လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ယာဉ်များကို တားဆီး၍ ဒေသခံများ ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင်ဒေသခံအချို့ မုံရွာ−ပုသိမ်ကားလမ်းတွင် ဆန္ဒထုတ်ဖော်နေစဉ်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်း ဆည်းခံလယ်ယာမြေများအစား မြေဧက ၁,၉၀၀ ဖော်ထုတ်ပေးရေး အောက်တိုဘာ ၉ ရက်တွင် ဒေသခံများက စီမံကိန်းယာဉ်များကို တားဆီးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

  လက်ပံတောင်းဒေသခံ တောင်သူများသည် အောက်တို ဘာ ၉ ရက် ညနေ ၆ နာရီခန့်က မိုးကြိုးပြင်အလယ် ကျေးရွာအနီး မုံရွာ - ပုသိမ်ကားလမ်းမတွင် သပိတ်စခန်းဖွင့်၍ ကြေးနီစီမံကိန်းမှ ယာဉ်များကိုတားဆီးခဲ့ကာ ဆန္ဒပြခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် တုံတောကျောင်းကျေးရွာနေဒေါ်စန်းနွဲ့က ပြောသည်။


‘‘ဝမ်ပေါင်တာဝန်ခံကနေပြီး တော့ သတင်းသမားတစ်ယောက် ကို ဖြေလိုက်တာက သိမ်းဆည်း ထားတဲ့ မြေဧက ၇,၀၀၀ ထဲက အစားထိုးမြေဧက ၁,၉၀၀ ကို လုံးဝ ဖော်ဆောင်မပေးနိုင်ပါဘူး။ ဒီနှစ်လအတွင်း သိမ်းထားတဲ့ မြေ ဧကခုနစ်ထောင်ကို စီမံကိန်း အုတ်တံတိုင်းတွေ အပြီးခတ်မယ်။ ရွာတွေအပြီးရွှေ့ခိုင်းရမယ်လို့ ဖြေလိုက်တဲ့အတွက် ပြဿနာကို ပြေလည်အောင် မဖြေရှင်းဘဲ ဒေသခံတွေကို မထီမဲ့မြင်ပြုပြီး စိန်ခေါ်လိုက်တဲ့အတွက် ဒါတွေ လုပ်လိုက်ရခြင်းဖြစ်ပါတယ်’’ဟု ဒေါ်စန်းနွဲ့က ပြောသည်။

  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ သည် ဆန္ဒထုတ်ဖော်နေသော ဒေသခံတောင်သူများနှင့် အောက်တိုဘာ ၁၀ ရက် နံနက်က မိုးကြိုးပြင်အလယ်ကျေးရွာ အနီးရှိသပိတ်စခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ‘‘ဒီနေ့က ငြိမ်းချမ်း ရေးဆုတောင်းပွဲလုပ်မယ့်နေ့ ဖြစ် တဲ့အတွက် ရုန်းရင်းဆန်ခတ်မှု တွေ မဖြစ်အောင် ညှိနှိုင်းထားခဲ့ တယ်။ ကားတွေလည်း အန္တရာယ် မဖြစ်အောင် ကားတွေကို ဆွဲ ထုတ်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးရိမ်ရတယ်။ အရင်တစ်ခါကလည်း တစ်ရက်၊နှစ်ရက်လောက် ညှိနှိုင်းလိုက်တဲ့အခါ ပြေလည်မှုရ သွားတာလည်းရှိတယ်။ ဒါတွေလည်း ဥပဒေနဲ့မညီဘူး။ နောက်ရက်တွေမှာ ဆွေးနွေးမှုမရရင် လုပ်သင့်လုပ်ထိုက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ရမယ်’’ဟု ပြောသည်။

ကြေးနီစီမံကိန်း စုံစမ်းစစ် ဆေးရေးကော်မရှင် အစီရင်ခံစာ အကြံပြုချက်တွင်ပါရှိသော စီမံ ကိန်းအနီးတစ်ဝိုက် လုပ်ကိုင်စား သောက်၍ရသော အစားထိုးမြေ ဧက ၁၉၀၀ ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်း တွင် ဆန္ဒထုတ်ဖော်မှုနှစ်ကြိမ် ပြု လုပ်ခဲ့ပြီး ယခုအခါ ကြေးနီစီမံ ကိန်းယာဉ်များကို တားဆီး၍ ထပ်မံ တောင်းဆိုခြင်းဖြစ်ကြောင်း၊ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း ဒေါ်စန်းနွဲ့က ဆိုသည်။

Top News