အမှန်တရားကို အများကလက်ခံဖို့လိုပါသည်

ကျွန်တော်တို့ ကျောင်းသားဘဝ ဝတ္ထုတွေ ဖတ်စအချိန် အကြိုက်ဆုံး ဝတ္ထုရေးဆရာတွေထဲမှာ ဆရာမင်းလူက ထိပ်ဆုံးကပါခဲ့သည်။ ဆရာမင်းလူဝတ္ထု အသစ်ထွက်လျှင် အဦးဆုံးငှားဖတ်သည်။ မဂ္ဂဇင်း တစ်အုပ်ငှားလာလျှင် ဝတ္ထုမာတိကာကို အရင်ကြည့်သည်။ ဆရာမင်းလူဝတ္ထုပါလျှင် ဆရာမင်းလူဝတ္ထုကို ဦးစွာဖတ်သည်။ ပြီးမှ တခြားဝတ္ထုများကို ဖတ်သည်။ ဆရာမင်းလူဝတ္ထုများတွင် ထူးထူးခြားခြား မှတ်မိနေသော ဝတ္ထုတိုလေးတစ်ပုဒ်ရှိသည်။ ဝတ္ထုအမည်က ဆန်းသလို အဆုံးသတ်မှာ ဝတ္ထုရေးဆရာပေးခဲ့သည့် ဒဿနကလည်း အလွန်လှသည်။ ဝတ္ထုအမည်က ‘ဥဩ အော်မြည်’တဲ့။ ၁၉၈၇ လောက်က ပန်မဂ္ဂဇင်းမှာ ရေးခဲ့သည့် ဝတ္ထုဟု ထင်သည်။

မဂ္ဂဇင်းမာတိကာမှာ ဝတ္ထုအမည်ကို ‘ဥဩအော်မြည်’ဟု တွေ့လိုက်တော့ စိတ်ထဲက ရာဇဝင်ဝတ္ထုဟု ထင်လိုက်မိ၏။ ရာဇဝင် ထဲမှာ ‘ဥဩအော်မြည် ကုန်းဘောင်တည်’ဟု မှတ်သားခဲ့ဖူးသည်ကိုး။ မဂ္ဂဇင်းစာအုပ်ကို ဖွင့်ဖတ်မိတော့ မှ တက္ကသိုလ်နောက်ခံ မေတ္တာဘွဲ့ဇာတ်လမ်းလေး။ ကောင်မလေးက ကောင်လေးထက် အသက်နည်းနည်းပိုကြီးသည်။ ထို့ကြောင့် ကောင်လေးက ကောင်မလေးကို ‘မမ’ဟု ခေါ်သည်။ မောင်နှင့် မမ တို့၏ လွမ်းစရာအချစ်ဇာတ်လမ်း လေး။ ဥဩငှက်ကလေးတွေ တွန်သံကြားတိုင်း တက္ကသိုလ်ကျောင်း သားဘဝက ချစ်ခဲ့ရသည့် အချစ် ဦးမမကို အမြဲသတိရနေသည့်အ ကြောင်း ကောင်လေးက ပြန်ပြော ဟန်ရေးဖွဲ့ထားသည်။

မမ၏ အချစ်ကို အတော် လေး ခက်ခက်ခဲခဲတောင်းခံခဲ့ရသည်။ အရက်မသောက်ရ၊ ဆေး လိပ်မသောက်ရ၊ အဆောင်ကို ခဏခဏမလာရ၊ တစ်ပတ်ကို စနေတစ်ရက်သာ လူမြင်ကွင်းမှာ ဣနြေ္ဒရရတွေ့ခွင့်ရမည်။ တစ်ခါ တစ်ရံသာ ရုပ်ရှင်အတူကြည့်ခွင့်ရ မည် စသည့်အချက်များကို လိုက်နာမှ အဖြေပေးမည်ဟုဆိုသဖြင့် ကောင်လေးမှာ ပေးခဲ့ရသည်။ ထို့ ကြောင့် ချစ်သူတွေဖြစ်ကြသော်လည်း အဆောင်ဧည့်ခန်းမှာသာ တွေ့ရသည်။ တစ်ပတ်မှာ စနေ တစ်ရက်သာ ရွှေတိဂုံဘုရားပေါ်က တန်ဆောင်းတစ်ခုမှာ ဣနြေ္ဒရရထိုင်ပြီး မမမျက်နှာကို ကြည့် ခွင့်ရသည်။ တစ်ခါတစ်ရံ ရုပ်ရှင် ကြည့်ရင်း မမလက်ကလေး၊ ပါးကလေးကို အလစ်နမ်းရသည်။ ခပ်ကြမ်းကြမ်းဖက်မိပြန်လျှင်လည်း အကြမ်းဖက်သမားဟု မမက မျက် စောင်းလေးထိုးပြီး ပြောသေးသည်။

မမက ဘုရား၊ တရားလည်း အလွန်ရိုသေကိုင်းရှိုင်းသည်။ အားနေလျှင် အမြဲလိုလို မင်္ဂလသုတ်၊ မေတ္တသုတ်၊ ဓာရဏပရိတ်ရွတ် ဖတ်နေတတ်သည်။ တက္ကသိုလ်ဝတ်အသင်းတွင် ပါဝင်ပြီး နေ့ကြီး၊ ရက်ကြီးများ၌ ရွှေတိဂုံဘုရား၊ တက္ကသိုလ် ဓမ္မာရုံ စသည်များတွင် အခြားတက္ကသိုလ်ဝတ်အသင်းဝင်များနှင့် အတူလိုက်လံ၍ ရွတ်ဖတ်တတ်သည်။ ဤသည်ကား ချစ်သူ မမ၏ အမူအကျင့်များပေတည်း။

တစ်ရက်။ ထိုတစ်ရက်က ကောင်လေးနှင့် မမတို့၏ အချစ်ဇာတ်လမ်းအတွက် နောက်ဆုံးနေ့ ဖြစ်မည့်တစ်ရက်ဖြစ်သည်။ တက္ကသိုလ်စာမေးပွဲတွေပြီးသည့်နေ့မှာ သူ့ရွာက ငယ်သူငယ်ချင်းနှစ်ယောက် စပါးလာရောင်းရင်း သူ့ အဆောင်ရောက်လာသည်။ စပါးလာရောင်းသည်ဆိုတော့ ငွေက လေးကလည်း ရွှင်သပေါ့။ သူ့ခေါ်သွားပြီး အပြင်မှာ စားကြ၊ သောက်ကြ။ သူကတော့ စားပဲစားသည်။ မသောက်။ သူ့မမကို ပေးထာသည့် ကတိကို အသက်နှင့်လဲ၍ တည်စေမည်။ ဤမျှ သူ့မမကို ချစ်သည်။ သောက်ရင်းစားရင်း ည ၁၀ နာရီကျော်သွားသည်။ စား သောက်ဆိုင်ကထွက်တော့ တက္က သိုလ်ရိပ်သာလမ်းပေါ်မှာ လူသူကင်းမဲ့နေသည်။ ပလက်ဖောင်း ပေါ်မှာ သူတို့သုံးယောက်တည်း။ အမူးသမားနှစ်ယောက်ကိုတွဲရင်း သူလည်း ယိုင်ထိုးနေ၏။

ထိုအချိန်တွင် တက္ကသိုလ် ဓမ္မာရုံဘက်မှ ဝတ်အသင်းကား တစ်စီး ထွက်လာသည်။ ကားမီး ရောင်နှင့် သူတို့သုံးယောက်မှာ အထင်းသား။ သည်အထဲ အမူး သမားသူငယ်ချင်းနှစ်ယောက်က ကားကို လက်ပြနေကြသေးသည်။ ကားပေါ်မှ ဝတ်ရွတ်သံတွေထွက် လာကတည်းက မမပါမည်ဆိုတာ ကောင်လေး သိလိုက်သည်။ နောက်တစ်နေ့ နံနက်တွင် အဖြစ် မှန်တွေကို သူရှင်းပြဖို့ မမအ ဆောင်ကို သူသွားသည်။ သို့သော် မမက အတွေ့မခံ။ နှစ်ရက်၊ သုံး ရက်ဆက်သွားသည်။ နောက်ဆုံး နေ့မှာ မမက သူငယ်ချင်းတစ် ယောက်နှင့် စာတိုလေးပေးထားခဲ့ ပြီး ခြေရာဖျောက်သွားသည်။ ပေး ထားသည့်ကတိဖျက်သူကို သိပ်မုန်းသည့်အကြောင်း။ ကောင် လေးငိုင်သွားသည်။ သူရှင်းပြ လည်း မမက လက်ခံမည်မဟုတ်။ သူအရက်မသောက်ဘူးဆိုတာကို ရှင်းပြနိုင်သည့် သူငယ်ချင်းနှစ် ယောက်ကလည်း ရွာပြန်သွားပြီ ဖြစ်သည်။ သူနှင့် မမ ဇာတ်လမ်းက ဤတွင်ပြီးဆုံးခဲ့သည်။ ထိုအချိန်တွင် ခပ်ဝေးဝေးမှ ဥဩငှက် ကလေးကလည်း လွမ်းလွမ်းဆွေး ဆွေး တွန်ကျူးနေပုံဖြင့် ဆရာမင်းလူက သူ့ဝတ္ထုကို အဆုံးသတ်ကာ စာဖတ်ပရိသတ်ကို သူပေးချင်သည့် ဒဿနတစ်ခုပေးထားခဲ့သည်။ စကားလုံးတွေကို အတိအကျ မမှတ်မိတော့သော်လည်း အဓိပ္ပာယ်ကတော့သည်အတိုင်းပင်ဖြစ်သည်။

 ‘‘ထိုညက သူအရက် မသောက်ဘူးဆိုတာ အမှန်တရား ဖြစ်သည်။ သို့သော် ထိုအမှန်တရားကို သူရှင်းပြခွင့်မရ။ ရှင်းပြခွင့်ရခဲ့လျှင်လည်း တစ်ဖက်က ယုံကြည်လက်ခံမည်မဟုတ်။ ထို့ကြောင့် အမှန်တရားဟူသည် ယုံကြည် လက်ခံမည့်သူမရှိလျှင် အမှားပင် ဖြစ်သည်’’ဟု ဆရာမင်းလူက အ တွေးတစ်စထုတ်ပေးထားခဲ့သည်။

ထိုဝတ္ထုကို ကျွန်တော့်စိတ်ထဲ အမှတ်ထင်ထင်ရှိနေခဲ့သည်မှာ ဝတ္ထုအဆုံးတွင် ဝတ္ထုရေးဆရာ ပေးခဲ့သည့် ထိုအတွေးတစ်စ ကြောင့်ပင်ဖြစ်သည်။ ဟုတ်သည်။ လောက၌ အမှန်တရားပင်ဖြစ် သော်ငြား အများက လက်မခံ လျှင် အမှားဖြစ်တတ်သည်။ စကြဝဠာအဖွဲ့အစည်း၌ နေကရပ်နေသည်။ နေကို ဗဟိုပြုကာ ကမ္ဘာ နှင့် အခြားဂြိုဟ်များက လှည့်ပတ် နေကြသည်ဆိုသည်မှာ အမှန် တရားဖြစ်သည်။ သို့သော် ထိုအမှန်တရားကို အများက လက်မခံ ခဲ့သဖြင့် ဖော်ထုတ်သူ ပညာရှင်အသတ်ခံခဲ့ရသည်။ နောင်အခါ ကျိုးကြောင်းယုတ္တိခိုင်လုံစွာဖြင့် သက်သေပြနိုင်မှ၊ အများက လက်ခံလာသောအခါမှ အမှန်တရားသည် သူ့နေရာမှန် သူပြန်ရောက်လာသည်။ ဆိုလိုသည်မှာ အမှန် တရားသည် သူ့ဘာသာသူ မှန်နေ ရုံနှင့်မပြီး။ ထိုအမှန်တရားကို အများကလည်း လက်ခံမှသာ အမှန်တရားသည် အမှန်တရားနေရာရောက်ကာ တန်ဖိုးရှိလာမည်ဖြစ်သည်။

ကျွန်တော်သည် ယခု လတ်တလော ကြုံတွေ့နေရသည့် ရခိုင် ပြည်နယ် ပြဿနာများကို စဉ်းစားရင်းမှ ငယ်စဉ်က ဖတ်ခဲ့ရသည့် ဆရာမင်းလူ၏ ဝတ္ထုထဲမှ ဝတ္ထုရေးဆရာ၏ အတွေးတစ်စကို သတိရနေမိသည်။ ရခိုင်ပြည်နယ်၊ မောင် တောမြို့နယ်အတွင်းမှ နယ်ခြား စောင့်ကင်းစခန်းများကို ဘင်္ဂါလီ အကြမ်းဖက်သမားတို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာ၊ လူနည်းစု တိုင်းရင်းသားများဖြစ်သည့် မြို၊ဒိုင်းနက်စသည်တို့ အကြမ်းဖက်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ ဟိန္ဒူ ဘာသာဝင်တွေ အသတ်ခံရတာ၊ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ် ဖြတ်မှုမရှိတာ၊ မြန်မာပြည်မှာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုမရှိ တာ အမှန်တရားဖြစ်သည်။ သို့ သော် ဒါတွေဟာ အမှန်တရားပါ ဟု ကျွန်တော်တို့ ပြောနေရုံဖြင့် မပြီး။ ထိုအမှန်တရားကို ကမ္ဘာက လက်ခံလာအောင် သက်သေပြဖို့ လိုသည်။

ပြည်ပမီဒီယာအချို့က ဖော်ပြနေသည့် လူမျိုးတုံးသတ်ဖြတ်နေပါသည်၊ အဓမ္မပြုကျင့်နေပါသည်ဟူသည့် အခြေအမြစ်မရှိသည့် သတင်းတွေ၊ ပုံဖျက်ဖော်ပြနေသည့် သတင်းတွေကို သတင်းမှားတွေဖြစ်ကြောင်း၊ သတင်းမှန်က ဘယ်လိုဆိုတာကို အချိန်နှင့် တစ်ပြေးညီ သက်သေပြနိုင်ဖို့လိုပါသည်။ သည့်အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သတင်းဌာနများအား လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။ အနှောင့်အယှက်ကင်းကင်း၊ လုံခြုံမှုရှိရှိ၊ လွတ်လွတ်လပ်လပ် သွားရောက်၍ သတင်းယူနိုင်ခြင်းဖြင့် ပကတိမြေပြင်အခြေအနေမှန်ကို အချိန်နှင့် တစ်ပြေးညီကမ္ဘာသို့ သိအောင်ချပြနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် ဘင်္ဂါလီလော်ဘီများ၏ သတင်းလိမ်တွေ၊ သတင်းမှားတွေကို တုံ့ပြန်ကာကွယ်နိုင်ပေလိမ့်မည်။

 ယခုမူ ဘင်္ဂါလီလော်ဘီ သတင်းဌာနများက တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းများအထိ အချိန် မရွေး သွားရောက်သတင်းယူခွင့်ရနေကြသည်။ အကြမ်းဖက်ဘင်္ဂါလီများနှင့် အချိတ်အဆက်ရှိနေကြသည့် ဒုက္ခသည်စခန်းရောက် ဘင်္ဂါလီများက လာမေးသည့်သတင်းဌာနများကို သူတို့အကြမ်းဖက်ခံနေရပါသည်၊ သူတို့ကို လူမျိုးတုံး သတ်ဖြတ်နေပါသည်ဟုပဲ ဖြေကြ ပေမပေါ့။ ကျွန်တော်တို့ကလည်း ဒါဟာ သတင်းလိမ်၊ သတင်းမှား သာ ဖြစ်သည့်အကြောင်း၊ သတင်းမှန်က ဘယ်လိုဆိုတာကို ပဋိပက္ခ ဖြစ်ပွားရာနေရာကနေ တိကျသေ ချာသည့် သတင်းများနှင့် တုံ့ပြန် နိုင်ရပေမည်။ သို့မှသာ တကယ့် အမှန်တရားက ဘာဆိုတာ ကမ္ဘာက ရှင်းရှင်းဘွင်းဘွင်း သိပါလိမ့် မည်။

မုသားက ကမ္ဘာပတ်နေပါ ပြီ။ အမှန်တရားက နောက်ကျလေ ပြဿနာပိုကြီးလေ ဖြစ်ပါလိမ့် မည်။ အမှန်တရားဟူသည် သူ့ ဘာသာသူ မှန်ရုံဖြင့် ပြဿနာမပြီး မြောက်နိုင်ပါ။ အမှန်တရားဖြစ် ကြောင်း ကမ္ဘာက သိဖို့လိုပါသည်။ ကမ္ဘာကသိပြီး လက်ခံမှသာ အမှန် တရား၏ နေရာမှန်သို့ ရောက်ကာ တန်ဖိုးရှိသော အမှန်တရားဖြစ် လာမည်ဖြစ်ပါသတည်း။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)