ဖြိုးကိုကိုတင့်ဆန်းအမှု ကွင်းဆက်တရားခံ ၁၂ ဦး ဖမ်းဆီးစစ်ဆေးနေ လက်နက် ၂၁ လက် ဖမ်းမိထားဟု ပြည်ထဲရေးဒုဝန်ကြီးပြောကြား

ဖမ်းမိသည့် လက်နက် များပြား၍ ကနဦးဖွင့်ထားသော ပုဒ်မ ၁၉(စ)ကို ၁၉(က)ဖြင့် ပြောင်းလဲအမှုဖွင့်၊ အမှုနှင့်ပတ်သက်၍ သက်သေ ၁၀ ဦးနှင့်အထက် ခေါ်ယူစစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းအမှု နှင့်ပတ်သက်၍ ရန်ကုန်နှင့် နေ ပြည်တော်၌ ကွင်းဆက်တရားခံ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အောက်တိုဘာ ၁၇ ရက်တွင် လက်နက်ရှစ်လက် အပါအဝင် စုစုပေါင်း လက်နက် ၂၁ လက် ဖမ်းဆီးရမိထားကြောင်း  ပြည် ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

အောက်တိုဘာ ၁၅ ရက် ည နေက နေပြည်တော်လေဆိပ်တွင် အားကစားဝန်ကြီးဟောင်း၏သား၊ACE ကုမ္ပဏီလုပ်ငန်းစု အကြီး အကဲ ဖြိုးကိုကိုတင့်ဆန်းနှင့် အ ပေါင်းအပါနှစ်ဦးထံမှ ပစ္စတိုသေ နတ်များ ဖမ်းဆီးရမိပြီးနောက် ရန်ကုန်နှင့် နေပြည်တော်ရှိ ACE ဟိုတယ်နှင့် ACE ကုမ္ပဏီရုံးခန်း၊  ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်တို့ ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးရာ အောက်တိုဘာ ၁၇ ရက်အထိ လက်နက် ၂၁ လက် ဖမ်းဆီးရမိထားကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ဖမ်းဆီးထားသူ ၁၂ ဦးသည် ဖြိုးကိုကိုတင့်ဆန်းနှင့် ဖြိုးကိုကို တင့်ဆန်းပိုင် ACE လုပ်ငန်းစုမှ ဝန်ထမ်းများဖြစ်ပြီး ၎င်းတို့ထဲမှ လေဆိပ်တွင် ဖမ်းမိသော ဖြိုးကို ကိုတင့်ဆန်း၊ ဇော်ဝင်းထိုက်နှင့် ရဲဝင်းဆွေတို့ကို လက်နက်မှု၊ မူး ယစ်မှုများဖြင့် အမှုဖွင့်ကာ ကျန် လူများကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း နေပြည်တော် တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင် အောင်က ပြောသည်။

ထို့အပြင် သာကေတမြို့ နယ်ရှိ ACE ဟိုတယ်တွင် လက် နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိမှုဖြင့် ဖြိုးကိုကိုတင့်ဆန်းနှင့် ယင်းဟိုတယ်ရှိ  နေပြည်တော် အက်ဖ်စီ ဘောလုံးအသင်းမန်နေဂျာ ဖြိုးဘိုဘိုတို့ကို မူးယစ်မှု၊ လက်နက်မှုတို့ဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည်။

ထို့အပြင် အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီခန့်က ဖြူး အမြန်လမ်းမကြီး ရဲစခန်း၌ ထိန်း သိမ်းထားသော ACE အထွေထွေ မန်နေဂျာ ဂျိုးဇက်၊ အမျိုးသမီး တစ်ဦးအပါအဝင် ငါးဦးကို လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်၌ သတင်းထုတ်ပြန် သည်။

‘‘လေဆိပ်မှာ သုံးယောက်၊ ဖြူးမှာ ဖမ်းတာက ငါးယောက်၊ နေပြည်တော်မှာ တစ်ယောက်။ သူ့ကို လိုက်ပို့တဲ့ကောင် (မူးယစ် တရားခံပြေး)၊ နောက်ထပ် ဒီနေ့ မနက်မှာ ရမန်ယူပြီးဖမ်းတာက နှစ်ယောက်၊ ၁၁ ယောက်ရှိတယ်’’ ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။ ထို့အပြင် ရန်ကုန် ACE ဟိုတယ်မှ နေပြည်တော် FC မန်နေဂျာ ဖြိုးဘိုဘိုကိုလည်း ဖမ်းဆီးထားရာ စုစုပေါင်း ၁၂ ဦး ရှိပြီဖြစ်သည်။

ဖမ်းဆီးထားသူများကို စစ် ဆေးနေပြီး အမှုခိုင်မာအောင် တည်ဆောက်ပြီးပါက ရုံးတင်စစ် ဆေးမည်ဟု ၎င်းက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင် သည့် National Security Agency (NSA) တံဆိပ်ကပ်ထားသည့် ဟမ်းမားယာဉ်များအပါအဝင် ၎င်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများကိုလည်း စိစစ်နေကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

 ထို့အပြင် ကျန်ရှိနေသည့်လက်နက်နှင့် ကွင်းဆက်များအားလုံး အမြန်ဆုံးဖမ်းဆီးသိမ်းဆည်းရမိရေးကိုလည်း ဦးစားပေးလုပ် ဆောင်နေကြောင်း ၎င်းက ဆို သည်။

‘‘တည်ဆဲဥပဒေ အပေါ်မှာ ချိုးဖောက်တဲ့ လုပ်ငန်းစဉ်တွေ အားလုံးကိုလည်း ကျွန်တော်တို့ ဖော်ထုတ်ပြီး ဆောင်ရွက်မှာပါ’’ ဟု ဗိုလ်ချုပ်အောင်စိုးက အောက် တိုဘာ ၁၇ ရက်က လွှတ်တော်အ စည်းအဝေးအပြီးတွင် သတင်း ထောက်များအား ပြောသည်။

ထို့အပြင် အမှုနှင့်ပတ်သက် ၍ သက်သေ ၁၀ ဦးနှင့်အထက်ကို လည်း ခေါ်ယူစစ်ဆေးမေးမြန်း ထားကြောင်း ရဲမှူးကြီးဇော်ခင် အောင်က ပြောသည်။

 ‘‘ခေါ်ယူစစ်ဆေးမေးမြန်း တယ်။ ပြီးရင်ပြန်လွှတ်တယ်’’ဟု ၎င်းက သက်သေများနှင့်ပတ်သက်၍ ပြောသည်။

အောက်တိုဘာ ၁၅ ရက် လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးနောက် ဖြိုးကိုကို တင့်ဆန်းနှင့် အပေါင်းပါနှစ်ဦးကို နေပြည်တော်၊ အေလာနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး ဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)၊ ၂၂ (ခ)၊/၂၁၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)တို့ဖြင့် အမှုဖွင့်ထားခဲ့ပြီး နောက်ထပ်လက်နက်များ ထပ်မံဖမ်းဆီးရမိ၍ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အစား ၁၉(က)ဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည်။‘‘သူတို့လက်နက်တွေက များတဲ့အခါကျတော့ ပုဒ်မပြောင်းပြီး ဖွင့်လိုက်တာပါ’’ ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။

ဖမ်းဆီးထားသူများကို ချုပ် ရမန်ယူထားသည့် နှစ်ပတ် အ တွင်း ရဲလုပ်ငန်းစဉ်အရ အမှုခိုင် မာအောင်တည်ဆောက်၍ တရား ရုံးတင် စွဲဆိုထားမည်ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ဖမ်း ဆီးခံရသူများအား ရုံးထုတ်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်း ပြသည်။

ဖမ်းဆီးထားသူများထဲတွင် အမျိုးသမီးတစ်ဦး ပါဝင်သော် လည်း ၎င်းသည် ဖြိုးကိုကိုတင့် ဆန်း၏ ဇနီးမဟုတ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က အတည်ပြုပြောကြားသည်။

‘‘အဲဒီ အမျိုးသမီးက သူနဲ့ ဘာမှမပတ်သက်ဘူး။ သူ့မိန်းမ မဟုတ်ဘူး’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဖြိုးကိုကိုတင့်ဆန်း ၏ ဘဏ်စာရင်းအချို့ ပိတ်ခံရ ကြောင်း သတင်းများနှင့် ပတ် သက်၍လည်း ၎င်းအနေဖြင့် မသိ ရှိကြောင်း ပြောကြားခဲ့သည်။

 ပြောင်းလဲ  ဖွင့်လှစ်သည့် လက်နက်ဥပဒေပုဒ်မ ၁၉ (က)သည်  လက်နက်၊ ခဲယမ်းမီး ကျောက်၊ စစ်ပစ္စည်းတစ်ခုခုကို ထုတ်လုပ်၊ အသွင်ပြောင်း၊ ရောင်းချထားသို၊ ရောင်းရန်ကမ်းလှမ်း (သို့မဟုတ်) ရောင်းရန်ခင်းကျင်း လျှင် အမြင့်ဆုံး  ခုနစ်နှစ်အထိ ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင် သည့် ပုဒ်မဖြစ်သည်။

အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်နှင့် နေပြည်တော် ACE ဟိုတယ်တို့မှ စုစုပေါင်း သေနတ်ကိုးလက်နှင့် ကျည် ၈၉၂ တောင့်အပါအဝင် လက်နက်များ ဖမ်းမိခဲ့သည်။ ထို့ နောက် အောက်တိုဘာ ၁၆ ရက် က သာကေတမြို့နယ်ရှိ ဖြိုးကိုကို တင့်ဆန်းပိုင် ACE GROUP OF COMPANIES  အဆောက်အအုံအား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 သေနတ်တစ်လက်၊ သံ ဘောစေ့ဖြင့် ပစ်ခတ်ရသည့် M- 4 ကာဘိုင်ပုံစံသေနတ်တစ်လက်၊ ခဲယမ်းများနှင့် စိတ်ကြွဆေးပြား များကို သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁)ရပ်ကွက် ငွေ ဝတ်မှုန်ရိပ်သာလမ်းရှိ ဖြိုးကိုကို တင့်ဆန်း၏ နေအိမ်ကို  ရှာဖွေ ခဲ့ရာ ၅ ဒသမ ၅၆ ကျည်သုံး တောင့်၊ ဖြိုးကိုကိုတင့်ဆန်းအ မည်နှင့် နိုင်ငံတော် တံဆိပ်ပါ ပြောက်ကျားဝတ်စုံတစ်စုံ၊ နိုင်ငံ တော်တံဆိပ်နှင့် အရိုးခေါင်းလက် မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီတစ်ထည်၊ စကားပြောစက်နှင့် ခဲယမ်းများ၊ စိတ်ကြွဆေးများကို သိမ်းဆည်းမိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

ထို့အပြင် နေပြည်တော်ရှိ ဟိုတယ် ACE အခန်းအမှတ် (H-1) အတွင်းမှ မန်မိုရီစတစ်လေးချောင်း၊ ဟာ့ဒ်ဒစ်တစ်ခု၊ ကွန်ပျူတာ System ပုံးသုံးပုံး၊ လက် ကိုင်ဖုန်းတစ်လုံး၊ ဝိုင်ဖိုင်လွှင့်စက် တစ်လုံး၊ X5R Reader တစ်လုံး၊ အသံဖမ်းစက်တစ်လုံးကိုလည်း သိမ်းဆည်းရမိသည်။