အချို့ က သုံးသပ်သည်။

လက်နက်ကိုင်အဖွဲ့များက NCA လက်မှတ်ရေးထိုးခဲ့ပြီး ကရင်ပြည်နယ်တွင် ယခင်ကထက် ငြိမ်းချမ်းမှုရှိလာသော်လည်း နေရပ်သို့ပြန်သူ အရေအတွက်က နည်းပါးနေဆဲဖြစ်သည်။

UNHCR က ၂၀၁၄ တွင် ကောက်ယူခဲ့သည့် စစ်တမ်းအရ အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ အပစ်ရပ် သဘောတူညီချက်ကို ထိုင်းနိုင်ငံ ရှိ ဒုက္ခသည်အများစုက သံသယ ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာ ရန်ထက် ထိုင်းနိုင်ငံတွင် ဆက် လက်နေထိုင်ရန် (သို့)အခြားနိုင်ငံ တစ်ခုသို့ ပြောင်းရွှေ့အခြေချရန် ပိုမိုလိုလားသည်ဟု ဆိုသည်။

သို့ရာတွင် UNHCR ၏အစီ အစဉ်များနှင့်တတိယနိုင်ငံများ၏ ဒုက္ခသည်လက်ခံနိုင်စွမ်း ကန့် သတ်ချက်များက ရွှေ့ပြောင်းဒုက္ခ သည်တို့အား အခက်တွေ့စေသည်။

တစ်ဖက်တွင် ၎င်းတို့အနေ ဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်ပြီး အခြေချနေထိုင်ရန်အ တွက် အသက်မွေးဝမ်းကျောင်း အခက်အခဲအပြင် အခြေခံအ ဆောက်အအုံ လိုအပ်ချက်များ လည်း ရှိနေသည်။ ယခင်နေထိုင် ခဲ့ရာ ဒေသများတွင် လက်နက် ကိုင်တပ်များရှိနေခြင်း၊ မိုင်း အန္တ ရာယ်နှင့် မိုင်းရှင်းလင်းရေးပြဿ နာများကို အပြည့်အ၀ဖြေရှင်းနိုင် ခြင်းမရှိသေးသည်မှာလည်း သိ သာသည့်စိန်ခေါ်မှုများဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ဒုက္ခသည်များပြန် လည်နေရချထားရေး အစီအစဉ် ပါဝင်သော်လည်း လက်ရှိငြိမ်း ချမ်းရေးဖြစ်စဉ်အရ အဆိုပါအ ဆင့်သို့ မရောက်သေးကြောင်း ပါဝင်ဆောင်ရွက်သူအချို့က ပြောသည်။

ဒုက္ခသည်များ ပြန်လည်နေ ရာချထားရေးအတွက် ကနဦး ဆောင်ရွက်ရမည့် အဆင့်များ တွင် ပါဝင်သည့်မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်သည်ပင် စတင်နိုင်ခြင်းမရှိသေးပေ။ အဆိုပါအစီအ စဉ်များကို ကရင်ပြည်နယ်တွင် ဦး စားပေးလုပ်ဆောင်မည် ဖြစ် ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC)တာ ၀န်ရှိသူများကထုတ် ဖော်ပြော ကြားထားသော်လည်း လက်ရှိအ ချိန်ထိ စတင်နိုင်ခြင်း မရှိသေး ချေ။

လတ်တလောတွင် ဒုက္ခ သည်စခန်းများတွင် နိုင်ငံတကာ အကူအညီ ဖြတ်တောက်ခြင်းက ဒုက္ခသည်များ အဆင်သင့်မဖြစ်မီ နေရပ်ပြန်ရန် ဖိအားပေးသလို ဖြစ်နေမည်ကို စိုးရိမ်ကြောင်း KRC အတွင်းရေးမှူးဦးဘွယ်စေး က ပြောသည်။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း များရှိ ဒုက္ခသည်များအနေဖြင့် ထောက်ပံ့မှုလျော့နည်းလာသည့် အခြေအနေတွင် ဆက်လက်နေ ထိုင်ခြင်းနှင့် မြန်မာနိုင်ငံသို့ပြန်ကာ မရေရာသည့် အနာဂတ်ကို ရင်ဆိုင်ခြင်းတို့အကြား ရွေးချယ် ရမည့် အခြေအနေရှိနေသည်။

TBC ကလည်း ဒုက္ခသည် များသည် ယာယီအပစ်ရပ်စဲရေး လုပ်ထားသော နေရာဒေသများ သို့ ပြန်သွားဖွယ်ရှိသော်လည်း ၎င်းနေရာ ဒေသများတွင် ငြိမ်းချမ်းရေး သဘောတူညီချက်အရ တစ်စုံတစ်ရာအာမခံချက်မရှိသေးဟု အဖွဲ့၏ ၂၀၁၇-၁၉ လုပ်ငန်းမဟာဗျူဟာ၌ ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် မြန်မာနှင့် ထိုင်းအစိုးရအကြား နှစ်နိုင်ငံဒုက္ခသည်များ ပြန်ပို့ရေးကိစ္စကို  ဆက်လက်ဆွေးနွေးနေကြစဉ် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် အထင် အရှားတွေ့မြင်လာရသည့်စီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအချို့ကြောင့် ဒုက္ခသည် အရေး ဖြေရှင်းရေးသည် ဖိအား ပိုလာဖွယ်ရှိကြောင်း TBC က သုံးသပ်သည်။

ဒုက္ခသည်စခန်း လူဦးရေ သည်  ပြောင်းလဲမှုများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စခန်းနေလူထုကို ကူညီဆောင်ရွက်ပေးရန် ရန်ပုံငွေယုတ်လျော့မည်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းဒေသအတွင်း ပြန် လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရန်ပုံငွေရစရာ အခွင့်အလမ်းများသည် တဖြည်းဖြည်း ဆက်လက်ပြောင်း လဲနေမည်ဟု တွက်ဆကြောင်း TBC က ဆိုသည်။

TBC အနေဖြင့် မြန်မာအစိုးရ နှင့် ဆက်ဆံရေးကို နယ်စပ်ရေး ရာဝန်ကြီးဌာနမှတစ်ဆင့် တရား ဝင်ဖြစ်ရန် ဆောင်ရွက်ကာ မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်သည့် မြန်မာနိုင်ငံ မှ ဒုက္ခသည်များ ၂ နှစ်အတွင်း နေရပ်ပြန်ရေး အလေးထားလုပ် ဆောင်မည်ဟု မဟာဗျူဟာချထားသည်။

 ‘‘ဒီတစ်လျှောက်လုံး ထိ ရောက်တဲ့ ကူညီမှုတွေက နိုင်ငံတကာက လာကြတာ။ အကူအညီ ပေးမှုတွေအတွက် ပြည်တွင်း လာဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတယ်’’ ဟု KRC ဘဏ္ဍာရေး မှူး ဒေါ်နော်ဘလူးမင်းနိုင်ဇံက ဆို သည်။

 နေရပ်မပြန်နိုင်သေးသည့် အခြေအနေ အပါအဝင် ဒုက္ခသည်များ ကြုံတွေ့နေရသည့်အခက် အခဲများသည် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) လက်မှတ်ရေး ထိုးထားသော်လည်း ဒေသတွင်း တည်ငြိမ်မှုမရှိခြင်း၊ NCA နှင့်အတူ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်နိုင်မှု မရှိခြင်းတို့ အပေါ် မူတည်ကြောင်းတိုင်းရင်းသားအရေး လေ့လာသုံးသပ်သူများက ဆိုသည်။

‘‘ခုလို ရိက္ခာဖြတ်မယ်ဆိုတဲ့ အခါမှာ ဒီအချက်တွေကြောင့် ဒုက္ခသည်တွေက ပြန်မလာနိုင်သေး ဘူး။ ဒီ NCA ပြဿနာနဲ့ ဒေသထူ ထောင်ရေး ပြဿနာကို မဖြေရှင်း နိုင်ရင်တော့ အခက်အခဲဖြစ်မယ် ထင်တယ်။ မြန်မာအစိုးရဘက် ရော၊ ထိုင်းအစိုးရဘက်ရော’’ ဟု တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။

သုံးနှစ်ကြာ စေ့စပ်ဆွေးနွေး ပွဲများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံအစိုးရနှင့် ကေအင်န်ယူ(ကရင်အမျိုးသားအစည်းအရုံး) အ ပါအဝင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က ၂၀၁၅အောက်တိုဘာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ ဘောတူစာချုပ် (NCA) ကို လက် မှတ်ရေးထိုးခဲ့ကြသည်။

KNU အထွေထွေအတွင်း ရေးမှူး (၂) ပဒိုစောလှထွန်းကမူ ဒုက္ခသည်များအရေးနှင့်ပတ် သက်၍ ယခုကဲ့သို့ ပြောသည်။

‘‘သက်ဆိုင်သူတွေအနေနဲ့ ဒုက္ခသည်တွေကို မျက်ကွယ်မပြု ပါဘူး။ တစ်ဆင့်ချင်းသွားနေတဲ့ နေရာမှာ အဲဒီအဆင့်ကို မရောက် သေးတာပေါ့။ ဒါပေမဲ့ ငြိမ်းချမ်းရေးအခြေအနေအရ ဒီအတွက် မှန်းပြောဖို့ကလည်း ခက်နေတယ်’’

လတ်တလောတွင် မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက် ဒုက္ခ သည်များ အကူအညီရရေး ပြည် တွင်းအဖွဲ့အစည်းများက ထုတ် ဖော်ပြောကြားလာမှုလည်း ရှိသည်။ နယ်စပ်တွင် ခိုလှုံနေထိုင် နေသည့် ဒုက္ခသည်များနှင့် ပြည် တွင်းရွှေ့ပြောင်းနေထိုင်ရသူများ အတွက် ရိက္ခာဖြတ်တောက်ခြင်း မပြုရန် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU)က နိုင်ငံတကာအလှူရှင်များထံ စက်တင်ဘာလကုန်ပိုင်းက တောင်းဆိုချက် ထုတ်ပြန်ထားသလို ကရင်အရပ် ဘက် အဖွဲ့အစည်းများကလည်း ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားလာသည်။

‘‘အစိုးရအနေနဲ့က နယ်စပ် မှာရှိတဲ့ တိုင်းရင်းသားပြည်တွင်း နေရပ်ရှောင်တွေကို၊ ပြည်တွင်း မှာ ပဲ လှည့်ပတ်ပြေးလွှားနေရမယ့် ဒုက္ခသည်တွေကို ကူညီဖို့ဆိုပြီး တော့မှ နိုင်ငံတကာကို နှိုးဆော် ထားတာရှိတာပေါ့နော်။ အဲဒါက အမှန်တကယ်ကော ထိရောက်မှုရှိမလား၊ လူသားချင်းစာနာ ထောက်ထားမှုအရ ကျွန်တော်တို့တိုင်းရင်းသားပြည်သူဖြစ်နေတာ ချင်းအတူတူ ဘယ်နေရာပဲ ရောက်ရောက် တစ်ပြေးတည်း ကူညီရင် ပိုပြီးအဆင်ပြေမယ်လို့မြင်တယ်’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်ကဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ် နှင့် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း များအား နိုင်ငံတကာက စားနပ် ရိက္ခာဖြတ်တောက်မှုများအတွက် စခန်းတာဝန်ခံတို့က ထုတ်ပြန် ချက်များဖြင့် အသိပေးတောင်းဆို ထားသလို နီးစပ်သည့် အဖွဲ့အစည်းများကတစ်ဆင့် အကူအညီရရှိနိုင်ရေး ကြိုးစားနေသည်။

ရိက္ခာဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာအလှူရှင် များနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးထံ မေတ္တာရပ်ခံထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ သည့်အပေါ် ဆက်လက်ရပ်တည်နိုင်ရေး စိုးရိမ်နေကြောင်းလည်း ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး တစ်နေရာတွင်ရှိသည့် အီတူးထာ့ IDP စခန်းမှ တာဝန်ခံတစ်ဦးက ဆိုသည်။

ဒုက္ခသည်များ၏ အခြေအ နေနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့်အပိုင်းများအ တွက် အလှူရှင်များ၊ သက်ဆိုင် ရာအဖွဲ့အစည်းများနှင့် ဒုက္ခသည် စခန်းများမှ ကိုယ်စားလှယ်များပါ ၀င်မည့် အစည်းအဝေးတစ်ရပ် ကို နိုဝင်ဘာတတိယပတ်တွင် ပြုလုပ်မည့် အစီအစဉ်ရှိရာ သတင်း ကောင်းတစ်ခု မျှော်လင့်မိကြောင်း ဦးဘွယ်စေးက ပြောသည်။

ဦးစိုင်းလျှန်းကမူ လတ်တ လောအခြေအနေနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆိုသည်။

‘‘အခြေအနေတွေ ပြောင်းလဲတော့မယ်ဆိုတော့ အရင်နေ တဲ့ နေရာဆီ ပြန်မလားဆိုပြီး စဉ်းစားတယ်။ ဒါပေမဲ့ ဘ၀အာမခံ ချက်မရှိသေးဘူး။ ဒါကြောင့် ရိက္ခာမပြတ်ဖို့အတွက်ပဲ ကျွန်တော်တို့ တတ်နိုင်သလောက် အော်နေရ တာပေါ့’’