ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်လာသော ရခိုင်ပြည်နယ်အရေး

ပုဂံတွင် နေ၀င်ချိန်ရှုခင်းကို ကြည့်ရှုနေသော ပြည်တွင်း၊ ပြည်ပခရီးသွားများ ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

မကြာမီ နှစ်များက အာရှတိုက်၏ နောက်ဆုံးထွန်းသစ်စ နိုင်ငံဟုတင်စားကြသည့် မြန်မာနိုင်ငံသို့စိတ်ဝင်တစား လာရောက်လည်ပတ်သူများခဲ့သော်လည်း ယခု လပိုင်းအတွင်း မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စိန်ခေါ်မှုများ ကြုံနေပြီဖြစ်သည်။ 


ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် တွင် ရခိုင်မြောက်ပိုင်း၌ အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တစ်လကျော်အကြာတွင် ကမ္ဘာလှည့်ခရီးသွားအချို့က ခရီးစဉ်ဖျက်သိမ်းမှုများ ရှိလာသောကြောင့် ဖြစ်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပြဿနာများသည် မြန်မာ့ခရီးသွား လုပ်ငန်းကို အနည်းနှင့်အများထိ ခိုက်မှုရှိလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးကြည်သိန်းကိုက ပြော ကြားသည်။ 

‘‘ပုဂံမှာတော့ ရခိုင်ကိစ္စဖြစ် ပြီးတဲ့နောက်ပိုင်းမှာ စက်တင်ဘာ အတွင်း ခရီးသွားအဝင်က ပြီးတဲ့ နှစ်ကထက် သုံးရာလောက်လျော့ ကျသွားတာကို တွေ့ရပါတယ်’’ဟု ဦးကြည်သိန်းကိုက ပြောသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာသည် ပြည်နယ်၏ခရီး သွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေကြောင်း ဒေသတွင်းခရီး သွားလုပ်ငန်းရှင်များက ဆိုသည်။  ၂၀၁၇ စက်တင်ဘာသည် ၂၀၁၆ နှင့်နှိုင်းယှဉ်ပါက မြောက်ဦးဒေသ သို့ ပြည်တွင်းခရီးသွားဝင်ရောက်မှု ၅၀ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ပြည်ပခရီးသွား ၉၀ ရာခိုင်နှုန်းခန့် လျော့ ကျခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ နှိုင်း ယှဉ်ပါက မြောက်ဦးသို့ နိုင်ငံခြား ခရီးသွားဝင်ရောက်မှု ၉၀ ရာခိုင် နှုန်းခန့် လျော့ကျလာသည်ဟု နဝရက်ဟိုတယ်(မြောက်ဦး)ပိုင်ရှင် ဦးသန်းလှိုင်က ပြောသည်။ 

ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားနေသည့် ပဋိပက္ခ၏သက် ရောက်မှုကြောင့် စက်တင်ဘာနှင့် အောက်တိုဘာအတွက် ကြိုတင်မှာယူထားသော ဟိုတယ်အခန်း၃၀၀ ခန့် ဘွတ်ကင်ပျက်ပြယ်ခဲ့သည်ဟု ၎င်းက ပြောသည်။ ‘‘ပဋိပက္ခနဲ့ က ဝေးပါတယ်။ ဒါပေမဲ့ ခရီးသွား တွေက ရခိုင်လို့ပဲ တွဲမြင်ကြတယ် ဗျာ’’ဟု ဦးသန်းလှိုင်က ပြောသည်။ မြန်မာနိုင်ငံ၏ခရီးသွားလုပ် ငန်းကို အမှတ်တံဆိပ်တစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသွားများသိအောင် ကြိုးပမ်းနေချိန်တွင် မီဒီယာများ၏ စေတနာသည် အရေးကြီးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။ ‘‘သတင်းအမှား တွေကို Highlights လုပ်တာ၊ မှန် ကန်တဲ့ သတင်းတွေကို ဖုံးကွယ် ထားတဲ့တချို့သော Negative မီဒီ ယာတွေရဲ့ စေတနာက အရေးကြီး တယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။ 

မြန်မာနိုင်ငံသို့ ၂၀၁၆ တွင် နိုင်ငံခြားသားဝင်ရောက်မှု ၂ ဒသမ၉ သန်းရှိပြီး ၂၀၁၅ တွင် ၄ ဒသမ ၆ သန်းရှိသည်။ ၂၀၁၇ နှစ်ကုန်တွင်နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၅ သန်းဝင်ရောက်ရန် ခန့်မှန်းထား သည်။ ထို့ကြောင့် ခရီးသွားလုပ် ငန်းသည် မြန်မာနိုင်ငံ၏နိုင်ငံခြား ဝင်ငွေရှာဖွေပေးသည့်ကဏ္ဍကြီး တစ်ခုဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်း အလျင်အမြန်နှင့် အများဆုံးရသည့် ကဏ္ဍတစ်ခုဖြစ် သည်။ ကမ္ဘာ့ဘဏ်၏တွက်ချက် ထားမှုများအရ ၂၀၁၆ အတွင်း အလုပ်အကိုင် တစ်သန်းခွဲကို ဖန်တီးပေးထားနိုင်ပြီး ဝင်ငွေ ကန်ဒေါ် လာ ၂ ဒသမ ၂ ဘီလီယံ ရှာဖွေပေးနိုင်သည့် ကဏ္ဍကြီးတစ်ခုဖြစ် သည်။ အဆိုပါပမာဏသည် နိုင်ငံဝင်ငွေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းပင်ရှိသည်။ 

မြန်မာနိုင်ငံသို့ အများဆုံးလာ ရောက်လည်ပတ်သည့် နိုင်ငံခြား သားများသည် ထိုင်းနိုင်ငံက ဖြစ်ပြီး ဒုတိယမှာ တရုတ်လူမျိုးများဖြစ် သည်။ ထို့နောက် အမေရိကန်နိုင်ငံ မှ လာရောက်မှု အများဆုံးဖြစ် သည်။ လက်ရှိ ပြဿနာများ ကြောင့် အစ္စလာမ်ဘာသာဝင်အ များစုနေထိုင်သော နိုင်ငံများမှ ခရီးသွားများဝင်ရောက်မှုလျော့ကျနိုင် သည်ဟု ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဒေါ်ဆွေဇင်ဦးက သုံးသပ်သည်။ သို့သော် မြန်မာ့ ခရီးသွားလုပ်ငန်းသည် တရုတ်၊ ထိုင်းလူမျိုးသာ အဓိကဝင်ရောက် သဖြင့် ခရီးသွားလုပ်ငန်းကို ချက် ချင်း ထိခိုက်ဦးမည် မဟုတ်သေး ကြောင်း ၎င်းက ဆက်လက်ပြော သည်။ 

‘‘တချို့နိုင်ငံသားတွေက ဒီလိုဖြစ်နေတဲ့နိုင်ငံတွေ မသွားချင်ဘူး။ လူ့အခွင့်အရေး ဘာညာဆိုတာမျိုး လည်း ရှိတာပေါ့။ ဒါတွေကလည်း တစ်မျိုးပဲပေါ့။ တရုတ်တို့၊ ထိုင်းတို့ကတော့ ဒါမျိုးပြဿနာတွေ သိပ် မရှိဘူးလေ။ အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေကတော့ လာ တာမျိုးသိပ်မရှိပါဘူး’’ဟု ဦးကြည်  သိန်းကိုက ပြောသည်။ 

လက်ရှိ ပြဿနာကြောင့် ဥရောပဈေးကွက်တွင် မြန်မာ့ခရီးသွားလုပ်ငန်းထိခိုက်မှုများနိုင်ကြောင်း၎င်းက ဆက်လက်ပြောသည်။ အနောက်နိုင်ငံများတွင် Genocide (လူမျိုးတုံးသတ်ဖြတ်မှု)၊ Ethnic Cleaning (မျိုးနွယ်စုသန့်စင်မှု)များကို အလွန် မကြိုက်နှစ်သက် ကြောင်း၊ ကမ္ဘာ့မီဒီယာများတွင် ထိုစကားလုံးများကို တွင်တွင်ကျယ် ကျယ်အသုံးပြုနေခြင်းကြောင့် လူမှုကျင့်ဝတ်အရ မြန်မာနိုင်ငံကို မလာချင်တော့ကြောင်း အပြည် ပြည်ဆိုင်ရာ INGO တစ်ခုမှ ဦးချမ်း ဝင်းက သုံးသပ်ပြောကြားသည်။ 

ပြဿနာဖြစ်ပွားခဲ့သည့် ရခိုင် ပြည်နယ်မြောက်ပိုင်း ပဋိပက္ခနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ များ ပူးပေါင်း၍ နိုင်ငံတကာတွင် လက်ရှိအနေအထားကို ရှင်းပြနိုင် အောင် ဆောင်ရွက်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၊ သတင်းပြန်ကြားရေးဌာ နခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေး က ပြောသည်။ ပြဿနာဖြစ်ပွားခဲ့ သည့် နေရာကလည်း ခရီးသွား လာမှုကန့်ကွက်ထားရာ နေရာဖြစ် သည်ဟု ၎င်းက ဆိုသည်။ 

‘‘ဝန်ကြီးဌာနက ကန့်သတ် ထားတဲ့နေရာတွေကို မသွားရင် နိုင်ငံခြားသားခရီးသွားတွေကို လုံ ခြုံရေးအပြည့်အဝတာဝန်ယူတယ် လို့ ပြောချင်ပါတယ်’’ဟု ဦးမြင့် ထွေးက ဆိုသည်။ 

ခရီးသွားလုပ်ငန်းအတွက် မြန်မာနိုင်ငံ၏ပုံရိပ်တက်လာစေ ရန် ခရီးသွားဘလော့ဂါများကို ဖိတ်ကြား၍ အခြေအနေများကို ပြသလျှင် မြန်မာနိုင်ငံ၏ပုံရိပ်ပြန် တက်လာမည်ဟု ဦးသက်လွင်တိုး က ဆိုသည်။ 

‘‘နိုင်ငံတကာခရီးသွားအဖွဲ့ တွေကတော့ အနုတ်လက္ခဏာပြ တဲ့သဘောမျိုးတွေ မတွေ့ရပါဘူး။ ကြီးမားတဲ့ထိခိုက်မှုမျိုးတော့ မဖြစ် နိုင်ပါဘူး’’ဟု ၎င်းက ဆိုသည်။ 

ရခိုင်အရေးကြောင့် မြန်မာ နိုင်ငံ၌ ခရီးသွားလုပ်ငန်းတွင် အကျပ်အတည်း ဖြစ်လာမည်ဆို သော်လည်း ရန်ကုန်မြို့၌ ကြယ်ငါးပွင့်အဆင့်ရှိ ကိုရီးယား Lotte ဟိုတယ်ကို စက်တင်ဘာ ၁၀ ရက် တွင် ဖွင့်လှစ်ခဲ့ပြီး စင်ကာပူ Pan Pacific Group နှင့် Kempinski တို့ကလည်း ဟိုတယ်များထပ်မံတိုး ချဲ့ရန် ပြင်ဆင်နေသည်။ ထိုသို့ နိုင်ငံတကာအဆင့်မီဟိုတယ်လုပ် ငန်းများ မြန်မာနိုင်ငံ၌ လုပ်ငန်း စတင်တိုးချဲ့လာခြင်းသည် မြန်မာ့ ခရီးသွားလုပ်ငန်းအလားအလာ ကောင်းများရှိနေသည်ကို ဖော် ညွှန်းနေသည်။ 

သို့သော် ရခိုင်ပြည်နယ်ပဋိ ပက္ခသည် မြန်မာ့ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အနှောင့်အယှက်တစ်ခုဖြစ်လာသည်ဟု လုပ်ငန်းရှင်များက သုံးသပ်သည်။ ထို့ကြောင့်အစိုးရအနေဖြင့် နိုင်ငံတကာတွင် သုံးစွဲနေသည့် လူမျိုးတုံးသတ်ဖြတ်မှုစကားလုံးကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်သည်ဟု ခရီးသွားလုပ်ငန်းရှင်များ အကြံပြုသည်။

‘‘ခရီးစဉ်တွေ ဖျက်သိမ်းတာ တွေက သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာလကုန်ပိုင်းအတွင်း မှာ ဖြစ်ပွားခဲ့တာပါ။ အခုတော့ ပြန်ငြိမ်သွားပါပြီ။ Booking အ သစ်တွေတောင် ပြန်ပြီးတော့ တက်နေပြီ ဖြစ်ပါတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။

ရခိုင်ပြည်နယ် ပြဿနာများ ကြောင့် ခရီးစဉ်ဖျက်သိမ်းမှုများ သည် အာရှနိုင်ငံအများစုတွင် မရှိဘဲ ရုရှားနှင့် ဥရောပခရီးစဉ်များ၏ ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သော အမေရိကန်နိုင်ငံသူ အွန်ဒီရာက ရခိုင်ခရီးစဉ်နှင့်ပတ် သက်ပြီး ပုဂံ ခရီးစဉ်ကို ပြီးခဲ့သည့် နှစ်ကပင် စီစဉ်ထားပြီး ခရီးသွားကုမ္ပဏီဘက်မှလည်း လုံခြုံကြောင်း အာမခံ၍ မြန်မာနိုင်ငံကို ရောက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ဂျပန်နိုင်ငံမှ လာ ရောက်သည့် မစ္စတာတိုရှိယာကီကို ရခိုင်ပြည်နယ်ပြဿနာအပေါ် သူ၏ အမြင်ကို မေးမြန်းရာ ‘‘ဒီသတင်းတွေက ဆိုးရွားပါတယ်။ ဒါပေမဲ့ ဖြေရှင်းနိုင်မှာပါလို့ ထင်ပါတယ်။ အခုက မြန်မာနိုင်ငံကို စီးပွားရေးကိစ္စအရ လာတာပါ။ နောက်ပြီး ရခိုင်နဲ့ ရန်ကုန်က ဝေးပါတယ်။ ဒါကို သိထားတယ်’’ဟုပြောသည်။

မြန်မာနိုင်ငံသို့ လာရောက် သည့် ပြည်ပခရီးစဉ်တွင် နိုင်ငံခြား သားခရီးသွားများ ခရီးစဉ်အပြည့် လိုက်ပါနေပြီး အချို့ခရီးစဉ်တွင် လက်မှတ်ဖြတ်ရန် အခက်အခဲဖြစ်နေကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) လေယာဉ်မှူးကြီး ဦးသန်းထွေးက ပြောကြား သည်။

ရခိုင်ပြည်နယ်မှ ပြဿနာ များနှင့်ပတ်သက်ပြီး အစပိုင်းတွင် ခရီးသွားလုပ်ငန်းကို ထိခိုက်မှုရှိ လာသော်လည်း မည်သို့ဖြစ်လာ မည်ကို မခန့်မှန်းနိုင်သေးကြောင်း ဧည့်လမ်းညွှန်အသင်း ဗဟိုအလုပ် အမှုဆောင် ဦးသန်းဝေက ပြော ကြားသည်။

‘‘ပြင်သစ်တို့ဆို စစချင်း ဒီအ ကြောင်းကို မေးကြတယ်။ ဧည့် လမ်းညွှန်က သေချာရှင်းပြရ တယ်။ သူတို့လည်း စိတ်ဝင်စား ကြတယ်။ ဒါပေမဲ့ တချို့ကျတော့ လည်း သိပ်မသိကြဘူး’’ဟု ဦးသန်း ဝေက ပြောသည်။    ။


ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)