တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ၂ နှစ်တိုင်ခဲ့ပြီ

၂၀၁၅ အောက်တိုဘာ ၁၅ရက်က ကျင်းပသော တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် သမ္မတဦးသိန်းစိန်လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး သော ပြည်တွင်းစစ်တည်ရှိသည့် တိုင်းပြည်၏ အစိုးရတစ်ရပ်ကို ဆက်ခံရပြီးနောက် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး စိတ်အားထက်သန်စွာ ဦးဆောင်လုပ်ကိုင်နေသည်။

‘‘ငြိမ်းချမ်းရေးဆိုတာ ရသင့်တာကြာပါပြီ။ အခုအချိန်ဟာ နောက်မစောင့်သင့်တော့ပါဘူး။ အားလုံးဝိုင်းပြီးတော့ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်နိုင်အောင်လို့ အားလုံးဝိုင်းဝန်းကူညီကြပါ’’ဟု သူက မေတ္တာရပ်ခံခဲ့ဖူးသည်။ NCA (တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) တွင်ပါဝင်၍ ငြိမ်းချမ်းရေးဆောင်ရွက်ရန်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သူကအကြိမ်ကြိမ် တိုက်တွန်းဖူးသည်။ သို့သော် ၂၀၁၇ နှစ်ကုန်ပိုင်းသို့ ရောက်သည့်အချိန်ထိ ၎င်း၏ ဆန္ဒမပြည့်ဝသေးပေ။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည်မှာ ရက်ပိုင်းအတွင်း ၂နှစ် ပြည့်တော့မည်။

NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြရာ ၂နှစ်အတွင်း ရလဒ်မှာတိုးတက်မှုနှင့် စိန်ခေါ်မှုအခက်အခဲများ ရောပြွမ်းနေသည်ဟု ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ်များနှင့် လေ့လာသူများက ဆိုသည်။

‘‘၂ နှစ်အတောအတွင်းမှာ တိုးတက်မှုလည်းရှိတာပေါ့။ နောက်ပြီးတော့ စိန်ခေါ်မှုလည်းရှိတယ်။ အခက်အခဲလည်းရှိတယ်’’ ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက NCA လက်မှတ်ရေးထိုးမှု ၂ နှစ်တာ အခြေအနေအပေါ် မှတ်ချက်ပြုသည်။

KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

၎င်းတို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု  ကရင့်တပ်မတော် (DKBA) နှင့် KNLA ငြိမ်းချမ်းရေးကောင်စီ တို့ဖြစ်သည်။

‘‘၂ နှစ်ပြည့်ပြီးတဲ့အချိန်မှာ တော့ တစ်စုံတစ်ရာတော့ အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် တည်ဆောက်နိုင်တယ်။ ငြိမ်းချမ်းaရးလုပ်ငန်းစဉ်ရှေ့ကို တစ်လှမ်းချင်းတိုးနေတာပေါ့။ မကောင်းတဲ့ လက္ခဏာတွေက တိုးတက်နှုန်း နှေးကွေးတာတို့၊ NCA လက်မှတ်ထိုးဖို့ အဆင်သင့်မရှိသေးတဲ့အဖွဲ့aတွက တိတိကျကျ ထိုးပါ့မယ်။ ဘယ်အချိန် ဘယ်ရက်ဆိုတဲ့ ရလဒ်မျိုးကလည်း မထွက်လာaသးဘူး’’ဟု PNLO ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

၂ နှစ်အတွင်း အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့အကြား နိုင်ငံရေးဆွေးနွေးခဲ့ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချနိုင်ခဲ့ခြင်းတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အောင်မြင်မှုဖြစ်ပြီး NCA အကောင်အထည်ဖော်ရာတွင် တိုးတက်မှုနှုန်းနှေးကွေးနေခြင်း၊ ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် မပါဝင်လာနိုင်သေးခြင်းနှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းတို့က အခက်အခဲဖြစ်နေသည်ဟု ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ နှင့် လေ့လာသူများက မတူညီစွာပြောသည်။

NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု သိသာစွာလျှော့ချနိုင်ခဲ့သော်လည်း တပ်မတော်နှင့် NCA မထိုးရသေးသည့် အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။

NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအနက် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) မှလွဲ၍ ကျန်အဖွဲ့များနှင့် တပ်မတော်အကြား ပဋိပက္ခအချို့ရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ပင်။

တပ်မတော်နှင့် RCSS တို့အကြား ၂ နှစ်အတွင်း တိုက်ပွဲအကြိမ်နှစ်ဆယ်ထက်မနည်း ဖြစ်ပွား ကာ နယ်မြေသတ်မှတ်မှုရှင်းလင်းjခင်းမရှိ၍ဟု နှစ်ဖက်ကိုယ်စားလှယ်များက အကြောင်းပြသည်။

NCA လက်မှတ်မထိုးမီ ၂ နှစ်နှင့် လက်မှတ်ထိုးပြီး ၂ နှစ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက တိုက်ပွဲဖြစ်ပွားမှုသည် ယျေဘုယျအား ဖြင့် ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

၎င်းသည် NCA အရဖွဲ့စည်းထားပြီး နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် အပစ်ရပ်ပူးတွဲ စောင့်ကြည့်ကော်မတီ (JMC) တွင် တာဝန်ယူခဲ့သူ ဖြစ်သည်။

ထိုကော်မတီအနေဖြင့် တပ်မတော်နှင့် NCAလက်မှတ်ထိုးအဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများဖြစ်လာပါက ညှိနှိုင်းဖြေရှင်းခဲ့သည်။

‘‘လက်မှတ်မထိုးတဲ့ အဖွဲ့တွေကတော့ ဒီ NCA လက်မှတ် မထိုးခင်ကနဲ့ ထိုးပြီးတဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ တိုက်ပွဲအရှိန်အဟုန်တွေ မြင့်လာတာကို ကျွန်တော်တို့ တွေ့ရတယ်။ အထူးသဖြင့် ဒီရှမ်းမြောက်ဒေသမှာ တိုက်ပွဲ အများဆုံး ကျွန်တော်တို့တွေ့ရတယ်။ ကချင်ပြည်နယ်ကတော့ ဒုတိယတိုက်ပွဲ အများဆုံးနေရာ ဖြစ်တာကို တွေ့ရတယ်’’ ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြော ကြားသည်။


လက်မှတ်ရေးထိုးပြီးနောက် အမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ် (ဓာတ်ပုံ-စိုင်းဇော်)

ကချင်အဖွဲ့ (KIA)၊ တအောင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျန်အဖွဲ့များနှင့် တင်းမာမှုအချို့၊ ပဋိပက္ခအချို့မှလွဲ၍ ကြီးကြီးမားမား တိုက်ပွဲများ မဖြစ်ခဲ့ပေ။

တိုက်ပွဲများ ဆက်ရှိနေခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပြစရာ ဖြစ်သော်လည်း လွတ်လပ်ရေးရပြီးကတည်းက ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများ ရပ်တန့်ရေးအတွက် အချိန်ယူရမည်ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

‘‘တစ်ဆင့်ပြီးတစ်ဆင့်နဲ့ တစ် နိုင်ငံလုံးမှာ တိုက်ပွဲတွေချုပ်ငြိမ်းသွားဖို့ အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ သဘောထားတော့ရှိပါတယ်’’ ဟု သူကပြောသည်။

လက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာ များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် NCA စာချုပ်ပါ အချက်များ အကောင်အထည်ဖော်ရန် နိုင်ငံရေးလမ်းပြ မြေပုံချမှတ်၍ ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေး လမ်းပြမြေပုံတွင် NCA လက်မှတ်ထိုးခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခြင်း၊ မူဘောင်ကိုအခြေခံပြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း၊ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊ ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်း စသည်တို့ပါဝင်သည်။

နိုင်ငံရေးလမ်းပြမြေပုံပါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းကို ယခင်အစိုးရလက်ထက်တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး အစိုးရသစ်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးဟူ၍ အမည်ပေးကာ နှစ်ကြိမ်ကျင်းပခဲ့ သည်။

‘‘၂ နှစ်တာကာလအတွင်းမှာ ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်။ အဲဒီမှာ တတိယအကြိမ်မှာ နိုင်ငံရေးသဘောတူညီချက်တွေ ရယူ နိုင်တယ်’’ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ယခုနှစ် မေလက ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး (တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းကို ရည် ညွှန်းခြင်းဖြစ်သည်။

ယင်းသို့ သဘောတူညီမှုများ ရရှိသော်လည်း ညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်း အပါအ၀င် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါအတိုင်း မဆောင်ရွက် ခြင်းနှင့် NCA အကောင်အထည်ဖော်ရာ လုပ်ငန်းစဉ်အဆင့်တိုင်း တွင် အားနည်းချက်များရှိနေခြင်းတို့ကို တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးပါတီများက ထောက်ပြသည်။

ထို့နောက်ပိုင်းတွင် NCA လက်မှတ်ထိုးအဖွဲ့များက NCA အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များ ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးအပြီး လေးလကျော် ကြာသည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ မပြုလုပ်နိုင်ခဲ့ပေ။

တစ်ဖက်၌လည်း NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသော မြောက်ပိုင်းလက်နက်အဖွဲ့ခုနစ်ဖွဲ့၏ စုဖွဲ့မှုနှင့် NCA လက်မှတ်ထိုးနိုင်ရေးညှိနှိုင်းနေသည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) စုဖွဲ့မှုဟူ၍ ကွဲပြားသွားသည်။

မြောက်ပိုင်းခုနစ်ဖွဲ့တွင် ‘၀’ အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ ပါဝင်ပြီး UWSA က ဦးဆောင်သည်။ NCA တွင် တိုင်းရင်းသားများ၏ လိုလားချက်မပြည့်စုံဟု ၎င်းတို့က အကြောင်းပြသည်။

NCA အတိုင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် အစိုးရနှင့် တပ်မတော်ကမူ မြောက်ပိုင်းခုနစ် ဖွဲ့၏ စုဖွဲ့မှုကို လက်မခံ၍ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ မလုပ်နိုင်ဘဲ ဖြစ်နေသည်။

ငြိမ်းချမ်းရေးလမ်းစဖြစ်ပေါ် စေရန် အစိုးရနှင့်တပ်မတော်အနေ ဖြင့် သဘောထားကြီးစွာဖြင့် မြောက်ပိုင်းခုနစ်ဖွဲ့ကို စုပေါင်း တွေ့ဆုံသင့်ဟု TNLA ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက အဆိုပြုသည်။

‘‘ညီလာခံနီးပေမယ့်လည်း ကျွန်တော်တို့က ဘာမှတွေ့ဆုံမှု မရှိဘူး။ ညီလာခံသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ အဓိက က အစိုးရပဲ ပြောရမလား၊ တပ်မ တော်ပဲ ပြောရမလား သဘောထား ကြီးကြီးနဲ့ ကျွန်တော်တို့ ခုနစ်ဖွဲ့ကို လက်ခံတွေ့မှပဲ ဒီနိုင်ငံရေးဖြစ်စဉ် က လမ်းစမြင်မယ်’’ဟု ၎င်းကပြော ကြားသည်။

NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင် ရွက်မည်ဆိုသည့် UNFC အနေဖြင့်လည်း အစိုးရနှင့် ညှိနှိုင်းနေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်သော်လည်း UNFC အဖွဲ့ဝင်များ NCA လက်မှတ်ထိုးနိုင်ရေးမရေရာသေးပေ။

UNFC ကိုမွန်အဖွဲ့ (NMSP)၊ကရင်နီအဖွဲ့ (KNPP)၊ ရခိုင်အဖွဲ့ (ANC)၊ လားဟူအဖွဲ့ (LDU) စ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။

နိုင်ဟံသာအနေဖြင့်လည်း စက်တင်ဘာလဆန်းက အစိုးရ သစ်လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်လုပ်ကိုင် နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အောင်မြင်ရေး အကြံပြု ချက်ပေးခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုးတက်မှုနှေးနေသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအကြံပေးရန် ပြောကြားသည့် အပေါ် အကြံပြုခြင်းဖြစ်သည်ဟု နိုင်ဟံသာကပြောသည်။

‘‘(၁)အချက်ကတော့ သက် ဆိုင်တဲ့ အဓိကလက်နက်ကိုင်အင် အားစုအားလုံးပါဝင်ရေး၊ (၂) အ ချက်က မူဘောင်ကို အားလုံးပါဝင်ဆွေးနွေးပြီးတော့ အခိုင်အမာချမှတ်သွားဖို့၊ (၃) အချက်ကျတော့ မူဘောင်အတိုင်း လုပ်ငန်းကို တစ်ဆင့်ပြီးတစ်ဆင့် ကျေကျေညက်ညက်နဲ့ ကျေလည်အောင်၊ ပြီးတော့မှ နောက်တစ်ဆင့်တက်ဖို့ အဲဒီလိုအကြံပေးခဲ့တယ်’’ဟု နိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည်အား အကြံပြုခဲ့သည့်အချက်များကို ပြန်ပြောင်းပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက် မှု နှေးနေသည်ဟု သုံးနှုန်းပြောဆို သော်လည်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ကြုံနေသည်ဟု မှတ်ချက်ပြုသည်။

‘‘၂၀၁၅ အောက်တိုဘာမှာ NCA လက်မှတ်ထိုးပြီးတဲ့ အချိန်မှာ ဒီ NCA လမ်းကြောင်းသွားမယ်လို့ ဆုပ်ကိုင်လိုက်တာကနေ စပြီးတော့ ဒီဟာ အခက်အခဲရှိတယ်လို့၊ ပြဿနာဖြစ်လာတယ်လို့ ထင်တယ်။ ဒီNCA လမ်းကြောင်းပေါ်မှာကလည်း ကျေလည်တာရှိတယ်၊ မကျေလည်တာရှိတယ်’’ဟု ၎င်းကဆိုသည်။

ဆက်လက်၍ ဦးမောင်မောင်စိုးက ‘‘သွားချင်တာကတော့ တကယ်တမ်းက ဒီနိုင်ငံရေးဆွေးနွေးမှုပြဿနာဖြေရှင်းရေးဖြစ်တယ်။ အဖွဲ့အားလုံးသည် စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ပြဿနာတွေ ဖြေရှင်းရေးဖြစ်ပါတယ်။

dအဲဒီအနေအထားကို လောလောဆယ်တော့ NCA လက်မှတ်ထိုးမှဖြစ်မယ်ဆိုတဲ့အနေအထားနဲ့ ကန့်သတ်ထားတဲ့အခါမှာ NCA သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတော်ကို ပြန်လည်သုံးသပ်ရမယ့်အရာလို့ မြင်ပါတယ်’’ ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ NCA လမ်းကြောင်းပေါ်တွင်သာ လျှောက်လှမ်းရန်လိုအပ်ကြောင်းနှင့်တပ်မတော်၏ငြိမ်းချမ်းရေးမူခြောက်ရပ်သည် ပကတိလိုအပ်ချက်များကြောင့်ပင်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏သဘောထားကို မကြာသေးမီက ပြောကြားထားသည်။

အစိုးရသစ်လက်ထက်တွင် NCA ကိုအခြေပြုသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတိုင်း ဆောင်ရွက်နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြား ပါဝင်ခြင်းမရှိသည့်အခြေအနေမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော် ၏ အခန်းကဏ္ဍနှင့် ဆုံးဖြတ်ပိုင်ခွင့်များက ကြီးမားလွန်းနေခြင်းကြောင့်ဟု မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ကအောက်တိုဘာ ၉ ရက်တွင်ထုတ်ပြန်သည့် ကြေညာစာတမ်း၌ ဖော်ပြထားသည်။

ယင်းသို့တပ်မတော်၏ အခန်းကဏ္ဍနှင့် ဆုံးဖြတ်ပိုင်ခွင့်ကြီး မားနေခြင်းက နိုင်ငံရေးဆွေးနွေးပွဲများ၏ တန်းတူညီမျှ ဆွေးနွေး အဖြေရှာမှုကို အကန့်အသတ်များ ဖြစ်ပေါ်စေသည်ဟု Generation Wave က ၎င်းတို့အမြင်ကို ဖော်ပြ သည်။မြန်မာနိုင်ငံ၏ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်ဘောင်များအတွင်းသာ တည်ရှိနေသည့် အနေအထားဖြစ်သည်ဟုလည်း မှတ်ချက်ပြုသည်။

အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေ၏ကန့်သတ်မှုများကို ကျော်လွှား၍ အနာဂတ်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရမည်များကို အင် အားစုအားလုံးနှင့် တစ်စိတ်တစ် ၀မ်းတည်းလက်တွဲဆောင်ရွက်ရန် မှာ လက်ရှိကာလ၏ မရှိမဖြစ်လို အပ်ချက်ဖြစ်သည်ဟု Generation Wave ကဆိုသည်။

တပ်မတော်၏ငြိမ်းချမ်းရေးမူ ခြောက်ရပ်အနက် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်စသည့်အ ချက်တို့က တိုင်းရင်းသားအဖွဲ့အ စည်းများအတွက် အခက်အခဲဖြစ် စေသည်ဟု UNFC ဥက္ကဋ္ဌနိုင်ဟံသာက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့မတိုးနိုင်သည့် အခြေအနေကို ကျော်လွှားရန် သက်ဆိုင်ရာခေါင်းဆောင်များအကြား အလွတ်သဘောညှိနှိုင်းမှုများပြုလုပ်ရန် NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ နှင့် မထိုးရသေးသည့်အဖွဲ့များက အဆိုပြုထားသည်။

အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံနိုင်မည့်အခင်းအကျင်းတစ်ခုက မကြာမီရက်ပိုင်းအတွင်း ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်။ ယင်းသည် NCA ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပင်ဖြစ်သည်။

နိုင်ငံတော်အဆင့် ပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် အစိုးရခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ခေါင်းဆောင်များတက်ရောက်မည် ဖြစ်သည်။

‘‘နှစ်ပတ်လည်နေ့က ကျွန်တော်တို့အတွက်က နည်းနည်း ငြိမ်နေတဲ့၊ သွေးနည်းနည်းအေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ချက်ပြန်ပြီးနှိုးလိုက်တဲ့ နှစ်ပတ်လည်နေ့ပေါ့’’ ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။ NCA ၂ နှစ်ပြည့်ကစ၍ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကာ ဒီဇင်ဘာတွင် ကျင်းပရန်စီစဉ်ထားသည့် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးအောင်မြင်ရေးကို လိုလားကြောင်း ၎င်း၏သဘောထားကို ဖော်ပြသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးခြင်း တို့မရောက်ဘူး၊ နောက်ကြောင်း ပြန်လှည့်တာတွေမရှိဘူးဆိုရင် ကောင်းတဲ့လက္ခဏာတွေပေါ့’’ ဟု ပြောသည်။