ပန်းပျိုးသောလက် အမုန်းပင်မစိုက်ပျိုးပါနှင့်

ကလေးငယ်များကို ပြုစုပျိုးထောင်သူများမှာ ကလေးများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိအောင် မပြုလုပ်သင့်ပေ (ဓာတ်ပုံ-စိုင်းဇော်)

အသက် (၇) နှစ် အရွယ် ကျောင်းသား၊ကျောင်းသူငါးဦးကို ဆရာမက အတန်းရှေ့ထွက်ခိုင်းကာ စကတ် နှင့် ဘောင်းဘီများချွတ်ခိုင်း၍ နာရီအတန်ကြာရပ်ခိုင်းပြီး အပြစ်ပေး သော ဓာတ်ပုံအချို့ လွန်ခဲ့သည့်လ က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ရာ မြင်တွေ့သူအများစု ဒေါသထွက်ခဲ့သည်။ ထိုသို့ အပြစ်ပေးသော ဆရာမအပေါ် ပြင်းထန်စွာ ဝေဖန်ကြသည်။

စက်တင်ဘာ ၂၂ ရက်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်း လွန်ကျောင်းတွင် စာမရသည့် ဒုတိယတန်းကျောင်းသူနှစ်ဦး၊ ကျောင်းသားသုံးဦးကို ဆရာမကအတန်းရှေ့တွင် ဘောင်းဘီနှင့် စကတ်များချွတ်စေပြီး နာရီအတန်ကြာအပြစ်ပေးခဲ့သည်။ ထိုသို့အ ပြစ်ပေးသော ဆရာမကို စာသင်ကြားမှုရပ်ဆိုင်းထားပြီး စုခုံဖွဲ့ စစ်ဆေးခဲ့သည်။

အထက်ပါဖြစ်စဉ်အပြီး တစ်ပတ်အကြာ စက်တင်ဘာ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကုန်းသာကျေးရွာ အုပ်စု ငါးလူးတုန်းကျေးရွာအခြေ ခံပညာအလယ်တန်းကျောင်းမှ ပဉ္စမတန်းကျောင်းသားနှစ်ဦး အချင်းချင်း ခိုက်ရန်ဖြစ်ပွားသောကြောင့် ၎င်းတို့ကို ဆရာက နှစ်တစ်လက်မသစ်သားချောင်းဖြင့် အချက် ၅၀ ခန့် ရိုက်နှက်သည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့သည်။ အဆိုပါ ဆရာကိုလည်း မြို့နယ်ပညာရေးမှူးရုံးက စုံစမ်းစစ်ဆေးခဲ့သည်။

‘‘ကလေးတွေကို ဆုံးမတဲ့နေရာမှာ နည်းလမ်းမျိုးစုံသုံးကြတာပဲ။ ရိုက်တယ်ဆိုတဲ့နေရာမှာ ရိုက် ပုံရိုက်နည်းလည်း ရှိသေးတယ်။ အဓိကကတော့ စေတနာပါပဲ။ ဆုံးမတဲ့အခါမှာ စေတနာနဲ့ဆုံးမတာလား၊ ဒေါသနဲ့ဆုံးမတာလား။ သို့ တည်းမဟုတ် တခြားသော အကြောင်းတရားနဲ့ ဆုံးမတာလား၊ စိတ်လိုက်မာန်ပါ လုပ်လိုက်တာ လား မတူဘူးလေ’’ဟု ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် အလယ်တန်းပြဆရာ ဦးမြတ်သီဟထွန်းက ပြောသည်။ ထိုကဲ့သို့ ဖြစ်စဉ်များမှာ ယခင်ကလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း လူမှုကွန်ရက်မီဒီယာအသုံး ပြုသူများလာသော အခြေအနေတွင် ဆရာ၊ ဆရာမများအနေဖြင့် စိတ်မထိန်းနိုင်ပါက ဘဝကိုပင် အလှည့်အပြောင်းဖြစ်စေနိုင်သည်။

‘‘ရိုက်တာက မြန်မာ့ရိုးရာ ပေါ့။ ပြောရရင် ဟိုးအရင်ကတည်းကလည်း မိဘတွေက သားသမီးတွေကို ရိုက်ပါ၊ ဆုံးမပါလို့ ဆရာတွေဆီ အပ်လေ့ရှိတယ်။ မတော်မ တည့်ရင် ဆုံးမပါလို့ အပ်တဲ့အစဉ် အလာလေးတွေကလည်း အရင် ကတည်းက ရှိတာပေါ့။ စာသင် ခန်းတွေမှာ ဆရာ၊ ဆရာမတွေ ရိုက်နှက်ဆုံးမတယ်ဆိုတာ မြန်မာ နိုင်ငံမှာတော့ ရိုးရာတစ်ခုအနေနဲ့ ရှိခဲ့တာပေါ့’’ဟု ပဲခူးတိုင်းဒေသ ကြီး ကဝမြို့နယ် အထက(ခွဲ)အေး မွန်မှ အလယ်တန်းကျောင်းအုပ် ကြီး ဦးအောင်ကျော်သူက ပြော သည်။

‘‘အိုးကောင်းလိုချင် နာနာခတ်’’ဟူသော ရှေးမြန်မာဆိုရိုးအတိုင်း ရှေးယခင် ခေတ်အဆက်ဆက် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများတွင် ကျောင်းထိုင်ဆရာတော် ဘဘုန်းကြီး၏ကြိမ်လုံးသည် ကျောင်းသားကလေး များအတွက် ပဲ့ပြင်ဆုံးမသည့်အရာတစ်ခုဖြစ်ခဲ့သည်။ ကြိမ်လုံး ကြောက်၍ လိမ္မာအောင်မြင်သွားသည့် သာဓကများရှိသကဲ့သို့ ကလေး၏စိတ်နှလုံးတွင် ဒဏ်ရာအနာတရဖြစ်သွားရမှုများလည်း ရှိခဲ့သည်။ ဘဘုန်းကြီးတို့ခေတ်မှ အဖြူ၊ အစိမ်းဝတ်ဆရာ၊ ဆရာမများခေတ်သို့ ပြောင်းလာသည်။ သို့သော် အချို့စာသင်ခန်းများရှိ ဆရာမစားပွဲပေါ်တွင် အပြစ်ကြီး သေးအလိုက် ဒဏ်ခတ်ပေးမည့် ကြိမ်လုံးအရွယ်စုံက ရှိနေဆဲဖြစ်သည်။

‘‘ကျွန်တော်တို့နိုင်ငံမှာ မရိုက်ရဆိုတဲ့ ကိစ္စက သုံး၊ လေး၊ ငါးနှစ်အ တွင်းမှာ ဖြစ်လာတာပေါ့။ ဆရာ လောကမှာလည်း ရိုက်ခြင်းဆိုတာကို မကြိုက်ကြတဲ့သူရှိတယ်။ ရိုက်မှ ကလေးတွေ လိမ္မာရေးခြားရှိမယ်ဆိုတဲ့ မတူညီတဲ့ သဘောထားတွေလည်း ရှိတယ်’’ဟု ဦးအောင် ကျော်သူက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများကို ရိုက်နှက်ဆုံးမမှု မပြုလုပ်ရန်၂၀၁၂ နောက်ပိုင်းကစတင်ကာ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများအား ညွှန်ကြားမှုရှိခဲ့ သော်လည်း အချို့သော စာသင်ခန်းများတွင် ဆရာ၊ ဆရာမများ သည် ကြိမ်လုံးအသုံးပြု၍ ဆုံးမသင်ကြားခြင်းများ ရှိနေဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အရိုးစွဲလာခဲ့သည့် ကြိမ်လုံးသုံးကာ ဆုံးမပဲ့ပြင်မှုသည် ပညာရေးဝန်ကြီးဌာန၏မရိုက်ရ ညွှန်ကြားစာများအကြားတွင်ပင် ကြိုးကြားကြိုး ကြား ကြားနေရဆဲဖြစ်သည်။

‘‘ကျောင်းဆရာဆိုတာ ကျောင်းဆရာစိတ်နဲ့ လုပ်ရမှာ လေ။ ကျောင်းဆရာဆိုတာ ကလေးတွေကို နစ်နာအောင် ဘာမှလုပ်စရာမလိုဘူးလေ။ ကလေး တွေကို ပြုစုပျိုးထောင်ရမှာ။ ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာနာကျင်အောင် လုပ်ပိုင်ခွင့်မရှိဘူး’’ဟု ပညာရေးဝန် ကြီးဌာန အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက် တာအောင်နိုင်စိုးက ပြောသည်။

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းစည်းကမ်းချိုးဖောက်သည့်ကျောင်းသားများကို တစ်ခါတစ်ရံရိုက်၍ ဆုံးမမှုများရှိနေဆဲ ဖြစ်ပြီး လွန်လွန်ကဲကဲ ရိုက်နှက်ဆုံးမသည့်အခါ ကျောင်းသားမိဘများက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားလေ့ရှိသည်။ လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ် အားကောင်း သည့်ယနေ့အချိန်မျိုးတွင် ရိုက်နှက် ဆုံးမမှုဖြစ်စဉ်သည် တိုင်းသိပြည် သိအထိဖြစ်လာသည်။

စာသင်ခန်းတွင် ရိုက်နှက်ဆုံးမမှု၊ ကလေးများ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိသောနည်းလမ်းများဖြင့် ဆုံးမမှုတို့ကို တိုင်ကြားခံရသည့်အခါ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့ နယ်ပညာရေးမှူးရုံးက အဆိုပါ ကျောင်းများသို့သွားရောက်၍ ရှေး ဦးစုံစမ်းစစ်ဆေးမှု၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ပြစ် မှုထင်ရှားပါက ဆရာဖြစ်သူကို အရေးယူမှုများ ပြုလုပ်ကြောင်း ဒေါက်တာအောင်နိုင်စိုးက ပြော သည်။

စက်တင်ဘာအတွင်း လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ များတွင် ဂယက်ရိုက်ခဲ့သော စာ သင်ခန်းအတွင်း အပြစ်ပေးမှုဖြစ်စဉ်များနှင့် ဆက်စပ်ပြီး အခြေခံပညာဦးစီးဌာနက တစ်နိုင်ငံလုံးရှိ အခြေခံပညာဆရာ၊ ဆရာမများ အား စက်တင်ဘာ ၂၄ ရက်တွင် ညွှန်ကြားချက်တစ်ရပ် ထပ်မံ ထုတ်ပြန်ခဲ့သည်။

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အား သွန်သင်ဆုံးမရာတွင် ကာယိနြေ္ဒပျက်ပြားစေမည့်အပြု အမူများမပြုလုပ်ရန်၊ မည်သည့် တုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ အခြားတစ်စုံတစ် ရာဖြင့်လည်းကောင်း ရိုက်နှက်ခြင်းမပြုရန် အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာ ရေးမှူးရုံးများသို့ ညွှန်ကြားထားပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာခရိုင် ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေး မှူးရုံးများနှင့် အခြေခံပညာ ကျောင်းများသို့ ထပ်ဆင့်ညွှန်ကြား စေခြင်းဖြစ်သည်။

‘‘ညွှန်ကြားချက်လည်း ရှိ တယ်ဆိုတော့ ရိုက်တာကတော့ လျှော့လိုက်ရမှာပေါ့။ သိပ်လိုအပ် လာရင်တော့ တစ်မျိုးပေါ့။ လိုအပ် လာရင်ဆိုတာ တစ်ခါတလေကျ တော့လည်း အတွေးတွေ အရမ်း နုနယ်သေးတဲ့အခါမှာ ပါးစပ်နဲ့ ပြောရုံနဲ့မရတာရှိတယ်။ ကျွန် တော်တို့ကျောင်းမှာဆို ရှိတယ်။ မြစ်ကမ်းနဖူးကို ဆင်းပြီး ဆော့တာတို့ ဘာတို့။ အကြောက်တရားနဲ့ ခြောက်မထားရင် အသက်ဆုံးတဲ့ အထိဖြစ်နိုင်တဲ့အခါမျိုးပေါ့။ အဲဒီ လိုအခါမျိုးမှာ ရိုက်ပြီး ဟန့်ထားရ တာမျိုးလိုတာပေါ့။ စာရိတ္တချွတ် ယွင်းလာတဲ့ အခါမျိုးမှာလည်း ပါး စပ်ကလည်း ပြော၊ ရိုက်ပြီး ဟန့် ထားတာမျိုးလည်း လုပ်တာမျိုး ပေါ့’’ဟု ဦးမြတ်သီဟထွန်းက ပြောကြားသည်။

အခြေခံပညာကျောင်းများ တွင် တက်ရောက်နေဆဲ ကျောင်း သား၊ ကျောင်းသူများ ကျောင်း ထွက်ရသည့် အဓိကအကြောင်း ရင်းများ၌ ဆင်းရဲခြင်း၊  သွားရေးလာရေးခက်ခဲခြင်း၊ ကျောင်းမ ပျော်ခြင်း စသည့် အချက်သုံးချက် ပါဝင်သည်။ ကျောင်းသား ကျောင်းမပျော်ခြင်းသည် ဆရာ၊ ဆရာမများ၏ ရိုက်နှက်မှုကြောင့်လည်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက သြဂုတ် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အထက(၂)လှိုင်သာယာမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံစဉ် ပြောကြား သည်။

‘‘ကျောင်းတွေကို သွားကြည့် တဲ့အခါမှာ ဆရာ၊ ဆရာမတွေက ကျောင်းသုံးဖတ်စာအုပ်ကို အား လုံးပြီးအောင် တွန်းသင်တယ်။ ဆရာ၊ ကျောင်းသားတချို့က လည်း မမျှတဲ့အခါမှာ တစ်တန်းလုံးက ကျောင်းသား၊ ကျောင်းသူအား လုံး သင်ယူတတ်မြောက်မှုအရည် အသွေးမရနိုင်ပါဘူး။ ကြာလာ တော့ ကလေးက စာလိုက်နိုင်ဖို့ အခက်အခဲဖြစ်လာတယ်။ ဆရာမ က ရိုက်လိုက်မိတယ်။ အဲဒါကြောင့်ပဲ ကလေးက ချက်ချင်း ကျောင်း ထွက်သွားတာမျိုးဖြစ်နေပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အခြေခံပညာကျောင်းများ တွင် ၂၀၁၇-၁၈ ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူကိုးသန်း ကျော် တက်ရောက်နေပြီး ဆရာ၊ ဆရာမဦးရေ လေးသိန်းခန့်သာရှိ သည်ဟု ပညာရေးဝန်ကြီးဌာန အ ချက်အလက်များ၌ ဖော်ပြထား သည်။ ထို့ကြောင့် ကျောင်းသား နှင့် ဆရာအချိုးသည် ဆရာတစ် ဦးလျှင် ကျောင်းသား ၂၂ ဦးကျော် သင်ပေးနေရခြင်း ဖြစ်သည်။ ကျောင်းသားနှင့် ဆရာအချိုးမမျှ တသော စာသင်ခန်းများကလည်း ဆရာ၊ ဆရာမများ၏ဆုံးမမှုနည်း လမ်းကို အဆိုးဘက်သို့ ရောက် အောင် တွန်းပို့ခြင်းမျိုးရှိနေသည် ဟု အလက(၂) မိတ္ထီလာမှ အလယ် တန်းပြဆရာမတစ်ဦးက ပြော သည်။

‘‘ဆရာမတို့လို မြို့ပေါ် ကျောင်းတောင် ဆရာက မ လောက်ဘူး။ ကျောင်းသားက အရမ်းများ၊ ဆရာမက တစ်ယောက် တည်း အတန်းထိန်းရတဲ့အခါမှာ ပါးစပ်က အော်ရုံနဲ့ မငြိမ်တော့ လက်ပါမိတာမျိုးလည်း ရှိတတ် တယ်။ ကလေးကို တအား အနာ တရဖြစ်အောင် ရိုက်တာမျိုးက တော့ ဖြစ်ခဲပါတယ်။ စိတ်လိုက် မာန်ပါစိတ်လွတ်သွားတာမျိုးမှာ ဖြစ်တတ်တာမျိုးပေါ့။ ဒါကတော့ ဆရာမတစ်ဦးတစ်ယောက်ချင်းရဲ့ ထိန်းချုပ်နိုင်မှုအပေါ် မူတည်တာ ပေါ့’’ဟု ၎င်းက ပြောသည်။

ပညာရေးတက္ကသိုလ်၊ ပညာ ရေးကောလိပ်များတွင် ကျောင်း သား၊ ကျောင်းသူများကို ဆုံးမခြင်း နည်းလမ်းများနှင့်ပတ်သက်ပြီး ထည့်သွင်းသင်ကြားလေ့ရှိသည်။ သို့ရာတွင် လက်တွေ့သင်ကြားမှု နယ်ပယ်၌ ပြန်လည်အသုံးချမှု အားနည်းခြင်းများရှိသကဲ့သို့ အခြေခံပညာကျောင်းများတွင် လက်ရှိခန့် အပ်ထားသောဆရာ၊ ဆရာမအား လုံးကို ဆရာအတတ်ပညာဆိုင်ရာ သင်တန်းများ ထိရောက်စွာ မပို့ချနိုင်ခြင်းကလည်း စာသင်ခန်းတွင်း ဆုံးမအပြစ်ပေးမှု နည်းလမ်းများ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေ သည်။

‘‘အရှင်းဆုံးပြောရရင်တော့ ကလေးတွေကို စိတ်ရောကိုယ်ပါ ထိခိုက်အောင် ညှဉ်းဆဲတာမျိုးကို လုံးဝမကြိုက်ပါဘူး။ ပညာရေး တက္ကသိုလ်၊ ကောလိပ်တွေမှာ တော့ ကလေးစိတ်ပညာဘာသာ ရပ်ကို ထည့်သင်ပေးလိုက်တာပဲ။ အသုံးချမှု၊ မချမှုပေါ် ကွာတာတော့ ရှိတယ်’’ဟု စစ်ကိုင်းပညာရေး တက္ကသိုလ် ပညာရေးစိတ်ပညာ ဌာန ပါမောက္ခ၊ ဌာနမှူး (အငြိမ်း စား) ဒေါက်တာနုနုဝင်းက ပြော သည်။

စာသင်ခန်းများတွင် ရိုက်နှက် ဆုံးမခြင်းမျိုး မဟုတ်ဘဲ စည်းကမ်း လိုက်နာစေရန် ဆုပေး၊ ဒဏ်ပေး စနစ်ကျင့်သုံးခြင်းဖြင့် ဆုံးမပေး စေလိုကြောင်း တာမွေမြို့နယ်နေ ပထမတန်းကျောင်းသားမိဘတစ် ဦးက ပြောသည်။

‘‘တော်ရုံဆို ကလေးကို ရိုက် ရင် ပြောလေ့မရှိပါဘူး။ တစ်ခါက တော့ ကလေးက သုံးလေးရက် ဆက်တိုက် ပလတ်စတစ်ပေတံအ ပျော့နဲ့ အရိုက်ခံရတာ။ ကျောင်း မသွားချင်တော့ဘူးအထိ ဖြစ်လာ တယ်။ ဘာလို့ရိုက်တာလဲ မေး တော့ အတန်းထဲမှာ စကားများလို့ လို့ ပြောတယ်။ ဒီလိုမျိုးကျ အပြစ် လည်း တအားမကြီးဘူးလေ။ ရိုက် တာထက် ကလေးနားဝင်အောင် ပြောပြဆုံးမတာမျိုးကို ပိုသဘော ကျတယ်’’ဟု ၎င်းက  ပြောသည်။

အခြားနိုင်ငံများရှိ စာသင် ကျောင်းများတွင် ရိုက်နှက်အပြစ် ပေးခြင်းသည် မရှိသလောက်ရှား ပြီး ကလေးများကိုနားဝင်အောင် ပြောဆိုဆုံးမလေ့ရှိကြောင်း၊ ရုပ် ပိုင်း၊ စိတ်ပိုင်းအနာတရမဖြစ်စေ သည့် ဆုံးမခြင်းနည်းလမ်းများဖြင့် သာ အပြစ်ပေးလေ့ရှိကြောင်း အ လယ်တန်းကျောင်းအုပ်ကြီး ဦး အောင်ကျော်သူက ပြောသည်။

လက်ရှိ အခြေခံပညာ ကျောင်းများတွင် သင်ကြားနေ သော ဆရာ၊ ဆရာမ ၁၀ ဦးအား 7Day News Journal က မေးမြန်း ရာ ဆရာ၊ ဆရာမလေးဦးသည် စာသင်ခန်းအတွင်း ရိုက်နှက်ဆုံးမ မှုကို လုံးဝလက်မခံဟု ပြောကြား ပြီး ကျန်ခြောက်ဦးသည် တစ်ခါ တစ်ရံ လိုအပ်ချက်အရ ထိုက်သင့် သည့် ရိုက်နှက်ဆုံးမမှုမျိုး ရှိသင့် သည်ဟု ဆိုသည်။

‘‘အဓိကကတော့ စေတနာ ပါ။ စေတနာရှေ့ဆောင်ထားရင် တော့ ဒီလိုပြဿနာမျိုးတွေ မဖြစ် ပါဘူး။ ကလေးတွေကို မရိုက်ခင် မင်းမှာ ဒီလိုအပြစ်ရှိတယ်။ အပြစ် ရှိတာကြောင့် ဆုံးမတယ်။ နောက် မလုပ်ဖို့ ပြောပြီး ခြေသလုံးဖြင့် ခြေသလုံး၊ လက်ဖဝါးဖြင့် လက်ဖဝါး သူ့အနေအထားလေးနဲ့ သူပေါ့ လေ။ တစ်ချက်ဖြင့် တစ်ချက်၊ နှစ် ချက်ဖြင့် နှစ်ချက် တိတိကျကျပေါ့ လေ။ အဟန့်လေးဖြစ်အောင် ဆုံးမတာမျိုးပေါ့။ ကြုံရာ၊ တွေ့ရာ ရိုက် တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့’’ ဟု ဦးမြတ်သီဟထွန်းက ပြော သည်။

ဦးအောင်ကျော်သူကမူ ‘‘စာမ ရလို့ အပြစ်ပေးတာကိုတော့ မ ကြိုက်ဘူး။ စာမရတဲ့ကလေးကို စာရအောင် လုပ်ပေးရမှာ ဆရာ၊ ဆရာမတွေရဲ့ တာဝန်ပေါ့။ ပြန်ပြီး သင်ပေးတာတို့၊ ဆွေးနွေးတာတို့ လုပ်သင့်တယ်လို့ ထင်တယ်။ တ ခြားသော စာရိတ္တပိုင်း၊ ကျောင်း စည်းကမ်းပိုင်းတွေ မလိုက်နာရင် တော့ ရိုက်ခြင်းအပါအဝင် တခြား သော အပြစ်ပေးခြင်းတွေ သုံးလို့ ရတယ်လို့ ယူဆတယ်။ အပြစ်ပေး ခြင်းဆိုတာကတော့ ရှိကို ရှိသင့် တယ်လို့ ထင်တယ်’’ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၆-၁၇ ပညာသင်နှစ်က စတင် ကျင့်သုံးသည့် KG+12 စနစ်သစ် အရ သူငယ်တန်းနှင့် ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားနေသည်။ ယင်းသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာ များကို သင်ကြားရာတွင် ကလေး ဗဟိုပြုသင်ကြားနည်း (Child Centred Approach) ကိုသာ အဓိကထားသုံးစွဲရမည်ဖြစ်ရာ ဆရာက စာသင်ခန်း၏အခရာဖြစ် နေသည့် ယနေ့စာသင်ခန်းမျိုးကဲ့ သို့ ရိုက်နှက်ဆုံးမမှုပြဿနာမျိုးမရှိ သလောက် ဖြစ်သွားနိုင်ကြောင်း အခြေခံပညာသင်ရိုးညွှန်းတမ်း ကော်မတီ ညွှန်ကြားရေးမှူးတစ် ဦးက ဆိုသည်။

ရိုက်နှက်ဆုံးမခြင်းနှင့် ပတ် သက်ပြီး စာသင်ခန်းများတွင် ဝေခွဲရခက်နေဆဲ အခြေအနေ၌ ကျောက်ဆည်တက္ကသိုလ်မှ လက် ထောက်ကထိကလည်းဖြစ်သူ မြန် မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ်မှ ဒေါက်တာဇော်မျိုး လှိုင်က ယခုကဲ့သို့ မှတ်ချက်ပြု သည်။

‘‘အရေးကြီးတာက အစွန်းမ ရောက်ဖို့ပေါ့။ ရိုက်သင့်တယ်၊ မ ရိုက်သင့်ဘူးအမျိုးမျိုးပြောကြတာ ရှိတာပေါ့။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ နှစ်မှုကျတော့ အလွန်အကျွံဖြစ် တာမျိုးပေါ့။ အဓိကကတော့ စိတ် ခံစားချက်အရ အလွန်အကျွံမလုပ် ဖို့ လိုတယ်။ ဆုံးမတာမဟုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုမျိုးတော့ လုံးဝ လက်မခံပါဘူး’’