ကာတာလန် ခွဲထွက်ရေး ဦးဆောင်လှုပ်ရှားသူ နှစ်ဦးကို စပိန်အာဏာပိုင်များ ဖမ်းဆီး

ကာတာလန် ခွဲထွက်ရေး လှုပ်ရှားမှု ခေါင်းဆောင် နှစ်ဦးကို စပိန် အာဏာပိုင်များက ဖမ်းဆီးထားလိုက်ကြောင်း သိရသည်။

ယော်ဒီဆန်းချက်ဇ်နှင့် ယော်ဒီကျူးဇက်တို့ နှစ်ဦးကို စပိန်တရားရုံး တစ်ခုက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် အတောအတွင်း အာမခံခွင့် မပေးဘဲ ချုပ်နှောင်ထားရန် အမိန့်ထုတ်ခဲ့သည်။

ဆန်းချက်ဇ်သည် ကာတာလန် အမျိုးသား ညီလာခံကို ဦးဆောင်နေပြီး ကျူးဇက်ကမူ ကာတာလန် အော်နီယမ် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် စပိန်အစိုးရ လက်အောက်မှ ကာတာလန် ခွဲထွက်ပြီး လွတ်လပ်စွာ ရပ်တည်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ကြသည်။

အောက်တိုဘာ ၁ ရက်က ကာတာလန်တွင် ခွဲထွက်ရေးအတွက် ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းထိ ရရှိခဲ့ကြောင်း ဒေသခံ အစိုးရ အဖွဲ့က ကြေညာသည်။ သို့သော် လက်ရှိ အချိန်ထိ ကာတာလန် လွတ်လပ်ရေးကို တရားဝင် ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေးချေ။ ထို့အပြင် မက်ဒရစ်ရှိ စပိန် ဗဟိုအစိုးရကလည်း ယင်းဆန္ဒခံယူပွဲမှာ တရားမဝင်ကြောင်း ဝေဖန် ရှုတ်ချထားသည်။

ဆန္ဒခံယူပွဲ အပြီးတွင် ကာတာလန်ခေါင်းဆောင် ကားလက်စ် ပူဒီမွန့်က လွတ်လပ်ရေးအတွက် လုပ်ဆောင်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း တရားဝင် ကြေညာမှုကိုမူ ညှိနှိုင်းမှုများအတွက် ဆိုင်းငံ့ထားဆဲ ဖြစ်သည်။ ၎င်းက နှစ်လတာအတွင်း မက်ဒရစ်ရှိ စပိန်အစိုးရနှင့် ဆွေးနွေးသွားရန် တောင်းဆိုထားသည်။

သို့သော် စပိန်ဘက်ကမူ အဆိုပါ ကြေညာချက်ကို မရုပ်သိမ်းပါက ကာတာလန်ကို စပိန်အစိုးရက တိုက်ရိုက် တာဝန်ယူ အုပ်ချုပ်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

ပူဒီမွန့်က ဆန်းချက်ဇ်နှင့် ကျူးဇက်တို့ကို ဖမ်းဆီး ထိန်းသိမ်းထားသည့် စပိန်အာဏာပိုင်များ၏ လုပ်ရပ်ကို Twitterမှတဆင့် ဝေဖန် ရှုတ်ချသွားခဲ့သည်။ “ကာတာလန်ရဲ့ ပြည်သူ့အလုပ်အကျွေးပြု ခေါင်းဆောင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် စပိန်က ဖမ်းလိုက်တာ ဖြစ်တယ်။ ဝမ်းနည်းစရာပါပဲ။ ကျွန်တော်တို့မှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိလာပြန်ပါပြီ”ဟု ၎င်းက ရေးသားခဲ့သည်။

ကာတာလန်ရှိ ခွဲထွက်ရေး လှုပ်ရှားသူများက ၎င်းတို့၏ ခေါင်းဆောင်နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုနေကြသည်။ စပိန်တရားရုံးချုပ်သည် အစောပိုင်းက ကာတာလန် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိုးဆက် လူးဝစ် ထရာပီရိုကို ဖမ်းဆီးထားသော်လည်း ယခုအခါ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် ထရာပီရို၏ ကာတာလန် ရဲတပ်ဖွဲ့သည် စပိန်အစိုးရ၏ အမိန့်ကို မျက်ကွယ်ပြုကာ ဆန္ဒပြ လှုပ်ရှားသူများကို တားဆီးရန် ပျက်ကွက်ခဲ့သည့်အတွက် ထရာပီရိုကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Ref: Reuters