မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် တရုတ်အကူအညီ များစွာလိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးပြော

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သော NCA (၂) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသော ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော် )

 မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင် မြင်ရန် တရုတ်နိုင်ငံ၏ အကူအညီများစွာလိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။


‘‘ကျွန်တော်တို့မြောက်ပိုင်း အဖွဲ့တွေဆိုရင် နှစ်နိုင်ငံကြားမှာ ဖြစ်နေတာ။ နှစ်နိုင်ငံကြားမှာဖြစ် နေတဲ့အခါကျတော့ တရုတ်နိုင်ငံ ရဲ့ အားပေးမှု၊ ကူညီမှု၊ ပူးပေါင်း ဆောင်ရွက်ပေးမှုဟာ အင်မတန် ကို အရေးကြီးပါတယ်’’ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ဆိုသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းစင်တာ (၁) တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေး ထိုးခြင်း (၂) နှစ်မြောက်နှစ်ပတ် လည်အခမ်းအနားအပြီး မီဒီယာ များ၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံကလည်း မြန် မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် များတွင် ပူးပေါင်းပါဝင်နေပြီး နှစ်

ဖက်ထိတွေ့ဆက်ဆံနိုင်ရေး များစွာပံ့ပိုးပေးနေသည်ဟု NCA (၂) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စ တာဆွန် ကော်ရှန်းက အခမ်းအနားအပြီးတွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘၀’အဖွဲ့ (UWSA) ဦးဆောင်ပြီး မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် မြန်မာအစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာရန် တရုတ်နိုင်ငံက ကူညီနေသည်ဟု ၎င်းကဆိုသည်။

‘‘သူတို့နှစ်ဖက်နီးနီးကပ်ကပ် တွေ့ပြီး ဆွေးနွေးမှုက တော်တော် အရေးကြီးပါတယ်’’ဟု မစ္စတာဆွန်ကော်ရှန်းက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန် မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် သာမက လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အစစ ကူညီပေးနေမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ဒုတိယဗိုလ် ချုပ်ကြီး စိန်ဝင်းက ပြောသည်။

‘‘တရုတ်နိုင်ငံနဲ့က မဟာဗျူ ဟာပါတနာပေါ့။ အဲဒီအတွက် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေးကိုလည်း ထိန်းသိမ်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောသည်။

ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် မြန်မာအစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံကို ကမ္ဘာ့နိုင်ငံအချို့က ဝေဖန်ခဲ့သော်လည်း တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က မြန်မာ့အရေးကို ဖိအားပေးဝေဖန်ပြောကြားခြင်းမရှိပေ။

ထို့ပြင် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့် ကျင်ကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရန် မြန်မာအစိုးရ၏ ဆောင်ရွက်မှုများကို နားလည်ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက စက်တင်ဘာတတိယပတ်အတွင်းက နယူးယောက်မြို့၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။