ဗီယက်နမ်တွင် ရေကြီးမှုများအတွင်း လူပေါင်း ၄၀ ကျော် သေဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူ ၄၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

ဗီယက်နမ် အာဏာပိုင်များက လက်ရှိ အချိန်ထိ သေဆုံးသူ အရေအတွက် ၃၇ ဦးထိ အတည်ပြုထားနိုင်ပြီး လူပေါင်း ၄၀ ကျော် ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။ အပူပိုင်း လေဖိအားနည်း ရပ်ဝန်းတစ်ခုနှင့် ဆက်စပ်၍ မိုးသည်းသည်းထန်ထန် ရွာသွန်းရာမှ ရာသီဥတု ဆိုးရွား ဖောက်ပြန်မှုများနှင့် ကြုံနေရခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူများထဲတွင် ရေကြီးမှု သတင်းယူနေသည့် ဒေသခံ မီဒီယာသမား တစ်ဦးလည်း ပါဝင်သည်။ ၎င်းသတင်းယူနေစဉ် မြစ်ကူးတံတားတစ်စင်း ကျိုးကျရာမှ ရေထဲ မျောပါသွားခြင်းဟု မျက်မြင်များက ဆိုသည်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံသည် နှစ်စဉ်နှစ်တိုင်းလိုလို မုန်တိုင်းများကြောင့် ရေကြီး ရေလျှံမှုများနှင့် ကြုံရလေ့ ရှိသည်။ ယခုရေကြီးမှုများမှာမူ အောက်တိုဘာ ၉ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ် မြောက်ပိုင်းရှိ ယန်ဘိုင်နှင့် ဟိုဘင်းဒေသများမှာ သဘာဝ ဘေးဒဏ်ကို အဆိုးဆုံး ခံရသည့် ဧရိယာများဟု သိရသည်။

“အရမ်းမြန်တယ်။ ဘာမှကို လုပ်လို့မရတာ။ ကျွန်တော့် သားကြီးဆိုရင် မျက်စိရှေ့တင် ရေထဲ မျောသွားတာ”ဟု ယန်ဘိုင်တွင် နေထိုင်သည့် အဖိုးအို တစ်ဦးက ပြောကြားခဲ့သည်။

လတ်တလောတွင် အစိုးရနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ အဆောတလျင် ဆောင်ရွက်နေပြီး ဗီယက်နမ် စစ်သား ရာနှင့်ချီပြီးလည်း ကယ်ဆယ်ရေး၌ ပူးပေါင်း ပါဝင်နေကြောင်း သိရသည်။

Ref: AFP

More in World News Section