ကျောင်း

အငြိမ်းစား ကျောင်းဆရာတစ်ယောက်ဖြစ်နေ၍လား မဆို နိုင်ပါ။ ယခုတစ်လောစာရေးသူ၏ ခေါင်းထဲသို့ ကျောင်းအကြောင်း က မကြာခဏဆိုသလိုဝင်ရောက် လာတတ်ပါသည်။ ကျောင်းကို ခင်တွယ်သောစိတ်က နှိုးဆွနေ ခြင်းလားမသိပါ။ ကျောင်းကို ခဏခဏသတိရသည်။ နေခဲ့ဖူး သောကျောင်းများသို့ ခဏခဏ စိတ်ရောက်သည်။ ဘယ်ကျောင်း ရယ်လို့လည်း ခွဲခွဲခြားခြားမသိ။ ဘ၀တစ်လျှောက်လုံးတက်ခဲ့ရ သော ကျောင်းတွေကလည်း အ များသားဆိုတော့ ကျောင်းတိုင်း ကျောင်းတိုင်းကို သတိရလွမ်း ဆွတ်သလိုခံစားနေရသည်။

 စာရေးဆရာဗိုလ်ချုပ် အောင်ဆန်းကတော့ မောင် အောင်ဆန်းဟူသောကလောင် အမည်ဖြင့် ရေးသားခဲ့သည့်သူ၏ လက်ရာ ‘လောက၀ိဟာ’ အမည် ရှိဆောင်းပါးတွင် ပညာ၏အတိမ် အနက်ကို ဖွင့်ဆိုသွားခဲ့သည်။ ပညာဟူသည်စာအုပ်ကိုကျော် လွန်၍သွားရမည်။ ပညာသည် ကျောင်းပတ်ဝန်းကျင်၌သာရှိ သည်မဟုတ်ဟု တင်ပြခဲ့သည်။ သတ္တလောက၊ ဩကာသလော က၊ သင်္ခါရလောကတည်းဟူ သော လောကသုံးပါးစလုံးသည် လူသားတို့ကို ပညာမျိုးစုံသင်ကြား ပေးနေသော ပညာရပ်ဝန်းကြီး တစ်ခုဖြစ်သည်ဟု ၀ိတ္ထာရချဲ့ပြခဲ့ သည်။ လူ့ဘ၀တွင် မွေးဖွားသည် မှ သေဆုံးချိန်အထိ ပညာနှင့် မကင်းနိုင်ကြောင်းကို အလေးအ နက်သိစေခဲ့သည်။


စာရေးသူကတော့ ထိုကဲ့သို့ ပညာရပ်အသီးသီးကို အဓိကဖြန့် ဖြူးပေးရာအချက်အချာဗဟိုဌာန ဖြစ်သည့် ကျောင်းအကြောင်းကို တွေးနေမိသည်။ ကျောင်းဟူသည် ပညာမျိုးစုံဖြန့်ဖြူးပေးရာဗဟိုဌာန (အက်ကျူးကေးရှင်းနယ်စင်တာ) တစ်ခုဟု ပြောချင်သည်။ လူတိုင်း ကျောင်းနှင့်မကင်းနိုင်ပုံကိုလည်း ပြောချင်သည်။ စင်စစ်တော့ ကျောင်းဟူသည်ကား လူသားတို့ အတွက် အသိအတတ်ပညာ ပေါင်းစုံကို လက်ဆင့်ကမ်းပေး ရာ တစ်နည်းအားဖြင့်ပညာအလှူ ကြီးပေးရာ အလှူမဏ္ဍပ်ကြီးသ ဖွယ်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ကျောင်းသည် ကမ္ဘာပေါ်ရှိလူမျိုး တိုင်း၏ ယဉ်ကျေးလိမ္မာသိမှတ် ဖွယ်ရာများကို လက်ဆင့်ကမ်းဖြန့် ဝေပေးရာ အချက်အချာနေရာ တစ်ခုလည်းဖြစ်သည်ဟု ဆိုနိုင်ပါ သည်။

ကျောင်းအကြောင်းကိုတွေး ရင်း ရှေးအခါကရှိခဲ့ဖူးသည့် ကျောင်းများအကြောင်းကို စဉ်း စားနေမိသည်။ လူသည်သမိုင်း တည်းဟူသော ခေတ်ယာဉ်ကြီး ပေါ်၌ စီးနင်းလိုက်ပါရင်းသက် တမ်းတစ်လျှောက်ကြီးပြင်းလိုက် ပါခဲ့ကြရသည်။ သမိုင်းဦးဘုံမြေ ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်း ရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်ဟူ သော ထင်ရှားသောခေတ်ကြီး များကို လူသားတိုင်းဖြတ်သန်းဝင် ရောက်ခဲ့ကြရသည်။ မိမိကသိ သည်ဖြစ်စေ၊ မသိသည်ဖြစ်စေမိမိရောက်ရှိရာတိုင်းပြည်နိုင်ငံ၏ ခေတ်စနစ်အတွင်း ခေတ်၏သား ကောင်များအဖြစ် အသက်ရှင်ကြီး ပြင်းခဲ့ကြရသည်။ သဘာဝတော် လှန်ရေး၊ ခေတ်ပြောင်းတော်လှန် ရေးကြီးများနှင့်အတူ ခေတ်စနစ် တို့ တိုးတက်ပြောင်းလဲခဲ့ကြသည်။ ယနေ့တိုင်အောင် ရုရှားတို့၊ တ​​ ရုတ်တို့၊ မြောက်ကိုရီးယားတို့လို  ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်လွှမ်း မိုးသည့် နိုင်ငံများရှိနေသလို အ မေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစသော အရင်း ရှင်စနစ်ကိုယ်စားပြု နိုင်ငံများလည်း ကမ္ဘာပေါ်တွင် အများအပြားရှိနေသည်ကို တွေ့နိုင်ပါသည်။

ထိုနိုင်ငံများအားလုံးရှိ လူ သားတိုင်းသည် ကျောင်းနှင့် မကင်းနိုင်ကြ။ ကျောင်းကိုအလေး ထားကြသည်။ ကျောင်းကိုအမှီပြု ၍ ဘ၀မှတ်တိုင်များစိုက်ထူကြရ သည်။ ကျောင်းကိုချစ်သော၊ ကျောင်းကိုတန်ဖိုးထားသော နိုင် ငံများချည်းဖြစ်သည်ဟုဆိုနိုင်ပါ သည်။ ပညာသည်ကျောင်းကိုမှီ၍ သာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူး နိုင်သောကြောင့်ကျောင်းမရှိလျှင် ပညာလည်း ဆိတ်သုဉ်းသွားမည် သာဖြစ်သည်။ သို့ဖြစ်၍ ကျောင်း နှင့်ပညာ၊ ပညာနှင့်ကျောင်းသည် အပြန်အလှန်အမှီသဟဲပြုရင်း ကမ္ဘာလောကကြီးကို တိုးတက် အောင် မောင်းနှင်နေသည်ဟု ဆို ချင်ပါသည်။

ရှေးခေတ်ဥရောပ၌ ရောမ၊ ခေါမခေတ်က ကျောင်းတော်ကြီး များရှိသည်။ အလွန်ခံ့ညားထည် ၀ါသော ကျောင်းတော်ကြီးများ ဖြစ်သည်။ ရှေးဟောင်းသမိုင်း ကျမ်းကြီးများတွင် ထိုခေတ် ကျောင်းတော်ကြီးများ၏ အဆင့် မြင့်ဗိသုကာအရည်အသွေးကို အ ကဲဖြတ်နိုင်ကြသည်။ လေ့လာခံ စားနိုင်ကြသည်။ မိမိတို့မြန်မာနိုင် ငံတွင်လည်း အထက်အညာဒေသ တွင် ပဒေသရာဇ်ခေတ်ကတည် ဆောက်ခဲ့သော ရှေးဟောင်း ကျောင်းတော်ကြီးများရှိသည်။ မန္တလေးရတနာပုံရှိ ရွှေကျောင်း ကြီး၊ စကု၊ စလင်း၊ ကျောင်းတော် ရာနှင့် ပခုက္ကူဘက်ရှိ ရှေးဟောင်း ကျောင်းတော်ကြီးများ၊ ပန်းပု ကျောင်း၊ ရုပ်စုံကျောင်း၊  စလင်း ကျောင်းစသည့် ကျောင်းတော် ကြီးများတွင် ရှေးခေတ်မြန်မာ့ ပန်းချီ၊ ပန်းပု၊ ဗိသုကာအနုပညာ လက်ရာများကို အဆင့်အတန်း မြင့်မားစွာလေ့လာတွေ့ရှိနိုင်ပါ သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာစသည့် မည်သည့် ဘာသာတွင်မဆို ၎င်းတို့နှင့်သက် ဆိုင်သော ရှေးဟောင်းဘာသာ ရေးဆိုင်ရာအဆောက်အအုံကြီး များသည် ယင်းတို့၏ယဉ်ကျေးမှု အမွေအနှစ်များသိုမှီးရာ နေရာ များဖြစ်ကြပေသည်။ ယင်း ကျောင်းတော်ကြီးများတွင် ၎င်း တို့အလေးအမြတ်ထားသော ဘာ သာတရား၏ အဆုံးအမကိုနာယူ ကြရသည်။ လိမ္မာယဉ်ကျေးအသိ ပညာများကို သင်ယူကြရသည်။ သီတင်းသီလဆောက်တည်ကြရ သည်။ သို့ဖြစ်၍ ဤကျောင်းတော် ကြီးများသည် ဘာသာရေးအဆီ အနှစ်များကို လက်ဆင့်ကမ်းဖြန့် ဝေရာ ပညာဗိမာန်ကြီးများပင်ဖြစ် ပေသည်။

ကမ္ဘာအရပ်ရပ်ရှိ ဤသို့ သောဘာသာရေးဆိုင်ရာကျောင်း တော်ကြီးများသည် လူသားတို့၏ စိတ်ဓာတ်စင်ကြယ်မှုကို အဓိက လုပ်ဆောင်ပေးနိုင်သောနေရာ ဌာနကြီးများလည်းဖြစ်ပါသည်။ ခေတ်သစ်ကမ္ဘာသို့ ရောက်ရှိလာ သောအခါ လောကဓာတ် ပညာကျောင်းများ ပေါ်ပေါက်လာ ခဲ့သည်။ အကြီးဆုံးသော လောက ဓာတ်သိပ္ပံကျောင်းကြီးများကို ပြောပါဆိုလျှင် ခေတ်သစ်ပညာ ရပ်မျိုးစုံကို သင်ကြားပေးနေသော တက္ကသိုလ်ကျောင်းတော်ကြီးများ ကို ပြောရမည်ဖြစ်ပေသည်။တက္က သိုလ်မရောက်မီ အဆင့်ဆင့် သောပညာများကိုတော့ အခြေခံ ပညာအဆင့်ဖြစ်သော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများက တာဝန်ယူသင် ကြားပေးကြရပါသည်။ ယခုအခါ တွင် ရှေးခေတ်များက မရှိခဲ့ဖူး သော မူကြိုအဆင့်ကျောင်းများ ကိုပင် ဖွင့်လှစ်သင်ကြားနေကြပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ကြည့်လျှင် ရှေးမဆွက ပညာသင်ကြားပေးသောကျောင်း များမှာ ဗုဒ္ဓဘာသာရဟန်းတော် များက ဦးစီးသင်ကြားပေးသော ဘုန်းကြီးကျောင်းပညာရေးစနစ် ဖြစ်သည်။ ဘုန်းတော်ကြီးများက တာဝန်ယူသင်ကြားပေးသော ကြောင့် ဘာသာရေးကိုအခြေခံ သော ပရိယတ္တိစာပေများသာဖြစ် သည်။ ကိုလိုနီခေတ်သို့ ရောက်ရှိ လာချိန်မှစ၍ ကိုလိုနီပညာရေးနှင့် အတူ ခေတ်သစ်လောကီကျောင်း များပေါ်ပေါက်လာခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းများက ဗုဒ္ဓဘာသာဆိုင်ရာ ပရိယတ္တိစာ ပေများကို ဦးစားပေးသင်ကြားသ လို ခေတ်သစ်ကျောင်းများက လည်း ၀ိဇ္ဇာ၊ သိပ္ပံပညာရပ်များကို သင်ကြားပေးကြပါသည်။ ဤသို့ ဖြင့် လူငယ်တို့၏ပညာရေးကို ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန် ယူသင်ကြားပေးကြပါသည်။

ယခုဆောင်းပါးတွင် စာရေး သူအဓိကဇောင်းပေးတင်ပြလို သောအချက်မှာ ပညာဖြန့်ဖြူးရာ ကျောင်းများ၏ အနေအထားပင် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်း အကြောင်းကို အဓိကဆွေးနွေးပါ မည်။ ကျောင်းအကြောင်းကိုစဉ်း စားလျှင်  ကျောင်း၏ဥပဓိရုပ် ကောင်းမွန်ရေးမှာ အရေးပါ ကြောင်း တွေ့ရပါမည်။ ယနေ့ ခေတ်တွင် ကျောင်းတိုင်း ကျောင်း တိုင်းသည် ကျောင်းဥပဓိရုပ် ကောင်းရေးကိုဦးစားပေးဆောင် ရွက်လျက်ရှိကြပါသည်။ ကျောင်း ၏ ဥပဓိရုပ်ဟူသည်ကျောင်း၏ အလှအပလည်း ဖြစ်ပါသည်။ ကျောင်း၏ရုပ်ပိုင်းဆိုင်ရာအဆင် အပြင်လည်း ဖြစ်ပါသည်။ ကျောင်းတစ်ကျောင်းကို ကြည့် လိုက်လျှင် ရှုချင့်စဖွယ်ရှိပြီးတင့် တယ်သော ကျက်သရေဖြင့် ရောက်ရှိလာသူအပေါင်းကို ဆွဲ ဆောင်စည်းရုံးနိုင်ရပါမည်။ ဥပဓိ ရုပ်ကောင်းသော ကျောင်းနှင့်ဥပ ဓိရုပ်ညံ့သောကျောင်းကို ယှဉ် လိုက်လျှင် ဥပဓိရုပ်ကောင်းသော ကျောင်းကိုပိုမိုစိတ်ဝင်စားကြ မည်ဖြစ်သည်။ ပိုမိုနှစ်သက်ကြ မည်ဖြစ်သည်။ ကျောင်း၏ဥပဓိ ရုပ်က ယင်းကျောင်းကိုစီမံခန့်ခွဲ အုပ်ချုပ်နေသော ကျောင်းအုပ် ချုပ်သူအကြီးအကဲ၏အရည်အ သွေးကိုလည်း ဖော်ပြသလိုဖြစ်စေ ပါသည်။ သို့ဖြစ်၍ပညာရပ်များ ဖြန့်ဖြူးရာကျောင်းတိုင်းသည် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကို ကြိုးပမ်းဖြည့်ဆည်းပေးသင့် သည်ဟု ဆိုချင်ပါသည်။

ဤဆောင်းပါးကို ရေးနေစဉ် ပင် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြိုင်မြို့နယ်က ‘မနောရမ္မာအုံတုံ ကျောင်းတော်ကြီး’ အကြောင်းကို ဇူလိုင် ၂၈ ရက်ထုတ်စံတော်ချိန် သတင်းစာတွင် ဖတ်လိုက်ရ သည်။ ဆောင်းပါးရှင်မှာရနောင် (ဒွမ်)ဖြစ်သည်။ ပခုက္ကူခရိုင် မြိုင် မြို့နယ်အတွင်းရှိ ညောင်ရမ်း ခေတ်လက်ရာ မနောရမ္မာအုံတုံ ရွှေကျောင်းတော်ကြီးသည် မြန် မာနိုင်ငံ၏ ရှေးအကျဆုံးနှင့်အထူး ခြားဆုံး ကျောင်းတော်ကြီးတစ် ဆောင်ဖြစ်ကြောင်း ဆောင်းပါး ရှင်က ညွှန်းဆိုထားပါသည်။

အဆိုပါ ရှေးဟောင်း ကျောင်းတော်ကြီးအကြောင်းကို သမိုင်းပညာရှင်ဆရာကြီးဒေါက် တာတိုးလှက သူ၏ ‘မနောရမ္မာ ရွှေကျောင်းတော်ကြီးသုတေသန စာတမ်း’ အမည်ဖြင့် သုတေသနပြု ဖော်ထုတ်ရေးသားထားကြောင်း သိရပါသည်။ ကျောင်းတော်ကြီး အတွင်း၌ ရွှေရေးပန်းချီလက်ရာ များ၊ ပန်းပုလက်ရာများအပြင် မှန်စီရွှေချစာတိုက်သေတ္တာများ၊ ရွှေဇ၀ါရေးစာတိုက်သေတ္တာများ နှင့်ဘုန်းကြီးပျံတွင် အသုံးပြုသော မှန်စီရွှေချခေါင်းတလားတစ်ခုနှင့် အခြားပစ္စည်းများလည်း ပါရှိ ကြောင်း သိရပါသည်။ အဆိုပါ ရှေးဟောင်းကျောင်းတော်ကြီးကို အလှူရှင်ဦးဆုသာ-ဇနီးဒေါ်ဇံဖြိုး နှင့်သားသမီးဆွေမျိုးတစ်စုတို့က ခရစ်နှစ် ၁၇၃၈ မှ ၁၇၄၁ အတွင်း အပြီးတည်ဆောက်လှူဒါန်းခဲ့ ကြောင်း  သိရပါသည်။ ဤသို့ သော ရှေးဟောင်းကျောင်းတော် ကြီးများက မြန်မာ့ပညာရေးနှင့် ယဉ်ကျေးမှုအနုပညာသမိုင်းကို ထင်လင်းစွာမီးမောင်းထိုးပြလျက် ရှိပါသည်။

ရှေးဟောင်းကျောင်းတော် ကြီးများ ခေတ်သစ်ပေါ်ပေါက်လာ သည့် အမျိုးမျိုးသောကျောင်းများ၊ အဆင့်မြင့်ပညာ ဆည်းပူးရာ တက္ကသိုလ်ကျောင်းတော်ကြီးများ သည် ပညာရေးအ၀န်းအ၀ိုင်း၊ ယဉ်ကျေးမှုအ၀န်းအ၀ိုင်းတွင် ကျောင်းတို့၏ အရေးပါအရာ ရောက်ပုံကို ထင်ရှားစွာဖော်ထုတ် ပြသလျက်ရှိပါသည်။ ကျောင်းနှင့် မကင်း၊ ကျောင်းကိုမှီ၍အသက် ရှင်ကြီးပြင်းရသော လူသားတို့၏ အခန်းကဏ္ဍသည် ကျောင်းတည်း ဟူသော ရုပ်ပိုင်းဆိုင်ရာအ ဆောက်အအုံနှင့်အတူ ပညာနှင့် ယဉ်ကျေးမှုဟူသောနာမ်ပိုင်းဆိုင် ရာ တန်ဖိုးမြင့်အမွေအနှစ်များကို ပါရရှိပိုင်ဆိုင်ပြီး လူ့သမိုင်းကို မြှင့်တင်ပေးလျက်ရှိသည်မှာ အ ထင်အရှားပင်ဖြစ်ပါတော့သည်။

 အချုပ်အားဖြင့်ဆိုသော် ငယ်စဉ်တောင်ကျေးကလေးဘ၀ က အမေ့ကျောင်း၊ အရွယ်ရောက် တော့ စာသင်ကျောင်း၊ အဆင့် မြင့်လာတော့ တက္ကသိုလ်တည်း ဟူသော တက္ကသီလာပညာ ကျောင်း၊ ထို့နောက်ကျယ်ပြန့်လှ သော ဘ၀တက္ကသိုလ်ကျောင်း တော်ကြီးစသည်စသည်ဖြင့် နှီး နွှယ်သမျှသော ကျောင်းတို့သည် လူ့သမိုင်းတွင်ယဉ်ကျေးမှုအမွေ အနှစ်တို့စုဝေးရာ အဖိုးတန်ရတ နာများပင်ဖြစ်သည်ဟု ဆိုထိုက်ပါ တော့သည်။ ကျောင်း၏ ကျေးဇူး တရားကား ကြီးမားလှပါသည် တကား။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)