သီတင်းကျွတ်ပိတ်ရက်ကာလ အလုပ်မပိတ်သဖြင့် တိုင်ကြားသည့်ဖြစ်စဉ် မရှိသေးဟုဆို

သီတင်းကျွတ်ရုံးပိတ်ရက် နေရပ်ပြန်သူများပြား၍ ရန်ကုန်မြို့အထွက် တစ်နေရာတွင် ကားလမ်းပိတ်သည်အထိ ဖြစ်ပွားခဲ့သည် (ဓာတ်ပုံ − Nyein Chan Aung(FB))

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း စက်ရုံ၊ အလုပ်ရုံမပိတ်၍ တိုင်ကြားသည့်ဖြစ်စဉ်မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

သီတင်းကျွတ်အစိုးရတရား ဝင်ရုံးပိတ်ရက်တွင် စက်ရုံ၊ အလုပ်ရုံအချို့ ဖွင့်လှစ်ခဲ့သည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုသို့ ဖွင့်လှစ်ခြင်းသည် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူညီ မှုကြောင့် လုပ်ကိုင်ခြင်းသာဖြစ် နိုင်ကြောင်း ၎င်းကပြောသည်။

‘‘တချို့တွေက နှစ်ဖက်သ ဘောတူညီချက်နဲ့ သင်္ကြန်မှာ ပိတ်ပေးပြီးဖြစ်တာကြောင့် သီတင်းကျွတ်မှာ ဆက်ဆင်းရတာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အလုပ်သမားသဘောမပါဘဲ ဆင်းခိုင်းလို့ဆိုပြီး အောက်တိုဘာ ၉ ရက်အထိ တိုင်ကြားမှုတော့ မရှိသေး ဘူး’’ဟု ၎င်းက ဆိုသည်။

စက်ရုံ၊ အလုပ်ရုံအများစုသည် သင်္ကြန်ပိတ်ရက်ကို ယခင် နှစ်များကအတိုင်း ၁၀ ရက်အပြည့် အဝပိတ်ပေးခဲ့ပြီး တရားဝင်ပိတ်ရက်မဟုတ်သည့် ရက်ပိုငါးရက်ကို အခြားပိတ်ရက်များနှင့် ပြန်ဆင်းရန် သဘောတူညီခဲ့သည်။

သို့သော် သင်္ကြန်ပိတ်ရက်ကျော်မှ အလုပ်ဝင်သော အလုပ်သမားများမှာ ပိတ်ရက်အစားထိုးရာတွင် ပါဝင်ခဲ့သည့်အတွက် နစ်နာစေခဲ့သည်ဟု ရွှေပြည်သာစက်မှုဇုန်ရှိ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံ ဝန်ထမ်းကိုထက်ကို က ပြောသည်။

‘‘လပြည့်နဲ့ လပြည့်ကျော်တစ်ရက်တော့ ပိတ်ပေးပါတယ်။ တခြားရက်တွေကတော့ ဆင်းပေးလိုက်ရတယ်။ အများစုက အရင်ကတည်းက သဘောတူညီမှုယူ ထားတာဆိုတော့ ဘာမှမပြောကြဘူး’’ဟု ၎င်းက ဆိုသည်။

ထိုသို့ရက်ရှည်ပိတ်ရက်များတွင် အလုပ်စေခိုင်းခြင်းကြောင့် တိုင်ကြားမှုများ ယခင်က ရှိခဲ့ဖူးသော်လည်း သီတင်းကျွတ်ပိတ်ရက်နှင့် ပတ်သက်၍ တိုင်ကြားမှုမရှိကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနော် အောင်က ပြောသည်။

‘‘ဒီတစ်ခေါက်က တော်တော် ငြိမ်ပါတယ်။ တိုင်ကြားမှုမရှိသလို စက်ရုံလုပ်ငန်းအများစုကလည်း ပိတ်ပေးကြတာ တွေ့ရတယ်’’ဟု ၎င်းက ပြောသည်။

ယခင်နှစ်က သီတင်းကျွတ်လပြည့်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ်သင်္ကြန်မှစ၍ အစိုးရရုံးပိတ်ရက်များ ပြင်ဆင်ခဲ့ရာ သင်္ကြန်ပိတ်ရက် ငါးရက်သာရှိပြီး သီတင်းကျွတ်ရုံးပိတ်ရက်သည် သုံးရက်ဖြစ်သွားသည်။ သီတင်းကျွတ်ရုံးပိတ် ရက်အပြီး စနေ၊ တနင်္ဂနွေ ရက်ဆက်သွားသဖြင့် ယခုနှစ်တွင် ပိတ်ရက်ငါးရက်ဖြစ်ခဲ့သည်။

Top News