အခါကြီး ရက်ကြီး

(တစ်)

သာမန်ထက်ပိုသော အခြေ အနေကို မြန်မာတို့က ‘ကြီး’နှင့်တွဲ သုံးလေ့ရှိပါသည်။ အသိအမြင် ကြွယ်ဝသူကို မျက်စိကြီး၊ နားကြီး ဟုသုံးပါသည်။ စေ့စေ့စပ်စပ် သေ သေချာချာစဉ်းစားဆုံးဖြတ်တတ် သူကို ခေါင်းကြီးသည်ဟုသုံးပါ သည်။ အဆင့်အတန်းဂုဏ်ဒြပ်ခမ်း နားထည်ဝါသူကို မျက်နှာကြီးဟု သုံးပါသည်။ ရာထူးအာဏာဩဇာ ကြီးသူကို လူကြီးဟုသုံးပါသည်။ စကားအရာကြွားကြွားဝါ၀ါပြော သည်ကို လေကြီးသည်ဟု သုံး ပါသည်။ အသုံးအစွဲကြမ်းသူကို လက်ကြီးသည်ဟု သုံးပါသည်။ ခံစားမှုပြင်းပြကြာရှည်သူကို စိတ် ကြီးသည်ဟု သုံးပါသည်။

သာမန်ထက် အခြေအနေ ထူးကဲသောနေ့များ၊ ရက်များကိုနေ့ကြီးရက်ကြီး၊ အခါကြီး၊ ရက်ကြီးစသည်ဖြင့် သုံးလေ့ရှိပါသည်။ ဤ၌ အာဇာနည်နေ့ကဲ့သို့၊ လွတ်လပ်ရေးနေ့ကဲ့သို့ လောကအရထူးခြားသည့်နေ့များကို နေ့ကြီးရက်ကြီးအဖြစ်သုံးသော်လည်း ဘာသာရေးဆိုင်ရာနေ့ထူးနေ့မြတ်များကိုကား ‘အခါကြီး ရက်ကြီး’ဟုသာသုံးကြလေ့ရှိပါသည်။ ‘အခါ’ဆို  သည်က ပို၍ကြီးမြတ်သည့်အငွေ့ အသက်ကို ခံစားရစေသည်မဟုတ် လား။ အင်္ဂလိပ်ဘာသာ၌မူ Holy Days ဟုသုံးလေ့ရှိပါ၏။

(နှစ်)

မကြာလှသေးသည့် ရက်ပိုင်း များဆီက အခါကြီးရက်ကြီးတချို့ ကို ကျွန်တော်ဖြတ်သန်းခဲ့ရပါ သည်။ သီတင်းကျွတ်လပြည့်အဘိ ဓမ္မာအခါတော်နေ့ပဲဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည် ၀ါတွင်းသုံးလ ပတ်လုံး တာဝတိံသာ၌ အဘိဓမ္မာ မြတ်ဒေသနာကို ဟောကြားကာ လူ့ပြည်သို့ ပြန်လည်ဆင်းသက် လာသည့် အချိန်ပင်ဖြစ်ပါ၏။ အဘိဓမ္မာဒေသနာသည် အထူး ခြားဆုံး၊ အလေးနက်ဆုံး တရား ဖြစ်သည့်အပြင် ဗုဒ္ဓသည်ဘုရား ဖြစ်ပြီးနောက် ခုနစ်နှစ်အကြာတွင်  ဟောကြားပြီးနောက် လူ့ပြည်သို့ ဆင်းသက်လာသည်ဖြစ်၍ သီ တင်းကျွတ်လပြည့်နေ့က ထူးပါ သည်။

သို့သော် ယခုနှစ် ၂၀၁၇ မြန်မာသက္ကရာဇ် ၁၃၇၉ ခု၏ သီ တင်းကျွတ်ကမူ ထူးခြားပါသည်။ အလုပ်ပိတ်ရက်တို့ အမှတ်မထင် ရှည်လျားသွားခြင်းပင် ဖြစ်ပါ သည်။ အောက်တိုဘာလ ၅ ရက် နေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်သော်လည်း ၄ ရက်နေ့ကစ၍ ပိတ်လိုက်ရာ ၇ ရက်၊ ၈ ရက် စနေ၊ တနင်္ဂနွေနေ့များပါ ဆက် သွားသဖြင့် ၄၊ ၅၊ ၆၊ ၇၊ ၈ဟူ၍ ငါးရက်တိုင်တိုင် အားလပ်ရက် များဖြစ်သွားပါတော့သည်။ သို့ ဖြင့် အခါကြီး၊ ရက်ကြီးက ဆက် သွားပေတော့ရာ အိမ်ပြန်သူတို့ ဖြင့် တစ်နိုင်ငံလုံးရှုပ်ယှက်ခတ် သွားပါတော့သည်။

(သုံး)

သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့တွင် တစ်ညလုံးကျွန် တော်တို့စီးလာသော လေအေး ပေးစက်တပ် ဘတ်စ်ကားကြီးက ရန်ကုန်မြို့အောင်မင်္ဂလာအဝေး ပြေးကားဝင်းကြီးထဲသို့ ၀င်ရန် ပ၀ါတစ်ကမ်းလက်တစ်လှမ်းသို့ ရောက်ရှိ၍လာပါသည်။ အချိန်က ဝေလီဝေလင်း။ ကားဝင်းက ရှေ့ မလှမ်းမကမ်း၌ လှမ်း၍ပင်မြင်နေ ရသည့်အကွာအဝေးမှာ။ နံနက်  ၅ နာရီထိုးပြီးစ။ ပုံမှန်ရက်များတွင် ထိုအချိန်သည် သက်ဆိုင်ရာဂိတ် ထဲသို့ ကားဝင်ရောက်ရပ်နားလိုက် မြဲအချိန်။

သို့သော် ထိုနေ့က ကျွန် တော်တို့ကားသည် နံနက် ၉ နာရီထိုးတော့မှ ဂိတ်ထဲသို့ဝင်ရောက်သွားခဲ့ပါသည်ဟုဆိုလျှင် ယုံကြပါ့မလားမသိ။ လေးနာရီတိတိ နောက်ကျသည့် အခါကြီးရက်ကြီး။

 မောင်းချင်သလို မောင်း၊ ကွေ့ချင်သလိုကွေ့၊ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်၊ ရပ်ချင်သလိုဖြစ်နေသည့် ဗရုတ်သုတ်ခ၊ ဗရုန်းသုန်းကား ကားသမုဒ္ဒရာကြီးထဲ၌ ခေါင်းချင်းဆိုင်၊ ဖင်ချင်း ချိတ်၊ ကိုယ်ချင်းပူးဖြစ်နေသည့် ကားများမှာ ရှေ့တိုးမရ၊ နောက် ဆုတ်မရ၊ ကွေ့မရ၊ ခေါက်မရနှင့် ဖြစ်ချင်ရာဖြစ်သဘောထားကာ သည်အတိုင်းထိုးရပ်ထားခဲ့လိုက်ကြရာက ယာဉ်စီးဆင်းမှုအားလုံး ရပ်ဆိုင်းသွားခဲ့ခြင်းပင် ဖြစ်ပါ သည်။

ထိုအခါကြီး ရက်ကြီးနေ့က မိုးကလည်း တစ်နေ့လုံးကိုပဲ ရွာလိုက်တိတ်လိုက်ဖြစ်ပါသည်။ အဝေးပြေးကွင်းတစ်ခုလုံးနှင့် ကွင်းဝန်းကျင်တစ်ခွင်တစ်ပြင်လုံးတွင် လူရောင်စုံတို့က ဖွေးဖွေးလှုပ်လှုပ်ရှိပါသည်။ အထုပ်ကလေး အပိုးကလေးများနှင့် မိုးစိုနေသည့် အိမ်ပြန်လိုသူတို့သည် ဟိုကားက လက်မှတ်ရနိုး၊ ဟိုကားက ကြားခုံ တင်နိုးနှင့်နောက်ဆုံး ကားကြမ်းပြင်ပေါ်က ထိုင်လိုက်ပါရစေဟူ၍ပင် တောင်းပန်တိုးလျှိုးကာ မျက်နှာကလေးငိုမဲ့ငိုမဲ့နှင့် လက်မှိုင်ချ နေကြသည့်သူတွေက နေရာတိုင်းမှာ ပြည့်နှက်လျက်။

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကွင်း၌ဆင်းကာ တောင်ငူသို့ ခရီးဆက်မည့်ဆရာမက ၇ နာရီတောင်ငူကားကို ၀ယ်ထားခဲ့ရာ ကားဝင်းအပြင်၌ပင် ၇ နာရီ ထိုးပြီးခဲ့ပြီဖြစ်သဖြင့် ဘာလုပ်ရမည်မသိတော့။ နောက်ဆုံး၌ သူရိုးမကို တစ်ညလုံးကျော်ခဲ့သည့်ကားပေါ် ဆင်းကာတောင်ငူသို့သွားရန် ထွက်လာသည့်ကားကို တားဆီးရန်ကြံပါသည်။ သို့သော်ကားက လမ်း၌ရပ်၍ မတင်ပါကြောင်းဖုန်းဆက်၍ အကြောင်းကြားပါသည်။ ဤတွင်ဆရာမက ကားများမဖြစ်မနေရပ်ကြရသည့် Toll Gate သို့ဆိုင်ကယ်ကယ်ရီ ဖြင့် လိုက်သွားကာ စီးရန်ကြံစည်ပါသည်။ Toll Gate သို့ကားဝင် လာသည့်အခါ ကားဆရာတို့က ဆရာမမလိုက်တော့ဘူးဟု ထင်၍ ရောင်းလိုက်ပြီးဖြစ်ပါကြောင်းတဲ့။ ကားလက်မှတ်ဖိုးပြန်ပေးခဲ့မည် ဖြစ်ပါကြောင်းတဲ့။ မိသားစုထံပြန် မည့်ဆရာမမျက်ရည်တို့ ၀ဲတက် လာပါသည်။

ကျွန်တော်ကတော့ လေယာဉ်လက်မှတ်ဆုံးသူ ဖြစ်ပါသည်။ ၈ နာရီ မိနစ် ၅၀ ဖြင့် မန္တလေးသို့လိုက်ရန် ၀ယ်ထားခဲ့ သော်လည်း ပုံမှန် ၅ နာရီရောက်သည့် ကားက ထို ၈နာရီ မိနစ် ၅၀ အထိ ဂိတ်ကိုမ၀င်နိုင်သဖြင့် ကျွန်တော်လေယာဉ်မမီတော့။ လေကြောင်းကို အကြောင်းကြားပါသည်။ ၂၅ ရာခိုင်နှုန်းဖြတ်ကာ လက်မှတ်ဖိုး ပြန်ပေးပါမည်တဲ့။ သို့သော် တစ်လခန့်ကြာမှ လာ မေးကြည့်ပါတဲ့။

သို့ဖြင့် ညောင်ဦးသို့ သွား ရန်လေကြောင်းလိုင်းအကုန် စုံ စမ်းဖြစ်ပါသည်။ တစ်စီးမှ ခုံမကျန်တော့။ ဖြစ်ချင်ရာဖြစ်သဘောထားကာ လေကြောင်းလိုင်းတစ်ခု၏ ကောင်တာသို့သွားမေးမိပါသည်။ မဖြစ်မနေလိုက်ချင်လျှင် နှစ်ဆပေးမလားတဲ့။ အို...အံ့ပါ ရဲ့။ လက်မှတ်ခနှစ်ဆပေးသော အခါ လေယာဉ်လက်မှတ်တစ် စောင်ကျွန်တော်ရပါသည်။ သို့ ဖြင့် နောက်နှစ်နာရီခန့်၌ ကျွန် တော်ပုဂံညောင်ဦးသို့ ရောက်သွား ပါသည်။

ကြည့်စမ်း။ ပုဂံညောင်ဦး၏ အခါကြီးရက်ကြီးသီတင်းကျွတ်က ကျောတစ်ခင်းစာ နေရာကလေးကိုပင် ငှား၍မရပါလေတော့။ ဘုန်းကြီးကျောင်းတွေမှာလည်း ဧည့်သည်တွေအပြည့်။ သို့ဖြင့် တချို့က ပခုက္ကူဘက်သို့ကူးကာ သွားအိပ်ကြသည်။ တချို့က ပုဂံညောင်ဦးသို့လာသည်မှာ မှန်သော်လည်း တည်းစရာမရသဖြင့် မန္တလေးသို့ ဆက်ထွက်သွားလေ၏။

(လေး)

လှိုင်သာယာဒဂုံဧရာအဝေး ပြေးကွင်းမှာကလည်း ထိုနည်း နှင်နှင်ပင်ဖြစ်ပါ၏။ Toll Gate များ၌ တန်းစီနေသည့်ကားတွေက လည်း ထိုနည်းတူစွာ။

Migrant ခေါ်တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာ အခြေချသူတို့ များပြားခြင်း၏ လက္ခဏာက အခါကြီးရက်ကြီးဝယ် အိမ်ပြန်သူတို့ဖြင့် ပြည့်နှက် နေခြင်းပင်ဖြစ်ပါသည်။

အို....လူတွေလူတွေ။ ပျော်ရာမှာမနေရ တော်ရာမှာနေရသည့် လူတွေ။ ထိုသူတွေအိမ်အ ပြန်ခက်နေပုံကို အသုံးချကာ ငွေရှာဖို့ကြိုးစားနေသူတို့ကလည်း ကျားကွက်တွေပေါ်မှာ ဆုတ်တက်လှုပ်ရှားလျက်။ သြော်....အခါကြီး ရက်ကြီးတွေမှာ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

Top News