မန္တလေးတက္ကသိုလ်အတွင်း ဆိုင်ကယ်များခိုးယူသည့် မြစ်ကြီးနားမြို့ခံ လူငယ်ငါးဦးကို ဖမ်းဆီး

ခိုးရာပါဆိုင်ကယ်များနှင့်အတူ ဖမ်းမိထားသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

မန္တလေးတက္ကသိုလ် ၀င်းအတွင်း ဆိုင်ကယ် ၁၇ စီးခိုးယူသည့် မြစ်ကြီးနားမြို့ခံ လူငယ် ငါးဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း မန္တလေးမြို့ အမှတ် (၉) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ လူငယ် ခြောက်ဦးသည် မန္တလေးမြို့သို့ လာ၍ မန္တလေးတက္ကသိုလ်ဝင်းနှင့် အနီးပတ်ဝန်းကျင်ရှိ တည်းခိုခန်းများတွင်တည်းခိုပြီး   တက္ကသိုလ် ၀င်းထဲမှ ဆိုင်ကယ်များကို ခိုးယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မန္တလေးတက္ကသိုလ်အနီး တွင် စက်တင်ဘာ ၉ ရက် နေ့လယ်၂ နာရီက စကူပီဆိုင်ကယ်နှင့်အ တူ အမျိုးသားတစ်ဦးကိုတွေ့၍ စစ်ဆေးမေးမြန်းရာ ယင်းဆိုင် ကယ်သည် တက္ကသိုလ်ဝင်းအ တွင်း  လေးထပ်ဆောင်အောက်မှ ခိုးယူခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ဆိုင်ကယ်ခိုးယူခဲ့သော အမျိုးသားကို စစ်ဆေးရာ ၎င်းသည် မြစ်ကြီးနားမြို့မှဖြစ်ပြီး ၎င်းနှင့်အတူ အမျိုးသားငါးဦးလည်း တက္ကသိုလ်ဝင်းအတွင်းမှ ဆိုင်ကယ်များကို ခိုးယူကြောင်း ပေါ်ပေါက်ခဲ့သည်။

‘‘တစ်ယောက်ကို အရင်မိလို့ စစ်လိုက်တဲ့အချိန်မှာ ခိုးထားတဲ့ ဆိုင်ကယ်တွေပါ ပေါ်လာတယ်။ စုစုပေါင်းကတော့ ခြောက်ဦးခိုး တာ။ လောလောဆယ်မှာ ငါးဦး ကိုမိထားပါတယ်။ သက်သေခံ ဆိုင်ကယ်တွေအကုန်သိမ်းထား ပါတယ်’’ဟု အမှတ် (၉) ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် အသက် (၂၀)၀န်းကျင်များဖြစ်ပြီး ၎င်းတို့ကို အောက်တိုဘာ ၈ ရက် တွင် ဖမ်းမိခဲ့ကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့်ပြီး ကျန်တစ်ဦးကို စုံစမ်းရှာ ဖွေနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

‘‘မန္တလေးမှာ ဆိုင်ကယ်ခိုးတဲ့ လူတွေက လူငယ်တွေအရမ်းများ တယ်။ မူးယစ်ဆေးဝါးကြောင့် လည်းဖြစ်နိုင်သလို ခေတ်ပေါ် ပစ္စည်းကိရိယာတွေကို သုံးစွဲချင် လို့  လုပ်လာတာတွေလည်းရှိ တယ်။ တရားရုံးကို ရောက်ရှိလာ တဲ့ ခိုးမှု၊ လုယက်မှုတွဆိုရင် လူ ငယ်တွေအရမ်းများတယ်’’ဟု ချမ်းမြသာစည်မြို့နယ်  တရားရုံးမှ တရားသူကြီးတစ်ဦးက   ပြော သည်။

Top News