တစ်ကျော့ပြန် အနည်းဆုံးအခကြေးငွေ ဒီဘိတ်

အနည်းဆုံးလုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးရန် စက်တင်ဘာ ၁၇ ရက်က မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

အထည်ချုပ်စက်ရုံ အလုပ်သမား မနီလာအပါအဝင် ဘဝတူအလုပ်သမားအချို့ စက်တင်ဘာလကုန်ပိုင်းတွင် တောင်းဆိုဆန္ဒပြ ပွဲတစ်ခုပြုလုပ်ရန် ပြင်ဆင်ထား မှုကို ရွှေ့ဆိုင်းလိုက်သည်။

သူတို့တောင်းဆိုလိုသည့် အဓိကအကြောင်းရင်းမှာ အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခလစာကို ပြန်လည်ပြင်ဆင်သတ် မှတ်ပေးရန်ဖြစ်သည်။

‘‘ဆန္ဒပြတောင်းဆိုမလို့ လုပ်နေတုန်း အနည်းဆုံးအခကြေးငွေ ပြင်ဆင်ဖို့ လုပ်ငန်းစဉ်တွေကို အ စိုးရက ဦးဆောင်ပြီး အကောင်အထည်ဖော်လာတဲ့အတွက် မူလအစီအစဉ်ကို ဆက်မလုပ်ဖြစ်လိုက် ဘူး။ စောင့်ကြည့်ဖို့ လိုတယ်ဆိုပြီး ရွှေ့ဆိုင်းလိုက်တာ’’ဟု မနီလာက ဆိုသည်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၄,၀၀၀ မှ ၄,၈၀၀ ကြား အကြမ်းဖျင်းသတ်မှတ်မည်ဟု အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားပြီး နှုန်းထားသစ် တစ်ခု ရွေးချယ်အတည်ပြုနိုင်မည့် ကာလကို ထုတ်ပြန်လာခဲ့သဖြင့် မနီလာတို့ တောင်းဆိုဆန္ဒပြမည့် အစီအစဉ် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်။

၂၀၁၅ က သတ်မှတ်ခဲ့သော အနည်းဆုံးတစ်ရက်လုပ်ခမှာ ကျပ် ၃,၆၀၀ ဖြစ်သည်။ ၂ နှစ်အတွင်း ပြောင်းလဲလာခဲ့သည့်ကုန်ဈေးနှုန်းများကြောင့် အနည်းဆုံးလုပ်ခကို ပြင်ဆင်သတ်မှတ်ပေးရန် အလုပ်သမားများက မကြာခဏ ဆန္ဒပြ တောင်းဆိုခဲ့သည်။

အနည်းဆုံးအခကြေးငွေကို ၂၀၁၅ စက်တင်ဘာ ၁ ရက်က စတင်သတ်မှတ်ခဲ့ပြီး ၂ နှစ်လျှင် တစ်ကြိမ်သုံးသပ်ပြင်ဆင်မှုပြုလုပ် နိုင်သည်ဆိုသည့် ဥပဒေသတ်မှတ်ချက်ကြောင့် အလုပ်သမားများသည် ၂ နှစ်ပြည့်မည်ဖြစ်သော ၂၀၁၇ စက်တင်ဘာလမတိုင်မီ ကတည်းက လက်ရှိလုပ်ခနှုန်းထား ကို ပြင်ဆင်ပေးနိုင်ရန် မျှော်လင့် ထားခြင်းဖြစ်သည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ယခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားအားလုံးပါဝင်သည့် ဖိုရမ်တစ်ခုပြုလုပ်၍ ပြောင်း လဲသတ်မှတ်သင့်သည့်တစ်ရက် လုပ်ခ အနည်းဆုံးအခကြေးငွေကို ရွေးချယ်မည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယင်းအစည်းအဝေးတွင် တိုင်းနှင့်ပြည်နယ်အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီများက ဒေသအလိုက်အဆိုပြုနှုန်းထားများ တင်ပြခဲ့ကြသည်။

အလုပ်သမားများက တစ်ရက်လုပ်ခကို ကျပ် ၅,၆၀၀ ပြင်ဆင်သတ်မှတ်ပေးရန် အစဉ်တစိုက်တောင်းဆိုမှုများပြုလုပ်ထားကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များက တစ်ရက်လုပ်ခကို အနည်းဆုံး ကျပ် ၄,၀၀၀ မှ အများဆုံး ကျပ်၆,၄၀၀ အထိ အဆိုပြုနှုန်းထား တင်ပြလာသဖြင့်လည်း အတည်ပြု ထွက်ရှိလာမည့်နှုန်းထားသစ်ကို အလုပ်သမားထုက စိတ်ဝင်စားခဲ့ သည်။

သို့သော် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တစ်ရက်လုပ်ခကို ကျပ် ၄,၀၀၀ မှ ကျပ် ၄,၈၀၀ အကြား အဆိုပြုနှုန်းသတ်မှတ်၍ ဆွေးနွေးရန် ညွှန်ကြားခဲ့ခြင်းကြောင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအဖွဲ့ဝင်ဖြစ်သည့် အလုပ်သမားကိုယ်စားလှယ် ဦးနော် အောင်က ကန့်ကွက်ခဲ့သည်။


(ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

‘‘ဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်တွေက အဆိုပြုနှုန်းထားမှာ အနည်းဆုံးကျပ် ၄,၀၀၀ ကနေ အများဆုံး ကျပ် ၄,၈၀၀ အထိကို ဒေသလေးခုက အဆိုပြုထားတာ ရှိတာကြောင့် အဲဒီနှုန်းထဲကအတိုင်း ပြန်ဆွေးနွေးကြဖို့ ပြော တယ်။ ဒါက အလုပ်သမားတွေ တောင်းဆိုထားတဲ့နှုန်းထဲလည်း မရောက်ဘူး။ ၄,၈၀၀ အောက်လို့ ပိတ်ထားတာလည်း သဘာဝမကျတာကြောင့် ကျွန်တော်ကန့်ကွက်ခဲ့တယ်။ ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ပြန်ဆွေးနွေးပြီး တင်ပြရမှာထက် အရင်ကလို အားလုံးပါဝင်တဲ့ဖိုရမ်ပြုလုပ်ပြီး အဆုံးအဖြတ်ယူဖို့ တောင်းဆိုခဲ့တယ်။ ဒါကို ဝန်ကြီးကလည်း သဘောတူသွားတယ်’’ဟု ဦးနော်အောင်က ပြောသည်။

ထိုသို့ ကန့်ကွက်ခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖိုရမ်တွင် ကျပ် ၄,၈၀၀ ထက်ပို၍လည်း ဆွေးနွေး နိုင်သည်ဟု ဖြေလျှော့ခွင့်ပြုခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာအတွင်း ပြုလုပ်မည့်ဖိုရမ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များက မူလတင်ပြထားသည့် ကျပ် ၄,၀၀၀ မှ ကျပ် ၆,၄၀၀ အကြားအတွင်း ပြန်လည်ဆွေးနွေးခွင့်ရရှိခဲ့သည်။

ယင်းဖိုရမ်မှ သဘောတူညီသည့် နှုန်းထားတစ်ခုကို အမျိုးသားကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် အမျိုးသားကော်မတီက အတည်ပြုပေးရမည်ဖြစ်သည်။

‘‘ဖိုရမ်မှာ အဆိုပြုနှုန်းထားတွေကို ပြန်ဆွေးနွေးပြီး ဆုံးဖြတ်မှာဖြစ်တဲ့အတွက် အလုပ်သမားတွေ မျှော်လင့်တဲ့နှုန်းအပြည့်အဝမရနိုင်ရင်တောင် အနီးစပ်ဆုံးနှုန်းတစ်ခုကို ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်တယ်’’ဟု အခြေခံအလုပ် သမားအဖွဲ့အစည်းခေါင်းဆောင် ကိုသီဟနိုင်က ဆိုသည်။

၂၀၁၅ က အလုပ်သမားများက တစ်ရက်လုပ်ခကို ကျပ် ၅,၂၀၀ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ ပြီး နောက်ဆုံးတွင် ကျပ် ၃,၆၀၀ ဖြင့်သာ အတည်ပြုခဲ့သည်။

ယခုနှစ်တွင် ကျပ် ၅,၆၀၀ ပေးရန် အလုပ်သမားများက ပြောင်းလဲတောင်းဆိုခဲ့ကြပြီး အဆိုပါနှုန်းရရှိမှသာ မိသားစုစားဝတ်နေရေး အဆင်ပြေနိုင်မည်ဟုလည်း ဆိုကြသည်။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ် ရေးဆိုင်ရာ ကော်မတီက သြဂုတ် အတွင်း စစ်တမ်းကောက်ယူခဲ့ရာတွင်လည်း အလုပ်သမားတစ်ဦးတည်း၏တစ်ရက်ကုန်ကျစရိတ်မှာ ကျပ် ၄,၀၀၀ အထက်တွင် ရှိနေကြောင်း ယင်းကော်မတီအဖွဲ့ဝင် ဦးထွန်းဝေက ဆိုသည်။

‘‘မိသားစုတွေပါ ထည့်တွက်မယ်ဆိုရင် ဒီထက်ပိုနိုင်တယ်။ ဒါကြောင့်လည်း ကျွန်တော့်တစ်ဦး တည်းဆန္ဒအရတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ ၅,၆၀၀ ကျပ်ဆိုတာ မလွန်ဘူးလို့ ယူဆ တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအ လုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)ကလည်း အလုပ်သမား များ၏ကုန်ကျစရိတ်စစ်တမ်းကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေ သကြီးတို့တွင် ကောက်ယူနေပြီး လက်ရှိ ကောက်ယူပြီးဖြစ်သည့် ရွှေပြည်သာမြို့နယ်အတွင်း တွေ့ ရှိချက်အရ အလုပ်သမားတစ်ဦး၏ တစ်လကုန်ကျမှုမှာ ကျပ်တစ်သိန်းခွဲ (တစ်ရက်ကျပ်ငါးထောင်)ရှိသည်ဟု ယင်းအဖွဲ့ချုပ်၏ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးနော် အောင်က ပြောသည်။

ယင်းစစ်တမ်းကို သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသည့် စားသောက်ကုန်ဈေးနှုန်းကို အခြေခံ၍ အလုပ်သမားတစ်ဦး၏တစ်လတာ စားသောက်နိုင်သည့်ပမာဏနှင့် တွက်ချက်ထားခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းအရ အလုပ်သမားတစ်ဦး၏တစ်လကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းခွဲရှိသည်ဆို သော်လည်း အိမ်သုံးပစ္စည်းဝယ်ယူသည့် စရိတ်၊ ရေဖိုး၊ မီးဖိုးနှင့် အဝတ်အစားအသုံးအဆောင်ကုန် ကျစရိတ်တို့ကို ထည့်သွင်းတွက် ချက်ထားခြင်းမရှိဟု ဦးနော်အောင် က ဆိုသည်။

‘‘၂၀၁၅ က ကျွန်တော်တို့ ကောက်ယူတဲ့စစ်တမ်းမှာ အလုပ်သမားတစ်ဦးရဲ့ တစ်လအထွေထွေကုန်ကျစရိတ်က ကျပ် ၁၃၀,၀၀၀ လောက်ရှိတယ်။ အခု စားသောက်မှု ကုန်ကျစရိတ်တင် ကျပ်တစ်သိန်းခွဲ ဖြစ်နေတယ်။ အထွေထွေကုန်ကျစရိတ်ပါ တွက်မယ်ဆိုရင် တစ်သိန်းရှစ်သောင်းလောက်ဖြစ်သွားနိုင်တယ်’’ ဟု ၎င်းကပြောသည်။

သို့ဖြစ်ရာ ၂ နှစ်အတွင်း အလုပ်သမားတစ်ဦးစာအတွက် တစ်လကုန်ကျစရိတ် ငါးသောင်းခန့် ပိုလာကြောင်း ၎င်းကပြောသည်။

ထို့ကြောင့်လည်း အနည်းဆုံးလုပ်ခ ကျပ် ၃,၆၀၀ သတ်မှတ်ပြီးတစ်နှစ်ခန့်အကြာမှစ၍ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုမှုများရှိနေခဲ့ခြင်းဖြစ်သည်ဟု အထည်ချုပ်စက်ရုံအလုပ်သမားအချို့က ဆိုသည်။

‘‘ညီမတစ်ဦးတည်းရဲ့ သဘောအရတော့ ဘယ်လောက်တိုးပေးသင့်တယ်မပြောလိုဘူး။ မျှတတဲ့၊ မိသားစုအတွက် ဖူလုံစေလောက်တဲ့ ပမာဏတစ်ခုတော့ ရချင်တယ်။ လက်ရှိ သတ်မှတ်ပေးထားတဲ့ ၃,၆၀၀ ကတော့ အဆင်မ ပြေဘူး’’ဟု လှိုင်သာယာ စက်မှုဇုန်မှ အထည်ချုပ်လုပ်သား မအေးအေးဝင်းကပြောသည်။

‘‘ထမင်းဝယ်စားရင်တောင် တစ်ရက်ကို သုံးထောင်လောက်ကုန်နေတာဆိုတော့ တခြားကိုယ်အသုံးအဆောင် ဝယ်တာပြုတာနဲ့ဆိုရင် တစ်ရက်ကိုကုန်ကျစရိတ်က လေးထောင်အောက် မလျော့တာတော့အမှန်ပဲ။ အဆောင်ငှားခတင် တစ်လငါးသောင်းဆိုတော့ တစ်ရက်ကို နှစ်ထောင်နီးပါးရှိတယ်လေ’’ဟု ပဲခူးတိုင်းဒေသကြီး မှ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် လာရောက်လုပ် ကိုင်နေသည့် မစန်းစန်းမော်က ပြောသည်။

ထိုသို့အလုပ်သမားများကလုပ်ခလစာကို တိုးမြှင့်ရရှိရန် မျှော်လင့်ချက်ကြီးစွာရှိနေသော်လည်း အလုပ်ရှင်များကမူ အလုပ်သမားများတောင်းဆိုနေသည့် လုပ်ခနှုန်းနှင့် ထွက်ပေါ်နေသည့် အဆိုပြုနှုန်းအတိုင်း တိုးမြှင့်ပေးနိုင်ရန် အဆင် သင့်မဖြစ်သေးဟုဆိုသည်။

အထူးသဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် လက်ခစား (CMP) လုပ်ငန်းများအတွက် အနည်းဆုံးလုပ်ခပြင်ဆင်မည့်ကိစ္စမှာ ၎င်းတို့လုပ်ငန်းရှင်သန်ရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။

လက်ရှိ အထည်ချုပ်နှင့်စက်မှု လုပ်ငန်းများသည် ရုန်းကန်နေရဆဲဖြစ်သဖြင့် လုပ်ခလစာ အဆမတန် တိုးမြှင့်ပေးရမည်ဆိုပါက လုပ်ငန်း ဆက်လက်ရပ်တည်ရန် ခက်ခဲနိုင်သည်ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးထွန်းထွန်းကပြော သည်။

‘‘မဖြစ်မနေ တိုးပေးရတော့မယ်ဆိုရင် လုပ်နိုင်တဲ့လုပ်ငန်းရှင်တွေ ဆက်လုပ်ပြီး မလုပ်နိုင်တဲ့သူတွေ ရပ်လိုက်ရတာမျိုးတွေ ဖြစ်နိုင်တယ်။ အခုအချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြည်ပကသူတွေနဲ့ ယှဉ်ပြိုင်နေရတာကြောင့် ပိုပြီး နစ်နာစေတာပေါ့။ ဒီ ၂ နှစ်အတွင်းမှာတင် ပြည်တွင်းလုပ်ငန်းတွေ သိသိသာသာရပ်ကုန်ကြပြီ’’ဟု ၎င်းကပြောသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်အချို့ကမူ အနည်းဆုံးလုပ်ခလစာကို လုပ်ငန်းခွင်တိုင်းတွင် တစ်ပြေးညီသတ်မှတ်ခြင်းထက် လုပ်ငန်းအမျိုးအစားနှင့် စီးပွားရေးအရွယ်အစား ပမာဏအလိုက် ခွဲခြားသတ်မှတ်သင့်ကြောင်း အကြံပြုသည်။

ထို့ပြင် လုပ်ခလစာဆိုသည်မှာ လုပ်အားစွမ်းရည်ပေါ်တွင်လည်း မူတည်နေပြီး လုပ်ငန်းခွင်အတွင်း ခိုကပ်သော ဝန်ထမ်းကို ထုတ်ပစ်ပါက အလုပ်လက်မဲ့ဖြစ်သွားနိုင်၍ လူမှုရေးအရ ထိန်းကျောင်းခိုင်းစေရခြင်းမျိုး ရှိနေသဖြင့် အဘက်ဘက်ကစဉ်းစားပြီးမှ ပြောင်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဆာကူရာဦးဌေး အောင်က ပြောသည်။

အလုပ်ရှင်များအနေဖြင့်လည်း အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတစ်ခုကို အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထံ တင်ပြထားပြီး ယင်းအဆိုပြု နှုန်းမှာ လက်ရှိ ကျပ် ၃,၆၀၀ ထက်ပိုသည်ဟုဆိုသည်။

‘‘လုပ်ငန်းရှင်တွေ တင်ပြထား တဲ့ အဆိုပြုနှုန်းကိုတော့ ထုတ် ပြန်လို့မရသေးလို့ ပြောမရဘူး။ လက်ရှိနှုန်းထက်တော့ ပိုတယ်။ ဒါပေမဲ့ အခုသတင်းထွက်နေတဲ့ နှုန်းတွေလောက်တော့ ပေးနိုင်ဖို့ခက်ခဲပါတယ်’’ဟု အထည်ချုပ်စက်ရုံလုပ်ငန်းရှင်၊ ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ဆို သည်။

လက်ရှိ လုပ်ငန်းခွင်များ ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပြည့်ဝစွာမရရှိမှု၊ အခွန်ကြီးမြင့်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေး ချေးယူနိုင်စေရန် ပံ့ပိုးကူညီပေးမှု အားနည်းခြင်း စသည်တို့ကို ဖြေ ရှင်းဆောင်ရွက်ပေးနိုင်မည်ဆိုပါ က အလုပ်သမားများတောင်းဆို သည့် လုပ်ခနှုန်းထားကို အထိုက် အလျောက် ပေးနိုင်မည့်အခြေ အနေတွင်ရှိနေသည်ဟု အလုပ် ရှင်အချို့ကဆိုသည်။

‘‘အခု ပြင်ဆင်မယ်ဆိုတဲ့နှုန်း ထားက ပျှမ်းမျှ ငါးထောင်အတိုင်း ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဥပမာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လို အသေးစားလုပ်ငန်း ရှင်တွေဆို ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ အလုပ်သမား ၁၀ ယောက်ဆိုရင် တစ်ရက်မှာ လုပ်အားခ ငါးသောင်းဖြစ်နေပြီ။ ဒီကြားထဲ အခွန်တွေက ဆောင်ရသေးတယ်။ ဒေဝါလီခံလိုက်ဖို့ပဲရှိ ပါတယ်။ ကျွန်တော်ကတော့ လုပ်ခလစာကို တိုးမြှင့်သတ်မှတ်တာကို  လက်ရှိမှာ မလုပ်သင့်သေးဘူးလို့ ထင်ပါတယ်။ အကယ်၍ မဖြစ်မနေတိုးမြှင့်သတ်မှတ်ပေးမယ်ဆိုရင် ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ပေးဖို့ အကြံပြုချင်ပါတယ်။ လုပ်ငန်းရှင်တွေ ဆက်လက်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း လိုပါတယ်’’ဟု မန္တလေးမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဒေါ် ဆုဝင်းအိမ်ကပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် က အနည်းဆုံးလုပ်ခကို ကျပ် ၃,၆၀၀ ပေးရန် အလုပ်ရှင်များကို တိုက်တွန်းခဲ့ပြီး လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် စက်မှုဇုန်များ အတွင်း လမ်းပန်းဆက်သွယ်ရေး ဆိုးရွားမှုများ၊ လျှပ်စစ်မီးမလုံ လောက်မှုများနှင့် အလုပ်သမား များအတွက် လိုအပ်သည့် ကြို/ပို့ ယာဉ်နှင့် အဆောင်များကို အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဟု ကတိပြုချက်များရှိခဲ့သည်။

သို့သော် အနည်းဆုံး အခ ကြေးငွေသတ်မှတ်သည့် ကာလ ၂ နှစ်ပြည့်၍ ပြန်လည်ပြင်ဆင်ရ မည့်အချိန် ရောက်ရှိလာသည်အထိ အဆိုပါကတိပြုချက်များသည် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပေ။

‘‘အစိုးရက ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကိစ္စတွေက ဘာမှဖြစ်မလာသေးပေမယ့် လုပ်ခလစာကို တော့မဖြစ်မနေ ပြင်ဆင်တိုးမြှင့် ပေးရမယ်ဆိုတာက မျှတမှုရှိရဲ့ လားလို့ မေးခွန်းထုတ်ရမလို ဖြစ် နေတယ်’’ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ထောက်ပြ သည်။

အလုပ်သမားများ ဘဝဖူလုံမှုရရှိရန် အလုပ်ရှင်တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်ဟူသော ယူဆချက်သည် မှားယွင်းကြောင်း ဦးထွန်းထွန်းက ပြောသည်။

‘‘ကုန်ဈေးနှုန်း ကြီးမြင့်တာ တွေ၊ အလုပ်သမားတွေအတွက် ဆေးကုသမှုနဲ့ နေထိုင်မှုစရိတ် သက်သာအောင်တွေကို အစိုးရက လုပ်ပေးနိုင်ရင် အလုပ်သမားတွေ အတွက် ပိုပြီး ချောင်လည်စေနိုင် ပါလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

အလုပ်သမားများကို လုပ်ခ တိုးပေးရမည်ဆိုပါက ပုံမှန်လုပ်ခ သာမကဘဲ အချိန်ပိုလုပ်အားခများ လည်း ပိုလာမည်ဖြစ်၍ အလုပ်ရှင် များအတွက် လုပ်အားခကုန်ကျစ ရိတ် ပို၍ လာမည်ဟု အလုပ်ရှင် များက ဆိုသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေတွင် အလုပ်သမားငါးဦးအ ထက် လုပ်ငန်းခွင်များအကျုံးဝင် သည်ဟု သတ်မှတ်ထားပြီး ၂၀၁၅ က လုပ်ငန်းငယ်များအတွက် အ ခက်အခဲရှိနိုင်သည်ဆိုသည့်တင်ပြ ချက်ကြောင့် အလုပ်သမား ၁၅ ဦး အထက် အလုပ်သမားများ အကျုံး  ဝင်သည်ဟုဆိုကာ ဖြေလျှော့ပေးခဲ့ သည်။

ယခုအသစ်သတ်မှတ်မည့် အနည်းဆုံးအခကြေးငွေနှုန်းထား တွင်မူ အလုပ်သမား ၁၀ ဦးအထက် လုပ်ငန်းခွင်များကို ထည့်သွင်း သတ်မှတ်ရန် စီစဉ်နေသည်။

ထိုသို့ အလုပ်သမား ၁၀ ဦး အထက် လုပ်ငန်းခွင်များပါ အကျုံး ဝင်လာမည်ဆိုပါက အဆိုပါလုပ် ငန်းများအပေါ် ရိုက်ခတ်မှုရှိလာ နိုင်မည်ကို လုပ်ငန်းရှင်အချို့က စိုးရိမ်နေသည်။

‘‘စက်မှုလုပ်ငန်းငယ်တွေအတွက် လုပ်ခလစာကို တိုးမြှင့်ပေးရမယ်ဆိုရင် ထွက်ငွေပိုင်းက ပိုသွားနိုင်တဲ့အတွက် ထိခိုက်မှုတော့ ရှိလာမှာအမှန်ပဲ။ ဒါပေမဲ့ ဘယ် လောက်နှုန်းထားသတ်မှတ်မယ် ဆိုတာ မသိရသေးတော့ ထိခိုက် နစ်နာမှု ဘယ်လောက်ရှိမယ်ဆိုတာ ပြောဖို့စောသေးတယ်’’ဟု တောင်ဒဂုံစက်မှုဇုန်မှ စက်မှုလုပ် လုပ်ငန်းလုပ်ကိုင်နေသူ ဦးဆန်း မြင့်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ၂၀၁၅ ကလည်း အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်အပြန်အလှန် အငြင်းပွားမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ယခုအကြိမ်တွင် လည်း အငြင်းပွားမှုများစတင်နေ ပြီဖြစ်သည်။

အစိုးရအနေဖြင့် အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်မှုကို တိုက်ရိုက်ပါဝင်မည်မဟုတ်ဘဲ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းမှုအပေါ် အခြေခံ၍ ကြားချဆုံးဖြတ်ပေးခြင်းသာ ပြု လုပ်နိုင်မည်ဟု အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ပြောထားသည်။

သို့သော် အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သည့်အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်း အဝေး၌ အဆိုပြုနှုန်း ကျပ် ၄,၀၀၀ မှ ကျပ် ၄,၈၀၀ အကြားဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ ခြင်းကြောင့် အစိုးရဘက်က အနည်းဆုံးလုပ်ခအသစ်ကို ယင်း နှုန်းထားနှစ်ခုကြားအတွင်း ရွေးချယ်သတ်မှတ်လိုသည့် သဘောရှိနေကြောင်း စောင့်ကြည့်လေ့လာ သူများက မှတ်ချက်ပြုသည်။

‘‘အစိုးရအနေနဲ့က အစိုးရဝန်ထမ်းတွေလစာနဲ့ ချိန်ပြီးတော့ သတ်မှတ်ချင်တဲ့ သဘောရှိပုံရတယ်။ ဒါကြောင့် အနည်းဆုံးလုပ်ခအသစ်က ၄,၆၀၀ ထက်ပိုမယ် မထင်ဘူး’’ဟု စီးပွားရေးဆိုင်ရာ အကြံပေး ဦးနေဝင်းက ဆိုသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကမူ အလုပ်သမားတစ်ဦး၏တစ်ရက်လုပ်ခမှာ ကျပ်ငါးထောင်အထက်ဖြစ်သင့်သည်ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသကြီးကော်မတီဝင်များနှင့်စက်တင် ဘာလကုန်ပိုင်းက ပြုလုပ်သည့်အ စည်းအဝေးတွင် သဘောထားမှတ်ချက်ပေးခဲ့သည်။

သို့သော် အနည်းဆုံးအခ ကြေးငွေကို လုပ်ငန်းအမျိုးအစား နှင့် ဒေသခွဲခြားမှုမရှိဘဲ တစ်ပြေးညီ သတ်မှတ်မည်ဟု အမျိုးသား ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ဒေသအလိုက် လုပ်ငန်းအမျိုးအစား၊ နေထိုင်စားသောက်မှုစရိတ်များသည် တူညီမှုမရှိသဖြင့် အနည်းဆုံးအခကြေးငွေကို ခွဲခြား သတ်မှတ်သင့်သည်ဟု အနည်း ဆုံးအခကြေးငွေသတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ ဝင် ဦးနော်အောင်က ဆိုသည်။

‘‘ကျွန်တော်က ခွဲခြားသတ် မှတ်သင့်တယ်လို့ အမျိုးသားကော်မတီအစည်းအဝေးမှာ ပြောတော့ တော်တော်များများက ဘဝင်မကျဘူး။ သူတို့ထင်တာက အခြားတိုင်း ကြီးတွေ လုပ်ခပိုသတ်မှတ်ရင် ကျန်တဲ့ဒေသက အလုပ်သမား တွေ ရွှေ့ပြောင်းကြလို့ အလုပ်သ မားဆုံးရှုံးမှုတွေဖြစ်နိုင်တယ်ဆိုတဲ့ သဘော။ ကျွန်တော်ပြောချင်တာ အခုသတ်မှတ်မှာ အနည်းဆုံးအခကြေးငွေ။ အများဆုံးအခကြေးငွေ မဟုတ်ဘူး။ အလုပ်သမားတွေကို ထိန်းချင်ရင် မူလသတ်မှတ်တဲ့နှုန်းထက်လည်း ပိုပေးပြီး ဆွဲဆောင်လို့ရတာပဲလေ။ အဲဒါ စိုးရိမ်စရာမှ မဟုတ်တာ။ ဒေသအလိုက်တစ်ပြေးတည်း သတ်မှတ်တဲ့အတွက် နယ်ဘက်က လုပ်ငန်းရှင်တွေမှာ နစ်နာမှုရှိမှာ ကျွန်တော်နားလည်တယ်။ ဒီတစ်ကြိမ်မှာ အဲဒါကို ပြောင်းဖို့ မမီလိုက်ပေမယ့် နောက်တစ်ကြိမ်ကျရင် ဒေသအလိုက် သတ်မှတ်နိုင်ဖို့ ကြိုးစားသွားမယ်’’ ဟု ၎င်း၏အမြင်ကို ပြောသည်။

ထို့ကြောင့် ဒုတိယအကြိမ် ပြင်ဆင်မည့် အနည်းဆုံးလုပ်ခနှုန်းထားသည် ဒီဇင်ဘာတွင် ပြုလုပ်မည့် ဖိုရမ်ပြီးဆုံးမှသာ ထင်သာသည့် ရုပ်လုံးပေါ်ထွက်လာမည် ဖြစ်သည်။


အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် တိုင်းနှင့် ပြည်နယ်အလိုက် အဆိုပြုနှုန်းထားများ

Top News