မက်လုံးပေး စီးပွားရေးက ခြိမ်းခြောက်လာသော လူမှုကျန်းမာရေး

custerian.com

မျက်နှာအသားအရေဖြူစင်ချောမွေ့သည့် မဟန်နီတစ်ယောက် အခုအချိန်မှာတော့ အရွယ်အစားစုံလင်သော အနီရောင်အဖုများက ၎င်း၏ မျက်နှာတွင် နေရာအပြည့်ယူထားသည်။  ပြုပ်ထသကဲ့သို့ အဖုအပိမ့်များ ထွက်နေသော မျက်နှာဖြင့် ၎င်း၏ လုပ်ငန်းခွင်နှင့် ကျောင်းအပါအဝင်ပြင်ပသို့ မသွားရဲမလာရဲဖြစ်နေရာ သုံးလခန့်ရှိပြီဖြစ်သည်။

‘‘မျက်နှာမှာ အဖုလေးတွေ ပေါက်လို့ Successmore ကထုတ်တဲ့ ဆေး Gel ကို လိမ်းမိလိုက်တဲ့ အချိန် မျက်နှာမှာ အဖုအပိမ့်တွေ ထွက်လာတယ်။ ဒါကို သွားပြန် ပြောတော့လည်း ခန္ဓာကိုယ်တွင်း က ဖြစ်တာဆိုပြီးတော့ တခြားဆေးတွေထပ်ပေးတယ်။ သောက်နေ ရင်း တန်းလန်းနဲ့ ဆေးအနံ့အသက် တွေက မကောင်းတော့တာနဲ့ ဆက်မသောက်တော့ဘဲ အရေ ပြားဆရာဝန်ဆီပဲ သွားပြလိုက်တော့တယ်’’ဟု အသက် (၂၀) ကျော်အရွယ် မဟန်နီက ပြောသည်။

မဟန်နီသည် ဆင့်ပွားစီးပွား ရေးကွန်ရက် (Multi Level Mar-keting) Successmore က ရောင်းချသည့် ဆေးကိုသုံးစွဲပြီး အသားအရေ ပျက်စီးခဲ့သူတစ်ဦးဖြစ်သည်။အဆိုပါဆေးကို သုံးစွဲနေရင်းမှ နှစ်ပတ်အတွင်း မျက်နှာအသားအရေပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

လိမ်းဆေးနှင့် သောက်ဆေး အတွက် ကျပ်တစ်သိန်းနှစ်သောင်း ကျော် ကုန်ကျခဲ့သော်လည်း မပျောက်ဘဲ ပိုမိုဆိုးရွားလာ၍ အရေပြား အထူးကုဆရာဝန်ထံ တစ်ပတ်တစ်ကြိမ်ခန့် သွားရောက်ပြသနေရကြောင်း မဟန်နီက ဆိုသည်။

‘‘ဆရာဝန်ဆီမှာသွားပြတာ တစ်သိန်းကျော်သွားပြီ။ အခုထိ တော့ မပျောက်သေးဘူး။ အရင် ကတည်းကသာ သွားပြရင် အဲဒီ လောက်ထိ ကုန်မှာမဟုတ်ဘူး။ မိန်းကလေးဆိုတော့ ဒီလိုမျက်နှာ နဲ့ အပြင်ကိုထွက်ဖို့ကလည်း မဝံ့ မရဲဖြစ်နေဆဲပဲ’’ဟု ၎င်းက နောင် တရဟန်ဖြင့် ပြောသည်။

‘‘အစ်မတို့ဆီက ဆေးဝါးသုံး လို့ နစ်နာမှုတစ်ခုခုရှိခဲ့ရင် ကုမ္ပဏီ ကိုလာပြီးတော့ တိုင်ကြားလို့ရ တယ်။ အဓိကကတော့ ကိုယ်စား လှယ်တွေက ပစ္စည်းကိုရောင်းလို့ ရအောင် ပိုပြောလို့ဖြစ်တာဆို တော့ ကိုယ်စားလှယ်တွေကို မှတ် သားပြီး တိုင်ကြားနိုင်တယ်’’ဟု Successmore မှ တာဝန်ရှိသူ မစုလတ်မွန်က အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ 7Day NewsJournal သို့ ဖြေကြားသည်။

Successmore ကုမ္ပဏီက တင်သွင်းရောင်းချသော ဆေးဝါး နှင့် ဓာတ်စာများကို ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချနေသည်မှာ သုံးနှစ်ခွဲရှိပြီဖြစ်သော်လည်း သုံးစွဲသူများထံမှ တိုင်ကြားမှုတစ်စုံတစ်ရာမရှိသေးကြောင်း ၎င်းက ဆိုသည်။

 မြန်မာနိုင်ငံတွင် ဆင့်ပွားစီး ပွားရေးကွန်ရက်စနစ် MLM ပေါ် ပေါက်လာသည်မှာ ဆယ်စုနှစ် တစ်စုခန့်ရှိနေပြီး ယခုနောက်ပိုင်း ၌ MLM စနစ်သုံး ကုမ္ပဏီအချို့ သည် အရည်အသွေးထောက်ခံ ချက်မရှိသော အလှကုန်နှင့် ဆေးဝါးများ ရောင်းချမှုများရှိလာ သည်။ အဆိုပါပစ္စည်းများကို အ သုံးပြုပြီးနောက် နစ်နာသူများထဲ တွင် မသျှားသီဟန်လည်း အပါ အဝင်ဖြစ်သည်။

‘‘သမီးက အရမ်းပိန်တဲ့အ တွက် ပိုလန်ဆေးကိုသောက် တယ်။ နှစ်ရက်အတွင်း အသားအ ရေလှလာတယ်။ ဒါပေမဲ့ အူရောင် ပြီး ဝမ်းချုပ်လာတယ်။ ဆရာဝန်နဲ့ ပြရတဲ့အဆင့်အထိ ဖြစ်လာတယ်’’ဟု အသက် (၂၀)အရွယ် မသျှားသီဟန်က ဆိုသည်။

ထို့အပြင် MLM ကိုယ်စား လှယ်များ၏ မဲဆွယ်မှုကို အယုံ လွယ်ကာ ကင်ဆာရောဂါဝေဒနာ ရှင်များအပြင် HIV ရောဂါကြောင့် ဆေးသောက်နေရသူများသည် ART ဆေးကိုဖြတ်ကာ MLM မှရောင်းချသော ဆေးများကို သောက်သုံးခြင်း၊ အသည်းရောင် အသားဝါစီရောဂါ ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးများရှိသော်လည်း MLMက ရောင်းသော ဆေးဝါးများကို သောက်သုံးသူများရှိသည်။

‘‘HIV pt CD4 account က ၁၀၀ ပဲရှိတယ်။ တစ်လတောင် မကြာဘူး။ ဆေးလာမယူလို့မေး တော့ ဆေးဖြတ်ပြီး သူ့အစ်မ ရောင်းတဲ့ ဆေးတွေကို တစ်နေ့ တစ်သိန်းလောက်ပေးပြီး သောက် နေတယ်။ မကြာဘူး။ နှစ်ပတ်နေ တော့ ဆုံးသွားတယ်။ အခုလည်း DM nephropathy pt Under C positive pt ပိုးကောင်ရေစစ်ပြီး ပျောက်ကင်းအောင် ကုသဖို့ ၁၅သိန်းလောက်ကုန်မယ်လို့ပြော တော့ လူနာက မတတ်နိုင်ဘူးဆိုပြီး MLM ကရောင်းတဲ့ ဆေးတွေကို တစ်ပတ်စာ တစ်သိန်းခွဲပေးပြီး သောက်နေပြန်ပြီ’’ဟု ဆရာဝန် တစ်ဦးက သူ့ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင် ရေးသားထားသည်။

 ထို့အပြင် ပန်းဝတ်မှုန်အာဟာရ Bee Pollen ကို ဓာတ်စာအပြင် ဆေးဝါးသဘောမျိုးဖြင့်ပါ ကြော်ငြာ ရောင်းချလာခြင်းကြောင့် အမျိုးသမီးငယ်များသာမက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များကိုပါ တိုက်ကျွေးလာသည်။

အချို့သည် ဆိုးကျိုး မခံစားရသော်လည်း အချို့သော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဓာတ်မတည့်မှုဝေဒနာခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်ပေါ်လာသည်။

‘‘ပိုလန်အဆွယ်ကောင်းလို့ သားဦးလေးမွေးကတည်းက တိုက်တယ်။ ရှစ်လအထိ ဝကစ်နေတာ ကနေ ကိုးလပိုင်းလောက်မှာ ဆေး ရုံတောက်လျှောက်တက်ရတယ်။

၁၀ လပိုင်းမှာ ဆုံးတဲ့အထိပဲ။ ခြင် ဆီရိုးဖောက်စစ်တော့ သွေးကင်ဆာတဲ့။ ပိုလန်နဲ့ ဓာတ်မတည့်လို့ ကင်ဆာဆဲလ်ကို မွေးယူပြီး အ သက်ပါပါတဲ့အထိ ဖြစ်သွားတာ’’ ဟု အွန်လိုင်းအသုံးပြုသူ နီလာ အောင်ဆိုသူအကောင့်တွင် ရေး သားထားသည်ကို တွေ့ရသည်။

အချို့ကလည်း Bee Pollen ကို သောက်သုံးခြင်းကြောင့် အသက်ဆုံးရှုံး ခဲ့ရ၍ အခြားသူများကို ထပ်မံ သောက်သုံးခြင်းမပြုစေရန် အကြံ ပြုနေသလို ရောင်းချသူများဘက် ကလည်း ယင်းဆေးမည်မျှ အစွမ်း ထက်ကြောင်း တုံ့ပြန်ပြောဆိုနေသည်ကို တွေ့ရသည်။

ဆေးပညာအသိုင်းအဝိုင်းကမူ ပိုလန်သည် ဖြည့်စွက်စာသက် သက်သာဖြစ်ပြီး ဆေးဝါးမဟုတ် ကြောင်းနှင့် ရောဂါကုသနိုင်သည့် အာနိသင်ရှိကြောင်းကိုလည်း သက်သေမပြနိုင်ဟု ဆိုထားသည်။ ထို့အပြင် ပိုလန်ကြောင့် အရွယ် ရောက်ပြီးလူကြီးများတွင် ကျောက်ကပ်ပျက်စီးစေတတ်ကြောင်း အ ထောက်အထားများကို အမေရိ ကန်ဆေးသုတေသနအဖွဲ့က ဖော် ပြထားကြောင်း ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ကလေးအထူးကုဆရာဝန် ကြီး ဒေါက်တာစောဝင်းက ‘‘ဒါ တွေက အာနိသင်လည်းမရှိဘူး။ ပိုက်ဆံကုန်တာပဲရှိတယ်။ ဆေးပညာကုထုံးမှာလည်း ဒါမပါဘူး။ ဆေးဆိုတာက အခြေအမြစ်ခိုင်ခိုင် မာမာရှိရမယ်။ မြန်မာတွေကို ညာရောင်းတာပါ။ ဒါတွေက ဘယ်ရောဂါမှမပျောက်ဘူး။ ဘေးထွက် ဆိုးကျိုး ရှိ၊ မရှိဆိုတာကတော့ စစ် ကြည့်မှ သိမှာပေါ့’’ဟု သူ့အမြင် ကို ပြောပြသည်။

၎င်းကုသသော ကလေးငယ်များတွင် Bee Pollen သောက်သုံး နေသူများရှိ၍ ဆက်လက်သောက် သုံးခြင်းမပြုရန် အကြံပြုထားပြီး လက်ရှိအချိန်ထိ အဆိုပါဆေး သောက်သုံးခြင်းကြောင့် ရောက် ရှိလာသော ကလေးလူနာတစ်ဦး မျှမရှိသေးကြောင်း ဆိုသည်။

‘‘ဖြည့်စွက်စာဆိုတဲ့သဘောက နေ့စဉ်သောက်နေရတဲ့ အရာ မျိုးမဟုတ်ဘူး။ အဖြည့်အနေနဲ့ သာ သောက်ရမယ့် အမျိုးအစား တွေပါ။ ကလေးတွေဆို ပိုဆိုးသေး တယ်။ အရမ်းနုနယ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာကျွန်မကလေးကို တိုက်နေတာ ဉာဏ်ကောင်းတယ်။ ကျန်းမာတယ်ဆိုတဲ့ အထောက်အထားမရှိတဲ့ စကားတွေကို ယုံစားဖို့မသင့်ပါဘူး။ အပြင်မှာ တကယ်မကျွေးဘဲ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အလကား လျှောက်ရေးနေတဲ့လူတွေ အများကြီးရှိနိုင်ပါတယ်။ တစ်စုံတစ်ခုဖြစ်ရင် ကိုယ့်ကလေးတွေနဲ့ ကိုယ်ကိုယ်တိုင်ပဲ ရောဂါဝေဒနာတွေ ခံစားရပြီး စိတ်ဆင်းရဲပင်ပန်းပြီး ဒုက္ခရောက်မှာပါ’’ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ကျော်သက်စိုးက ထောက်ပြသည်။

လက်ရှိ လူပြောများနေသော Bee Pollen သည် ပြည်တွင်းဆေး ကုမ္ပဏီများမှ ထုတ်လုပ်ရောင်းချ သော ဆေးများရှိသကဲ့သို့ ပြည်ပမှတစ်ဆင့် တင်သွင်းရောင်းချသော ဆင့်ပွားကုမ္ပဏီများလည်း ရှိသည်။

နာမည်ကြီးကုမ္ပဏီများသည် ဆင့်ပွားကုမ္ပဏီများမှတစ်ဆင့် ကုန်ပစ္စည်းများ ဖြန့်ဝေခြင်းမပြု လုပ်ကြပေ။

‘‘စနစ်တကျမှတ်ပုံတင်ရမှာ။ လင်ဇီးတွေ၊ ပန်းဝတ်မှုန်တွေကို ဆေးဆိုပြီးတော့ ညာရောင်းတာ။ ဆေးပညာအရ အခြေအမြစ်မရှိဘူး။ ဒါတွေကို FDA က အရေးယူ ရမှာပေါ့’’ဟု ဒေါက်တာစောဝင်း က ဆိုသည်။

ပြည်ပမှ တင်သွင်းရောင်းချ သော ဆေးဝါးအများစု၏ အရည်အသွေးကောင်းမွန်ခြင်း ရှိ၊ မရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင် စစ်ဆေးခြင်းမရှိ၍ အလွယ်တကူ မသောက်သုံးသင့်ကြောင်း ၎င်းက ဆိုသည်။

MLM ကုမ္ပဏီအချို့သည် ဆေးသီးသန့် ရောင်းချခြင်းမျိုး မဟုတ်ဘဲ ဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျှော်ရည်ကဲ့သို့ လူသုံးကုန်အမျိုးမျိုးကို ရောင်းချခြင်းများရှိသည်။ ထို့အပြင် ပိုလန်၊ ဗီတာမင်စီ၊ ပဲနို့ စသော ကုန်ပစ္စည်းများကိုလည်း အာဟာရဓာတ်စာ၊ ဖြည့်စွက်စာ များအဖြစ် ရောင်းချလာသည်။

ထို့အပြင် ယင်းထုတ်ကုန်များကို အဖွဲ့ဝင်၍ သုံးစွဲပါက ဈေးသက်သာမည့်အပြင် အခြားသူများကိုလည်း ပြန်လည်ရောင်းချ နိုင်သဖြင့် အမှတ်တက်မည်၊ လစာတက်မည်ဟူသော မက်လုံးပေး သည့်စနစ်ကို ပြောင်းလဲကျင့်သုံး လာသည်။

‘‘ဘယ်သူ့ကိုမှ မန်ဘာဝင်ပါဆိုပြီး ဆွယ်လို့မရဘူး။ ပွဲလုပ်ရင် လိုက်နားထောင်ပေးရုံပဲ။ ဒါပေမဲ့ အေဂျင်စီထောင်နိုင်တဲ့သူဆိုရင် တော့ အေးဆေးပဲ။ သူဆို သိန်းရာချီရင်းထားရတယ်။ ကိုယ်စား လှယ်အနေနဲ့ကတော့ အဲဒီလောက် မရင်းနိုင်ဘူး။ အခုကလည်း အစပိုင်းဆိုတော့ ပင်ပန်းတာပေါ့။ ဒီအလုပ်က အခွင့်အလမ်းယူတတ် အောင်လုပ်ပေးတာပါ’’ဟု မော်လ မြိုင်မြို့နေ MLM အရောင်းကိုယ်စားလှယ်အမျိုးသမီးတစ်ဦးက ဆို သည်။

ထုတ်ကုန်ပစ္စည်းများကို ကိုယ်တိုင်ဝယ်ယူသုံးစွဲခြင်းဖြင့် လည်းကောင်း၊ အခြားလူကို ပြန်လည် ရောင်းချခြင်းဖြင့်လည်း ကောင်း၊ ယင်းနည်းလမ်းများသုံး၍ စီးပွားရေးသဖွယ် လုပ်ကိုင်လာကြသည်။ နယ်မြို့များရှိ ဝင်ငွေမရှိ သော အိမ်ရှင်မများအထိပင် ယင်းအလုပ်ကို စိတ်ဝင်တစားလုပ်ကိုင် မှုများရှိလာသည်။

 ယခုအချိန်တွင် မြို့ပေါ်၌ နေထိုင်သူများသာမက ဗဟုသုတနည်းပါးသော ကျေးရွာများအထိ ကွင်းဆင်း၍ ဒေသခံများကို ပစ်မှတ်ထားကာ မဲဆွယ်စည်းရုံးခြင်း၊ ကုန်ပစ္စည်းများ ရောင်းချခြင်းတို့ ပြုလုပ်လာသည်။ ဒေသခံများကလည်း ယင်းတို့၏ မက်လုံးပေးမှုကို ယုံကြည်ကာ ဆေးများ၊ ဓာတ်စာများကို ဈေးကြီးပေးကာ ဝယ်ယူသောက်သုံးလာပြီး နောက်ပိုင်းတွင် ဓာတ်မတည့်မှုများကြောင့် ဆိုးကျိုးများ ခံစားလာရသည်။

အလှကုန်၊ ဆေးဝါးများ ကြောင့် နစ်နာမှုများကို အချက်အလက်များနှင့်တကွ တိုင်ကြားလာသူအရေအတွက် တစ်နှစ်ကျော်အတွင်း ၃၀၀ မှ ၄၀၀ ခန့်ရှိပြီး အပြုသဘောမျိုးဖြင့် Comment ရေးသားသူ ၆၀၀ ကျော်ရှိကြောင်း MLM Companies များကြောင့် နစ်နာခဲ့သူများနှင့် MLM စနစ်ကိုဆန့်ကျင်သူများအဖွဲ့ တည်ထောင်သူ ကိုဇင်ဇေလွင်က ဆိုသည်။

‘‘တရားစွဲတာတွေကတော့ မလွယ်ဘူး။ စွဲတဲ့ကုန်ကျစရိတ်ကလည်း မနည်းဘူး။ တရားစွဲရင် လည်း ကုမ္ပဏီကို စွဲလို့မရအောင် စာချုပ်စာတမ်းနဲ့ ကြိုရှောင်ထားတယ်။ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ပါတယ်။ ကိုယ်စားလှယ်ကိုပဲ စွဲရမယ့် အခြေအနေရှိတယ်။ ကိုယ်စားလှယ်က ဘောင်ကျော်ပြီး ပြော တာပါဆိုပြီးတော့ ရှောင်ထွက်လို့ ရအောင် လုပ်ထားတယ်’’ဟု ကိုဇင်ဇေလွင်က ဆိုသည်။

ထို့အပြင် နိုင်ငံအတွင်း ဆောင်ရွက်နေသော ဆင့်ပွားကုမ္ပဏီအများစုသည် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းမရှိပါက ငွေကြေးဆုံးရှုံးမည့် အနေအထားဖြစ်နေ၍ အရည်အသွေး အာမခံချက်မရှိသော ပစ္စည်းများကို သူငယ်ချင်း၊ မိတ်ဆွေအသိုင်းအဝိုင်းအတွင်း ပြန်လည်ရောင်းချလာခြင်းဖြစ်သည်။

‘‘ကိုယ်စားလှယ်က ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေဆိုတော့လည်း တရားစွဲလို့မရဘူးဖြစ်နေတယ်။ ဒါကို ကုမ္ပဏီတွေက အသုံးချတာပါ။ ဆွေမျိုးနီးစပ်၊ သူငယ်ချင်း၊ မိတ်ဆွေတွေ ပြန်ထိမှာပေါ့။ အားနာလို့ မတိုင်နိုင်ကြဘူး။ ၁၀ ဦးမှာ တစ်ဦးလောက်ပဲ လူမှုကွန်ရက်ကို တင်နိုင်ကြတယ်’’ဟု ကိုဇင်ဇေ လွင်က ထောက်ပြသည်။

အဆိုပါ အားနည်းချက်ကို အခွင့်ကောင်းယူကာ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ထောက်ခံချက်ရှိသော ကုန်ပစ္စည်းများနှင့် ထောက်ခံချက် မရှိသော ကုန်ပစ္စည်းများကို ရော နှောရောင်းချနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် တိုင်ကြားရမည့်နေ ရာကို မသိရှိခြင်း၊ သိရှိသော်လည်း အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ဖြစ်မည်ကို စိုးရိမ်၍ ဆင့်ပွား ကုမ္ပဏီများကို တိုင်ကြားမှုများ ပြု လုပ်ခြင်းမရှိချေ။ ထို့ကြောင့် ဆင့်ပွားကုမ္ပဏီများသည် အဖွဲ့ဝင်များကို ထပ်မံရှာဖွေလာနိုင်ခြင်း၊ အရည်အသွေးနိမ့် ကုန်ပစ္စည်းများကို ဈေးနှုန်းတင်ကာ ပြန်လည်ရောင်း ချခြင်းတို့ ပိုမိုပြုလုပ်လာသည်။

နိုင်ငံတကာတွင် ဆင့်ပွား ကုမ္ပဏီများအနေဖြင့် အစိုးရထံ စပေါ်ငွေအဖြစ် ကျပ်သိန်းနှစ် သောင်းပေးသွင်းရပြီး နစ်နာမှုတစ် စုံတစ်ရာဖြစ်ခဲ့ပါက အဆိုပါငွေ ကြေးများထဲမှ ပြန်လည်ဖြေရှင်း ပေးရသည်။ ထို့အပြင် ကုန်ပစ္စည်း ရောင်းချပေးသော ကိုယ်စားလှယ် မှ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိ တော့ပါက ပစ္စည်းများကို ပြန် လည်အပ်နှံပြီး ပေးသွင်းထားသော ငွေကြေး၏ ၉၀ ရာခိုင်နှုန်းကို ပြန် အမ်းစေခြင်း စသည့်အချက်များဖြင့်အစိုးရက ချုပ်ကိုင်ထားကြောင်း ကိုဇင်ဇေလွင်က ဆိုသည်။

ထို့အပြင် တစ်နှစ်အတွင်း ကိုယ်စားလှယ်ဝင်ရောက်သည့် နှုန်း၊ တိုးပွားလာသော အမြတ်အ စွန်းနှင့် ရောင်းရသော ပစ္စည်းများ ၏ တန်ဖိုး စသည်တို့ကို တရားဝင် ထုတ်ပြန်ကြေညာကာ အခွန် ကောက်ခံနိုင်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ၎င်းတို့၏ နှစ်စဉ်ဝင်ငွေနှင့် ရရှိသော အမြတ်အ စွန်းများကို အွန်လိုင်းနှင့် ကိုယ်စား လှယ်များကို ထုတ်ဖော်ပြောဆို ကာ မဲဆွယ်စည်းရုံးနေခြင်းအပေါ် အစိုးရဘက်က ဝင်ငွေခွန်ဥပဒေ နှင့်အညီ လိုက်လံကြပ်မတ်မှုမရှိ သေးပေ။

သို့သော် နိုင်ငံတော်နှင့် အ များပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိ စေရန် သမ္မတရုံး၊ ပြည်ထဲရေးဝန် ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည် တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ကတာဝန်ယူကာ ၂၀၁၇ တွင် စတင် စစ်ဆေးနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားသည်။

၂၀၀၉ မှ ၂၀၁၁ အတွင်း ပြည်တွင်း၊ ပြည်ပ ဆင့်ပွားကုမ္ပဏီ သုံးခုမှ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်း များကို ပြည်သူပိုင်သိမ်းခြင်း၊ ကုမ္ပဏီများကို နာမည်ပျက်စာရင်း သွင်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

 ဆင့်ပွားကုမ္ပဏီများက ရောင်းချသော ပစ္စည်းများကို သုံးစွဲခြင်းကြောင့် နစ်နာသူ တစ်ထောင် ကျော်ရှိသော်လည်း စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ ဖွဲ့စည်းထားသော စားသုံးသူအ ငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို တိုင်ကြားမှု တစ်စုံတစ်ရာမရှိသေး ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရည်အသွေးအာမခံချက်မရှိသော ကုန်ပစ္စည်းရောင်းချသည့် ဆင့်ပွားကုမ္ပဏီများကို အ ရေးယူနိုင်ရေး စားသုံးသူအကာအကွယ်ပေးရေးနည်းဥပဒေကို ရေးဆွဲနေကြောင်း စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘ဆရာတို့အနေနဲ့လည်း နည်း ဥပဒေကို မစောင့်ဘဲ အရေးယူမှာပါ။ နောက်ပြီး အရည်အသွေး ထောက်ခံချက်မရှိတဲ့ ကုန်ပစ္စည်း တွေတင်သွင်းရင် FDA က အရေး ယူလို့ရသလို ကုမ္ပဏီတွေ မှတ်ပုံ မတင်ရင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန က အရေးယူလို့ရတယ်။ အဲဒီ ဥပဒေတွေနဲ့ လှည့်ပြီးတရားစွဲလို့ ရပါတယ်’’ဟု ၎င်းက ဆိုသည်။

လူအများစုသည် အန္တရာယ်ရှိ၊ မရှိ လေ့လာခြင်းမရှိဘဲ ကုန်ပစ္စည်းရောင်းချသူများ၏ စကားကို အယုံလွယ်၍ သုံးစွဲနေခြင်း၊ အားနာတတ်ခြင်း၊ တိုင်ကြားခြင်း မလုပ်ကြသည်ကို အခွင့်ကောင်းယူကာ ကုန်ပစ္စည်းများ ဆက်လက်ရောင်းချခြင်းများ  ရှိနေဆဲဖြစ်သည်။

‘‘ညီမကတော့ ယုံတယ်။ အခုကိုယ်ဝန် ၃၄ ပတ်ထဲမှာ၊ ကိုယ်ဝန်အားဆေးတွေအပြင် ဒီဓာတ်စာကို ကိုယ်ဝန်ကြီးနဲ့လည်း တစ်နေ့ကို ငါးလုံးနှုန်းနဲ့ သောက်နေတယ်။ အဲဒီအတွက် ကိုယ့်အတွက် ဘယ် လိုအကျိုးတွေရှိသလဲဆိုတာ ကိုယ်တိုင်လည်း သိတယ်။ ဒါကြောင့် ကလေးမွေးပြီးတဲ့အခါ ကလေးကိုပါ တိုက်ဦးမှာ’’ဟု အသက် (၃၀) အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ် ဦးက ပြောသည်။

ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေသော ကုန်ပစ္စည်းရောင်းချမှုများကို ထိန်းချုပ်ခြင်းမပြုလုပ် နိုင်သည့် စပ်ကြားတွင် ကုမ္ပဏီများ၏ မဲဆွယ်မှု၊ မက်လုံးပေးမှုများ ကြောင့် ဆက်လက်သုံးစွဲသူများ ရှိနေပါသေးသည်။