ရွှေတိဂုံစေတီအနီး ဈေးရောင်း၍ နှင်ထုတ်ခံရသော ငုံးဥပြုတ်သည်ကို ဒီချုပ်ဗဟိုအမျိုးသမီးကော်မတီက ကျပ် ခုနစ်သိန်းခွဲထောက်ပံ့

ဦးအောင်သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီက ထောက်ပံ့ငွေပေးအပ်နေစဉ် (ဓာတ်ပုံ − National League for Democracy FB)

သီတင်းကျွတ်လပြည့် နေ့က ရွှေတိဂုံစေတီအရှေ့ဘက် မုခ်ဈေးတန်းတွင် ငုံးဥပြုတ်ရောင်း ၍ နှင်ထုတ်ခံရသော အစ္စလာမ် ဘာသာဝင် ဦးအောင်သန်းကို အောက်တိုဘာ ၁၂ ရက်၌ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးကော်မတီက ဆေးကု သစရိတ် ကျပ်ခုနစ်သိန်းခွဲ ထောက်ပံ့ပေးပြီး အားပေးစကား ပြောကြားခဲ့သည်။

‘‘သူက ရင်ကျပ်ရောဂါသည် ဆိုတော့ ဆေးကုသဖို့အတွက် လှူဒါန်းဖြစ်တာပါ။ ဒီနေ့လုပ်တဲ့ ရည်ရွယ်ချက်က ဘာရည်ရွယ် ချက်မှ မပါပါဘူး။ အန်တီတို့အဖွဲ့ ကနေပြီးတော့ လူနာတစ်ယောက် ကို ထောက်ပံ့လိုက်တဲ့သဘောပဲ။ လူသားချင်းစာနာတဲ့သဘောပဲ’’ ဟု ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောသည်။

ဗဟိုအမျိုးသမီးကော်မတီ သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့လှူဒါန်းနေချိန်တွင် ဦးအောင်သန်း၏ ဖြစ်ရပ်ကိုသိရ ၍ ဒုက္ခရောက်နေသည့် ပြည်သူ တစ်ဦး၏ အခက်အခဲကို ကူညီခဲ့ ခြင်းဖြစ်ကြောင်း ဒေါက်တာမေ ဝင်းမြင့်က ဆိုသည်။

ဗဟိုအမျိုးသမီးကော်မတီ အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ တစ်လ ကျော်ပြီဖြစ်ပြီး အဖွဲ့၏ရည်ရွယ် ချက်သည် ပြည်သူ့အကျိုးပြုလုပ် ငန်းများ ဆောင်ရွက်ရန်ဖြစ် ကြောင်း ဒေါက်တာမေဝင်းမြင့် က ပြောသည်။

အောက်တိုဘာ ၅ ရက် (သီတင်းကျွတ်လပြည့်နေ့)မွန်းလွဲ ၃ နာရီခန့်က သံဃာနှစ်ပါးနှင့် လူနှစ်ဦးတို့က သာသနာ့နယ်မြေ တွင် ဈေးမရောင်းရန်၊ ရောင်းချပါ က ရဲလက်အပ်မည်ဟု ပြောဆို သဖြင့် တောင်းပန်စကားပြောပြီး ထိုနေရာမှထွက်လာခဲ့ကြောင်း ဦးအောင်သန်းက ၎င်းကြုံတွေ့ ခဲ့သည့် အဖြစ်အပျက်ကို ပြော သည်။လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီက လှူဒါန်းငွေအပါအဝင် အခြားပရဟိတအဖွဲ့များနှင့် နယ်ပယ်စုံမှ ထောက်ပံ့ကူညီငွေ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ် ကျော်ရရှိပြီဖြစ်ကြောင်းဦးအောင်သန်းက ဆိုသည်။

‘‘ဒီလို ကူငွေရချင်တယ်ဆို ပြီး မျှော်လင့်ချက်လည်းမရှိပါ ဘူး။ လှူဒါန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကိုယ်မွတ် စလင်ပေမယ့် ဗမာပြည်မှာပဲမွေး တယ်။ ဗမာပြည်ကောင်းစားတာပဲ လိုချင်တယ်။ ကျွန်တော်က နိုင်ငံခြားတွေလည်း အထင်မကြီးပါ ဘူး။ ကိုယ့်ဗမာပြည် ချမ်းသာဖို့ပဲ အရေးကြီးတယ်’’ဟု ဦးအောင် သန်းက ပြောသည်။

ကျန်းမာရေးအခြေအနေ အရ လမ်းမလျှောက်နိုင်သဖြင့် ထိုင်ရောင်းချ၍ရမည့် ကလေး ကစားစရာကဲ့သို့ အထားခံသည့် ပစ္စည်းမျိုးရောင်းချရန် စိတ်ကူး ထားကြောင်း ၎င်းကပြောသည်။

‘‘အမှုလည်းမဖွင့်တော့ပါ ဘူး။ စိတ်မကောင်းဖြစ်တာကလွဲ လို့ ဘာမျှော်လင့်ချက်မှလည်း မထားပါဘူး။ ကိုယ်လည်း အသက်ကြီးပါပြီ။ အမှုတွေဘာ တွေလည်း မဖြစ်ချင်တော့ဘူး’’ဟု ဦးအောင်သန်းက အောက်တိုဘာ ၅ ရက်ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောသည်။

More in News Section

Top News