မကွေးတွင် လုံခြုံရေးကင်မရာတပ် အချုပ်ခန်းကိုဖောက်ထွင်းပြီး အချုပ်သားခြောက်ဦး ထွက်ပြေး

အချုပ်သားများ ဖောက်ထွင်းထွက်ပြေးခဲ့သော မကွေးမြို့မရဲစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − မိုးကျော်)

လုံခြုံရေးကင်မရာတပ် ဆင်ထားသည့် မကွေးမြို့မရဲစခန်းအချုပ်ခန်းတွင် ဖမ်းဆီးထားသည့် အချုပ်သား ခြောက်ဦးအိမ်သာက တစ်ဆင့် အချုပ်ခန်းဖောက်ထွင်း ထွက်ပြေးမှု အောက်တိုဘာ ၁၁ ရက် နံနက်က ဖြစ်ပွားခဲ့သည်။


အချုပ်ခန်းအိမ်သာနောက် ရှိ သံတိုင်များကို လွှဖြင့်ဖြတ်ပြီး ခေါင်းမိုးပေါ်ကတစ်ဆင့် ထွက်ပြေးခြင်းဖြစ်ကြောင်း မကွေး မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ၀င်းကျော်ကပြောသည်။

နံနက် ၃ နာရီခန့်က အချုပ် သားများထွက်ပြေးလွတ်မြောက် မှုကို နံနက် ၆ နာရီကင်းလဲချိန်မှ ရဲတပ်ဖွဲ့က သိရှိခဲ့သည်။

သို့ဖြစ်ရာ CCTV ကင်မရာ များတပ်ဆင်ပေးခဲ့သည့် ကို အောင်အောင်အား ခေါ်ယူစစ် ဆေးမှုများပြုလုပ်ခဲ့ကြောင်း တာ ၀န်ရှိသူက ဆိုသည်။

‘‘CCTV က အချုပ်သားတွေ နေတဲ့ အခန်းကိုပဲမြင်နေရတယ်။ ထောင့်မှာရှိတဲ့ အိမ်သာအတွင်း ခန်းကိုမမြင်ပါဘူး။ ဒါပေမဲ့ သူတို့ အိမ်သာထဲထွက်လိုက်ဝင်လိုက် လုပ်နေတာကို မြင်နေရတယ်။ နံနက် ၃ နာရီလောက်ဆိုတာ CCTV ရဲ့ နာရီအရသိရတယ်။ အိမ်သာသံတိုင်တွေကိုဖြတ်ပြီး ထွက်ပြေးသွားတာကတော့ စစ် ဆေးမှုအရ သိရပါတယ်’’ဟု CCTV တပ်ဆင်ပေးသည့် ကို အောင်အောင်က ပြောသည်။

အဆိုပါ အချုပ်ခန်းကို ဖောက်၍ ထွက်ပြေးသွားသည့် အချုပ်သားများ အမြန်ဆုံးပြန်လည်ဖမ်းဆီးနိုင်ရေး ဆောင်ရွက် နေပြီး ယင်းအချိန်တွင် တာဝန်ကျ သည့် ရဲဝန်ထမ်းများကိုလည်း အရေးယူထားကြောင်း ဒုရဲမှူး ၀င်းကျော်က ပြောသည်။

ထွက်ပြေးသူ ခြောက်ဦးသည် မုဒိမ်းမှု လေးမှု၊ မူးယစ်မှု တစ်မှု နှင့် ခိုးမှု တစ်မှုဖြင့် အရေးယူထား သူများဖြစ်ကြောင်း ဒုရဲမှူး ၀င်း ကျော်က ပြောသည်။

ထွက်ပြေးလွတ်မြောက်ခဲ့သူများသည် ဘိုဘိုလတ်၊ စိုင်းသီဟ၊ ချစ်ကိုကို၊ ငလင်း (ခ) အောင်ဇော် လင်း၊ သိန်းမင်းထိုက်နှင့် ခိုင်စိုးတို့ ဖြစ်ပြီး ၎င်းတို့အားလုံးသည် အသက် (၃၀) နှစ်အောက်ဖြစ် ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

စက်တင်ဘာ ၃၀ ရက် ညနေကလည်း တောင်ကြီးမြို့၊ မြို့မရဲစခန်းရှိ အချုပ်ကျနေသည့် တရားခံငါးဦးက တာဝန်ကျရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်၍ ထွက်ပြေးရန် ကြံစည်မှုဖြစ်ပွားခဲ့သည်။

သို့သော် အချုပ်ခန်းလျှောက်လမ်းအတွင်းရောက်ရှိလာသည့် တရားခံ ငါးဦးကို ရဲအုပ်ထွန်းထွန်းဝင်း၊ ရဲတပ်ဖွဲ့ဝင် လေးဦးနှင့် စခန်းသို့ရောက်ရှိနေသည့် ပြည်သူနှစ်ဦးတို့က ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ သည်။

ထွက်ပြေးရန် ကြံစည်ခဲ့သည့်တရားခံများ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်။

Top News