မုန်တိုင်းငယ် ရှမ်းပြည်နယ်အနီးသို့ ရွေ့လျားလာ၊ ဒေသရှစ်ခု လေပြင်းနှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

 တောင်တရုတ်ပင်လယ် မှ မုန်တိုင်းငယ်သည် ရှမ်းပြည် နယ်အနီး ရွေ့လျားလာနေ၍ ဒေသရှစ်ခု၌ လေပြင်းနှင့်နေရာကွက်မိုးကြီးမည့်အန္တရာယ် သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၂ နာရီ တိုင်းတာချက်အရ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းငယ်သည် ရှမ်းပြည်နယ်အနီး ရွေ့လျားလာနေပြီး ရှမ်း၊ ကယား၊ ကရင်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်း၊  မန္တလေးတိုင်း၊ မကွေးတိုင်းနှင့်  စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် အောက်တိုဘာ ၁၃ ရက်အထိ နေရာအနှံ့မိုးရွာနိုင်ကာနေရာ ကွက် မိုးကြီးနိုင်ကြောင်း ၎င်းက သတိပေးသည်။

‘‘ဒီမုန်တိုင်းငယ်ဟာ မြန်မာ နိုင်ငံအတွင်း မရောက်မီ အား လျော့သွားနိုင်ပါတယ်။ မိုးက လည်းကောင်းနေလို့ ဖျက်မိုးကို သတိထားဖို့လိုတယ်။ ရှမ်းပြည် နယ်ဘက်ကနေ ကချင်ပြည်နယ်ဘက်ကို ရွေ့လျားနိုင်တယ်။ မိုးနဲ့အတူ မိုးသက်လေပြင်းလည်း တိုက်ခတ်နိုင်ပါတယ်’’ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်ခန့် ရှိနိုင်ပြီး မိုးလေ၀သပညာရပ်ဆိုင်ရာ အသုံးအနှုန်းအရ လေပုန်းတိုက်ခတ်မှု (Gusty Wind-လေပြင်းကျချိန် ပို၍ပြင်းထန်သောလေ တစ်ခါတစ်ရံ တိုက်ခတ်မှု)သည် တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

လတ်တလောဖြစ်ပေါ်နေ သော မုန်တိုင်းငယ်နှင့်ပတ်သက် ၍ အလွန်အကျူးရေးထားသော သတင်းအချို့လူမှုကွန်ရက်တွင် အောက်တိုဘာ ၁၀ ရက်က ပျံ့နှံ့ခဲ့ပြီး လူထု စိုးရိမ်မှုများရှိခဲ့သည်။ သတင်းအမှားများကို စိစစ်ဖတ်ရှုရန်နှင့် တရားဝင် သတင်းထုတ်ပြန်မှုများကိုသာ ဖတ်ရှုရန် ဒေါက်တာထွန်းလွင်က အကြံပြုသည်။

‘‘ခဏခဏလည်း သတိပေး နေပါတယ်။ လူမှုကွန်ရက်မှာဆို ရင်လည်း official page (တရား ၀င်ဖေ့စ်ဘွတ်ခ်စာမျက်နှာ)တွေ ကိုသာကြည့်ပါ။ ဆရာ့ page နဲ့ မိုးဇလဌာနထုတ်ပြန်ချက်တွေကို ကြည့်ပြီး လိုက်နာပေါ့’’ဟု ၎င်းက ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်၊ မန္တလေး၊ မကွေး၊  ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း (တောင်ပိုင်း)၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန် သည်။ ထို့အပြင် လာမည့်ရက်အ တွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပုံမှန်ထက် မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။