ရခိုင်ပြည်နယ်ရှိ ဆေးရုံသုံးခုတွင် အချုပ်သားလူနာဆောင်များ ဆောက်လုပ်မည်

အချုပ်သားလူနာများကို သီးသန့် ထားကာ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရေး ရခိုင်ပြည် နယ်ရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်တို့တွင် အချုပ်သား လူနာဆောင်များ ဆောက်လုပ်ရန် စီစဉ်နေကြောင်း နေပြည်တော် တိုင်းကုသရေးဦးစီးဌာနမှူး ဒေါက် တာမြတ်ဝဏ္ဏစိုးက ပြောသည်။

လက်ရှိတွင် စစ်တွေပြည်သူ့ ဆေးရုံကြီး၌ အချုပ်သားများ သီးသန့်ထားကာ ကုသနိုင်မည့် လူနာဆောင်တစ်ခုရှိပြီး စစ်တွေ အကျဉ်းထောင်ရှိ လူနာများကို ဆေးကုသပေးနေကြောင်း ၎င်းက ပြောသည်။

‘‘အကျဉ်းသားတွေက များ လာတဲ့အတွက် ဖျားတာနာတာ တွေရှိတယ်။ လိုအပ်ရင် ဆေးရုံ တက်လာတာလည်းရှိတော့ ပြည် သူ့ဆေးရုံတွေမှာ နေရာလိုအပ် ချက်ရှိတာကြောင့် အချုပ်သား တွေအတွက် သီးသန့်လူနာဆောင် ထပ်ဆောက်တာပါ။ ဒါကို ဘူးသီး တောင်အပြင် စစ်တွေနဲ့ သံတွဲမှာ လည်း ထပ်လုပ်သွားမှာပါ’’ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆို သည်။

စစ်တွေဆေးရုံသည် ခုတင် ၂၀၀ ဆံ့ အထူးကုဆေးရုံဖြစ်ခြင်း ကြောင့် လူနာများအား လုံလောက် စွာ လက်ခံကုသပေးနိုင်သော်လည်း ဘူးသီးတောင်နှင့် သံတွဲဆေးရုံကို ခုတင် ၅၀ ဆံ့ ဆေးရုံများဖြစ်၍ သီးသန့်ဆောင်များထပ်မံဆောက်လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါဆေးရုံကို လာမည့် ၂၀၁၈ အတွင်း ဆောက်လုပ်မည် ဖြစ်ပြီး လူနာဆောင်တစ်ခုလျှင် အချုပ်သားလူနာ ၁၀ ဦးမှ ၂၀ ဦး အထိ ထားရှိကာ ကုသနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်း အကျဉ်းထောင် ၆၆ ခုရှိသော်လည်း အကျဉ်းသား များအတွက် လုံလောက်သော ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များ ခန့်အပ်ထားနိုင်ခြင်းမရှိဟု နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီအဖွဲ့ဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကို ကိုနိုင်က ပြောကြားသည်။

 အကျဉ်းထောင်အတွင်းမှာ အခန်းတွေ အလွန်ကျဉ်းမြောင်း နေခြင်း၊ ထားရှိသည့် အကျဉ်းသား ဦးရေထက် အဆမတန် အလွန် များပြားနေခြင်း၊ ရောဂါရှိ အကျဉ်းသားနှင့် ရောဂါမရှိသူ အကျဉ်း သားခွဲခြားပြီး မထားနိုင်ခြင်း၊ ရေ အိမ်တစ်လုံးကို လူ ၈၀၊ ၉၀ အသုံး ပြုနေခြင်း စသည့်လိုအပ်ချက်များ သည် အကျဉ်းသားများ၏ ကျန်း မာရေးကို ပိုမိုဆုတ်ယုတ်စေခဲ့ သည်ဟု ၎င်းက ပြောသည်။

ဗဟိုအဆင့် အကျဉ်းထောင် များတွင်ရှိသော အကျဉ်းသားများ စောင့်ရှောက်မှုအတွက် ကုသရေး ဦးစီးဌာနက လက်ထောက်ဆရာ ဝန်များ တာဝန်ချထားခြင်းအပြင် အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာ ရေးဆေးရုံကြီး၊ ရန်ကုန်၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ သာယာဝတီ ပြည်သူ့ဆေးရုံကြီးတို့မှ အထူးကု ဆရာဝန်ကြီးများက လိုအပ်သည့် အချိန်၊ ကြိုတင်ချိန်းဆိုထားသည့် အစီအစဉ်အတိုင်း ကျန်းမာရေး စောင့်ရှောက် ပေးနေကြောင်းပြည်ထဲရေးဒုဝန်ကြီးက ပြောကြားထားသည်။