မောင်တောနယ်စပ်ကုန်သွယ်မှုရပ်ဆိုင်းနေ၍ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ကုန်အချို့ ရန်ကုန်သို့ ပြန်ပို့ရ

 မောင်တောနယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ရန် မောင်တော နယ်စပ်သို့ ရောက်ရှိနေသည့် ပို့ ကုန်များအနက် ပုပ်သိုးပျက်စီး လွယ်သော ကုန်များကို ရန်ကုန် ဈေးကွက်သို့ ပြန်ပို့ခဲ့ရကြောင်း နယ်စပ်ကုန်သွယ်သူများက ပြောသည်။

မောင်တောဒေသရှိ ရဲစခန်း ၃၀ ကျော်ကို (ARSA) အကြမ်းဖက်သမားများက တိုက်ခိုက်သည့် သြဂုတ် ၂၅ ရက်မတိုင်မီ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့မည့် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ချင်းစိမ်း၊ ဆန်နှင့် ငါးခြောက်ပို့ကုန်များသည် မောင်တောကုန်လှောင်ရုံတွင် လှေအစီးရေ ၃၀ စာခန့် ရှိနေကြောင်းမောင်တောဒေသခံ ကုန်သည်ဦးသိန်းမောင်က ပြောသည်။


‘‘ငါးမြစ်ချင်းက တာရှည်မခံ တဲ့အတွက် ရန်ကုန်ဘက်ကို ပြန် ပို့လိုက်ရပါတယ်။ ချင်းကလည်း အချိန်ကြာလာတော့ ပျက်စီးလာ ပါတယ်။ ငါးခြောက်နဲ့ဆန်က တော့ ကုန်ခြောက်တွေဖြစ်တဲ့အ တွက် တာရှည်ထားလို့ရပါတယ်’’ ဟု ၎င်းက ဆိုသည်။

မောင်တောဆိပ်ကမ်းတွင် ရောက်ရှိနေသည့် ပို့ကုန်များ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ရေး မောင်တောနယ်စပ်ကုန်သည်များအသင်းက ပြည်နယ် အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးထံ တင်ပြထားကြောင်း၊ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုန်သည်များအသင်းနှင့်လည်း ဆက်သွယ်နေကြောင်း မောင်တောနယ်စပ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။

 မောင်တောနယ်စပ်ကုန် သွယ်မှုလုပ်ငန်းကို ကုန်သွယ်ရေး ဌာနက တရားဝင်ပိတ်ထားခြင်းမဟုတ်ဘဲ ပို့ကုန်တင်လှေများတွင် လိုက်ပါမည့် အလုပ်သမားများ လိုက်ပါခွင့်မရရှိသေးသဖြင့် ကုန်သွယ်မှုရပ်ဆိုင်းနေခြင်းဖြစ်ကြောင်းကုန်သွယ်သူများက ပြောသည်။

 မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား တစ်နိုင်တစ်ပိုင်ကုန်သွယ်မှုလုပ်ငန်း သည် အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်က စတင်ရပ်ဆိုင်းခဲ့ရာ ယခုတစ်နှစ်ကျော်ပြီဖြစ်သည်။

More in Regional Section