မန္တလေးတိုင်းတွင် တရုတ်ကုန်သည်များက စပါးကို ပေါက်ဈေးထက် ပိုပေးဝယ်နေ၍ ဆန်စက် ၉၀ ရာခိုင်နှုန်းခန့် ပိတ်ထားဟု ဆို

မန္တလေးတိုင်းရှိ ကျေးရွာတစ်ရွာတွင် စပါးများနေလှန်းနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မန္တလေးတိုင်းတွင် တရုတ်ကုန်သည်များသည် တစ် ဆင့်ခံပွဲစားများ ငှားပြီး စပါးကို ပေါက်ဈေးနှုန်းထက် ပိုပေးကာ တောင်သူများထံမှ ၀ယ်ယူနေ၍ ဆန်စက် ၉၀ ရာခိုင်နှုန်းခန့် ပိတ် ထားကြောင်း မန္တလေးတိုင်း ဆန် စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးငွေအောင်က ပြောသည်။

ယခုအခါ ပြည်တွင်း၌ စပါး တင်းတစ်ရာ ပေါက်ဈေးနှုန်းသည် ကျပ်ငါးသိန်းခန့်ရှိပြီး တရုတ်ကုန် သည်များက ကျပ်ခြောက်သိန်း ခန့်အထိ ပေးဝယ်နေ၍ ဆန်စက် လုပ်ငန်းရှင်များ အခက်အခဲဖြစ် နေသည့်ကိစ္စကို ၀န်ကြီးချုပ်ထံ စာတင်ထားကြောင်း ဦးငွေအောင် က ပြောသည်။

‘‘မနေ့ (အောက်တိုဘာ ၁၂ ရက်)ကပဲ မန္တလေးတိုင်းဝန်ကြီး ချုပ်နဲ့ ဆန်စပါးအဖွဲ့ချုပ်ကို တင် ပြခဲ့ပါတယ်။ သူတို့က ပြည်တွင်း ပေါက်ဈေးထက်ပိုပေးပြီး ၀ယ်ယူ နေတဲ့အတွက် ဆန်စက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အဲဒီဈေးနဲ့ လိုက်မ၀ယ်နိုင်တာကြောင့် လုပ် ငန်းမလည်ပတ်နိုင်ဘဲ ရပ်နားရ တယ်။ စပါးတွေ အခုလို တိုက်ရိုက်သွားနေတာ တရားဝင်ခွင့်ပြုထား လား၊ ဘယ်လိုသတ်မှတ်ထားလဲ ဆိုတာကိုလည်း တင်ပြထားပါ တယ်’’ဟု ဦးငွေအောင်က ပြော သည်။

တရုတ်ကုန်သည်များသည် ပြီးခဲ့သည့် နွေစပါးပေါ်ချိန်ကစ တင်ကာ တောင်သူများထံမှ စပါး များကို ပြည်တွင်းပေါက်ဈေးနှုန်း ထက် ပိုပေးပြီးဝယ်ယူနေ၍ လက် ရှိ ကောက်ကြီးစပါး ပေါ်ချိန်တွင် အလားတူထပ်မံပြုလုပ်နေကာ ၎င်းတို့နှင့် ယှဉ်ပြိုင်မ၀ယ်နိုင်သည့် မန္တလေးတိုင်းရှိ ဆန်စက် ၁,၁၀၀ ၏ ၉၀ ရာခိုင်နှုန်းကျော်ပိတ်ထား ခြင်းဖြစ်သည်။

‘‘သူတို့ပေးတဲ့ဈေးနဲ့ ၀ယ်ပေးလို့မကိုက်ဘူး။ တချို့ကျတော့ လည်း ချော်လဲရောထိုင် စပါးတွေ ၀ယ်ပြီး တရုတ်ကို ပြန်ရောင်းတာ တွေလည်း ရှိတယ်။ ဆန်စပါးအ သင်းချုပ်ကတော့ စီးပွားကူးသန်း ၀န်ကြီးနဲ့ တိုက်ရိုက်တွေ့ပြီး အ စည်းအဝေးတစ်ခုလုပ်တယ်လို့ တော့ သိရတယ်။ ဆုံးဖြတ်ချက် တစ်ခုတော့ ထွက်လာမယ်ထင် တယ်’’ဟု ဦးငွေအောင်က ပြော သည်။တရုတ်ကုန်သည်များသည် စပါးဈေးနှုန်းမြှင့်ကာ ၀ယ်ယူနေ သဖြင့် စပါးကြိတ်ခွဲရာမှ ထွက် လာမည့် ဆန်ကွဲနှင့် ဖွဲဈေးနှုန်းများမြင့်တက်နေကြောင်း ၎င်းက ပြောသည်။

‘‘နယ်ကလာတဲ့ပွဲစားတွေရှိ တယ်။ သူတို့က ပေါက်ဈေးကို သိတော့ ဈေးပိုပေးပြီး ၀ယ်ကြတာရှိ တယ်။ မတ္တရာမှာ ဆန်ပေါ်တာက ဒီတစ်ပတ်ပဲရှိသေးတယ်။ အကုန် လုံးတော့ မပေါ်သေးဘူး။ တရုတ် ပွဲစားရော မြန်မာပွဲစားရောပဲ’’ဟု မတ္တရာမြို့နယ်မှ စပါးစိုက်တောင် သူ ဦးရဲရင့်အောင်က ပြောသည်။

‘‘စပါးဝယ်ပြီးရင် သူတို့ဆီ မှာ အရည်အသွေးမြင့်အောင် ကြိတ်နိုင်တဲ့အတွက် ပိုကောင်း တာပေါ့။ သူတို့အတွက်ပိုအဆင် ပြေတာပေါ့။ သူတို့စက်တွေက ခေတ်မီတဲ့အတွက် စပါးကိုကြိတ် လိုက်တဲ့အခါမှာ အရည်အသွေး လည်းကောင်းတယ်၊ အထွက်နှုန်း လည်းကိုက်တယ်ဆိုတော့ ဈေး ပိုပေးနိုင်တာပေါ့။ ဆန်စက်တွေ မကြိတ်ရတော့ ဖွဲတို့၊ ဆန်ကွဲတို့ လည်း မရတော့ဘူးပေါ့’’ ဟု မန္တလေးမြို့မှ ဆန်ကုန်သည်ဦးမြင့်လွင်က တရုတ်ကုန်သည်များ က ပြည်တွင်းမှစပါးတိုက်ရိုက် ၀ယ်သဖြင့် ပြည်တွင်းဆန်စက် များ ဈေးပြိုင်မပေးနိုင်၍ဆန်စက် များရပ်လျှင် ကြုံရနိုင်သောအခြေ အနေကို ပြောသည်။