မန်ယူရဲ့ ချန်ပီယံမျှော်မှန်းချက်ကို စမ်းသပ်မယ့် လီဗာပူး

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ယှဉ်ပြိုင်တဲ့ နိုင်ငံတကာပွဲစဉ် နှစ်ပတ်တာ အပြီးမှာတော့ ဥရောပလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ပါတော့မယ်။ အခုသီတင်းပတ်ကုန်မှာတော့ အင်္ဂလန်မှာ အစဉ်အလာအကြီးဆုံး ကလပ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ ပွဲကြီးပွဲကောင်းအဖြစ် ထိပ်တိုက်တွေ့ဆုံနေပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက အန်ဖီးလ်မှာ ကစားမယ့်ပွဲစဉ်က မန်ယူရဲ့ အခုရာသီ ချန်ပီယံမျှော်လင့်ချက်ကို ဆန်းစစ်မှတ်ကျောက်တင်မယ့် ပထမဆုံး လက်တွေ့ကျကျ အခက်အခဲဖြစ်နေတာပါပဲ။


မန်ယူဟာ ပရီးမီးယားလိဂ်မှာ ခုနစ်ပွဲကစားပြီးချိန်ထိ ခြောက်ပွဲနိုင်၊ တစ်ပွဲသရေကျထားပြီး ရလဒ်ပိုင်း အကောင်းဆုံး ဖြစ်နေတယ်။

လီဗာပူးကတော့ ရလဒ်ပိုင်း သိပ်မတည်ငြိမ်သေးဘဲ သုံးပွဲနိုင်၊ သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားတာကြောင့် ဇယားရဲ့ သတ္တမနေရာကို ရောက်ရှိနေပါတယ်။

လီဗာပူးရဲ့ ဂျာဂင်ကလော့ပ်ဟာ သူအားသန်တဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေးပုံစံနဲ့ပဲ ပွဲကို ချဉ်းကပ်လာနိုင်ပါတယ်။ မန်ယူမန်နေဂျာ ဟိုဆေးမော်ရင်ဟိုကလည်း Safe Side ဘက်ကနေပြီး ခံစစ်ကို လုံအောင်ကာ၊ မြန်နှုန်းမြင့်တောင်ပံ တိုက်စစ်တွေနဲ့အိမ်ရှင်ကို တုံ့ပြန်လာဦးမှာပါ။

 ပွဲနဲ့ပတ်သက်ပြီး ခန့်မှန်းရ ခက်သွားစေတာက မန်ယူရဲ့ ဒဏ်ရာပြဿနာတွေပဲ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ကွင်းလယ်မှာ ပေါလ်ပေါ့ဂ်ဘာနဲ့ နီမန်ဂျာမာတစ်ကို အထိုင်ချပြီး အောင်မြင်တဲ့ အတွဲအဖက်တစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာနာသွားတဲ့အတွက် ဖယ်လိုင်နီကို အစားထိုး အသုံးပြုခဲ့ရာမှာလည်း အတော်လေး အဆင်ပြေခဲ့ပြန်တယ်။ အခုတော့ ဘယ်လ်ဂျီယံအတွက် ကိုယ်စားပြုကစားရင်း ဖယ်လိုင်နီပါ ထပ်နာသွားပြန်ပါပြီ။ ဒါကြောင့် လီဗာပူးနဲ့ပွဲစဉ်အတွက် လူရွေးချယ်ရာမှာ မော်ရင်ဟိုအနေနဲ့ အတော်လေးအကျပ်ရိုက်မယ့် သဘောပါပဲ။

တစ်ချိန်တည်းမှာ ဒီကိစ္စက လီဗာပူး မန်နေဂျာ ကလော့ပ်အတွက်ပါ ပြဿနာ တစ်ခုလို့ ဆိုနိုင်တယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူရဲ့အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ နည်းစနစ်ပိုင်း ပိုင်ပိုင်နိုင်နိုင်နဲ့ သရေရလဒ်ထွက်ပေါ်အောင် ကစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက လီဗာပူးရဲ့ ကစားသမားတွေဟာ High Pressing ပုံစံ ပိတ်ဆို့မှုတွေကိုသုံးပြီး ပေါ့ဂ်ဘာဆီက ဘောလုံးမထွက်အောင် တားဆီးခဲ့ကြတယ်။ အဲဒီဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး အိမ်ရှင်မန်ယူရဲ့ တိုက်စစ်ပါအတော်လေးအရှိန်ကျသွားပါတယ်။

 ဒါပေမဲ့ အခုလာမယ့် ပွဲစဉ်မှာတော့ မန်ယူရဲ့ အလယ်တန်း အထိုင်ဟာ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ မာတစ်ကို ဝန်းရံဖို့ အန်ဒါဟာရဲရားနဲ့ ဝါရင့်ကစားသမားကြီး မိုက်ကယ်ကာရစ်တို့ထဲက ဘယ်သူ့ကို သုံးမလဲဆိုတာက ဝှက်ဖဲလိုဖြစ်နေတယ်။ နှစ်ယောက်စလုံးကို ထုတ်သုံးတာမျိုး ဖြစ်နိုင်ပေမယ့် သုံးယောက်တန်း ကွင်းလယ်မှာ မာတစ်ရဲ့ ကစားပေါက် ကျပ်သွားတတ်တာကို မော်ရင်ဟို ထည့်စဉ်းစားပါလိမ့်မယ်။

 နိုင်ငံတကာပွဲစဉ်ကာလမှာ နားရက်အပြည့် ရထားတဲ့ အန်သိုနီမာရှယ်က မန်ယူရဲ့ တိုက်စစ်မှာ ပွဲထွက်ခွင့် ရလာနိုင်ပြီး လီဗာပူးရဲ့ ညာခြမ်းခံစစ်ကို အလုပ်ရှုပ်စေနိုင်ပါတယ်။ ရိုမီလူလူကာကူဟာ အပိုင်အခွင့်အရေးတချို့ ဖြုန်းတီးထားတဲ့တိုင် မန်ယူရဲ့ တိုက်စစ်ကို ပီပီပြင်ပြင် ဦးဆောင်ပြပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။ ဒီဘယ်လ်ဂျီယံသားရဲ့ အတိုးအလှုပ်နဲ့ ရုန်းအားက ကြံ့ခိုင်မှုပိုင်း ပြဿနာတွေရှိနေတဲ့ လီဗာပူးခံစစ်အတွက် စိုးရိမ်စရာပါ။ ဒါ့အပြင် လီဗာပူးကွင်းလယ်နဲ့ ခံစစ်ကြားက နေရာလွတ်တွေကို သေချာမပိတ်ဆို့နိုင်ရင် မန်ယူ ကွင်းလယ်ဖန်တီးရှင် ဟင်းနရစ်ခ်မစ်ခီတာယန်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။

တစ်ချိန်တည်းမှာ လီဗာပူးရဲ့ ဆာဒီယိုမာနေးကိုလည်း မန်ယူ ခံစစ်က အတော်ထိန်းယူရနိုင်ပါတယ်။ ဒီဆီနီဂေါ လက်ရွေးစင်ဟာ အခုရာသီမှာ သိသိသာသာ တိုးတက်လာပြီး သူ့ရဲ့ မြန်နှုန်းနဲ့ နေရာလွတ်ရှာ ရွေ့လျားပုံတွေက ပြိုင်ဘက်တိုင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။ နောက်ပြီး သူနဲ့အတူ တွဲဖက်ကစားနေတဲ့ မိုဟာမက်ဆာလာကလည်း အသင်းမှာ အထိုင်ကျနေပါပြီ။ ဖိလစ်ပီကော်တင်ဟိုလို ကစားသမားတွေလည်းရှိနေတာကြောင့် လီဗာပူးရဲ့ကွင်းလယ်က အိမ်ကွင်းမှာ ပိုမို တိုက်စစ်ဆင်နိုင်ပါလိမ့်မယ်။

လက်ရှိခြေစွမ်းပိုင်းမှာ မန်ယူက အသာရနေပေမယ့် ကစားရမယ့်နေရာက အန်ဖီးလ်ဖြစ်နေတာကို မေ့လို့မရပါဘူး။ အန်ဖီးလ် ကွင်းပရိသတ်ရှေ့မှောက်မှာ လီဗာပူးဟာ မန်ယူနဲ့ ရင်ဆိုင်ရတိုင်း နှစ်ဆလောက် ပိုအားထည့် ရုန်းကန်လေ့ရှိပါတယ်။ ဒီပွဲဟာ ပိုကောင်းတဲ့ အသင်းထက် အမှားပိုနည်းတဲ့ အသင်းက အနိုင်ရသွားမယ့် အားပြိုင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။