ရုပ်ရှင် အကြိုခံစားခြင်း

အော်တိုဘုရင်

ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ ပုံပြင်တစ်ပုဒ်အနေနဲ့အားလုံး ရင်းနှီးထားကြတဲ့ ပေါက်ကျိုင်းအကြောင်းကို ဇာတ်လမ်းတည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို ညွှန်းလိုက်ပါတယ်။

တကောင်းတိုင်းပြည်ကြီးမှာ ဘုရင်ဆက်ခံမယ့်သူ မရှိဘဲဖြစ်နေပါတယ်။ မင်းလောင်း ခြောက်ဆက်တိုင်တိုင် နန်းတက်ခဲ့ပေမယ့် နေ့မြင်ညပျောက်ဆိုသလိုပဲ နောက်တစ်နေ့ မနက်မိုးလင်းရင် ဘယ်သူ့ရဲ့လက်ချက်မှန်းမသိဘဲ တစ်ကိုယ်လုံးမီးသွေးတုံးလို မည်းပြီး နတ်ရွာစံလေ့ရှိတာကြောင့် အကြောင်းသိသူတွေက ဘုရင်နေရာအတွက် ဘယ်သူမှစိတ်မဝင်စားကြပါဘူး။

ပေါက်ကျိုင်းက တကောင်း တိုင်းပြည်ကြီးမှာရှိတဲ့ ရွာတစ်ရွာကပါ။ သူကငယ်ငယ်ကတည်းက ဉာဏ်အရမ်းထိုင်းပါတယ်။ ပေါက်ကျိုင်းရဲ့အဖေကတိရစ္ဆာန်တွေရဲ့ မာဂဓဘာသာစကားတွေကိုပါ နားလည်သူတစ်ယောက်ပါ။ သူ့သားကိုလည်း သူ့လိုဘာသာစကားတွေတတ်မြောက်ဖို့ သင်ကြားပေးပေမယ့် ပေါက်ကျိုင်းက ဉာဏ်ရည်နည်းတာ ကြောင့် ဘာမှမတတ်ခဲ့ပါဘူး။ အဲဒါကြောင့် ပေါက်ကျိုင်းရဲ့အဖေကအိမ်ကနေ နှင်ထုတ်ပါတယ်။ အဲဒါကြောင့် ပေါက်ကျိုင်းလည်း ဒိသာ ပါမောက္ခကြီးဆီမှာ ပညာသွား သင်ပါတယ်။ 

ဒါပေမဲ့ ပေါက်ကျိုင်းက ဉာဏ်ထိုင်းတာကြောင့် သင်သမျှမတတ်မြောက်ပါဘူး။ အဲဒီအ ကြောင်းကိုသိတဲ့ သူ့ရဲ့ဆရာက ပေါက်ကျိုင်းကို စကားသုံးခွန်းသင်ပေးပါတယ်။ အဲဒါတွေကတော့ သွားပါများ ခရီးရောက်၊  မေးပါများစကားရနဲ့ မအိပ်မနေ အသက်ရှည်ဆိုတဲ့ စကားကြီးသုံးခွန်းပါ။ အိမ်ကိုပြရာက်တဲ့အချိန်မှာ ပေါက်ကျိုင်းက သူတတ်လာတာတွေကို လျှောက်ပြောတဲ့အခါ သူ့အဖေကစိတ်တိုပြီး ထပ်မောင်းထုတ်ပါတယ်။ အဲဒါကြောင့် ပေါက်ကျိုင်း လည်း ခြေဦးတည့်ရာကို ထွက်လာခဲ့တာ တကောင်းပြည်ဘက် သွားတဲ့ဘက်ကို ရောက်လာပါတယ်။ လမ်းမှာ ထမင်းစားပြီး ကျောက်ဖျာတစ်ချပ်ပေါ်မှာ အိပ်ခဲ့ပါတယ်။ ပေါက်ကျိုင်းနိုးလာတဲ့ အချိန်မှာတော့ သူ့ကိုရှင်ဘုရင်ဆိုပြီး ဝန်မင်းတွေက ခေါ်ဆောင်သွားပါတယ်။

နန်းတော်ကိုရောက်တဲ့အ ချိန်မှာ ရူးကြောင်ကြောင်လူကို ဘုရင်တင်ဖို့ ချီတုံချတုံဖြစ်နေကြပေမယ့် ပေါက်ကျိုင်းဟာ ဘုရင်ဖြစ်ထိုက်သူတစ်ယောက်ဆိုတာကို ရသေ့ကြီးတစ်ပါးက မိန့်ကြားတာကြောင့် ပေါက်ကျိုင်း ဘုရင်ဖြစ်လာပါတယ်။ တကယ်တော့ရှေ့က ဘုရင်အဆက်ဆက်ကို မီးသွေးတုံးဖြစ်စေခဲ့တာက တကောင်းပြည်ရဲ့မိဖုရားခေါင်ကြီး ဝါစာနီ မိဖုရားကြီးကြောင့်ပါ။ မိဖုရားကြီးက နဂါးမင်းသားနဲ့ ချစ်ကြိုက်နေတာကြောင့် နဂါးမင်းသားက သူ့ချစ်သူနဲ့ပေါင်းမယ့်သူတွေအကုန်ကို သတ်လိုက်တာပါ။ ပေါက်ကျိုင်းနဲ့ နဂါးမင်းသားတွေ့တဲ့အချိန်မှာ ပုံပြင်ထဲကလိုပဲ အနိုင်ယူနိုင်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အောက်တိုဘာ ၂၀ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာ တစ်ပြိုင်တည်းပြသသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ပေါက်ကျိုင်းအဖြစ် ဇာဂနာ၊ နဂါးမင်းသားအဖြစ် ကျော်ကျော်ဗို ၊ ဝါစာနီ မိဖုရားကြီးအဖြစ် အိချောပိုတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ညီညီထွန်းလွင်ရေးတဲ့ဇာတ်လမ်းကို မြင့်သန်းအောင်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News