ကလေးတွေကို သဘာဝထဲ လွှတ်ပေးပါ

အစွန်းရောက်သော ဆက်ဆံရေး၊ မပြေပြစ်သော ကလေးများ မဖြစ်အောင် ကလေးများကို သဘာဝထဲ ပျော်ခွင့်ပေးဖို့က အရေးကြီးသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ယခုအချိန်သည် ဝါကျွတ်ကာလ ဖြစ်သည်။ မကြာမီ မိုးလုံးဝကုန် သွားတော့မည်။ တစ်မိုးတွင်းလုံး ရွှံ့ဗွက်များနှင့်အတိရှိခဲ့သော လမ်း တို့သည်လည်း တဖြည်းဖြည်းး သွေ့ခြောက်လာတော့မည်။ တန် ဆောင်မုန်း ကျော်သည်နှင့် ကောက်သစ်တွေ စပေါ်တော့ မည်။ မြစ်ထဲက ရေပြင်ကလည်း တဖြည်းဖြည်း ကြည်လာတော့ မည်။ နေဝင်မိုးချုပ်သည်နှင့် မီးအ လင်းရောင်ကို ကြိုက်သောပိုးဖလံ တွေ တရုန်းရုန်းကို တွေ့ရမည်။ တီဗီနှင့် ကက်ဆက်သာရှိသော ၁၉၈၀ ဝန်းကျင်မှာ ကြီးပြင်းလာသူ အသက်(၄၀)အရွယ် မယဉ်ဌေးက သီတင်းကျွတ် ကာလရာသီသဘာဝ ပြောင်းလဲလာပုံကို ဆန်းစစ်မိခြင်းဖြစ်သည်။

သို့သော် ရန်ကုန် ကြည့်မြင်တိုင် ညဈေးနားက တိုက်ခန်းထဲမှာ ကြီးပြင်းလာသည့် သူ၏ (၁၁)နှစ်နှင့် (၉)နှစ်အရွယ် သမီးနှစ်ယောက်ကတော့ သည်အကြောင်းတွေကို မသိပါ။ သူတို့သိသည်မှာ အိုင်ပက်ထဲကနေ ယူကျုဘ်ကိုဖွင့်ပြီး ကြည့်ရသော ကာတွန်းကားများနှင့် အင်တာနက်ကနေ ဆွဲချပြီး ကစားရသော ဂိမ်းများသာဖြစ်သည်။

‘‘ကျွန်မသမီးတွေက ဆိတ်ဖလူးပန်းပင်လည်း မသိဘူး။ သူတို့သိတဲ့ အပင်ဆယ်ပင်တောင်မရှိဘူး။ တိုက်ခန်းထဲမှာပဲ နေကြတော့ပြေးလွှားကစားတာလည်း မရှိ၊ အားရင် အိုင်ပက်နဲ့ ဖုန်းနဲ့ ထိုင်ဆော့နေကြတာပဲ’’ဟု မယဉ်ဌေးကပြောပြသည်။

ဘာပဲပြောပြော ကလေးတွေကို အိုင်ပက်တစ်လုံးစီ ပေးထိန်းထားသည့်နည်းက မဆိုးဟု မယဉ်ဌေးက ထင်သည်။ လမ်းပေါ်လွှတ်ကစားခိုင်းလျှင် အန္တရာယ်များသည်။ ကစားကွင်းလိုက်ပို့ရသည်ကလည်း အချိန်ကုန်သည်။ အိမ် ထဲမှာ ပြေးလွှားကစားနေကြလျှင်လည်း ထိမိခိုက်မိမှာ စိုးရသည်။ ထို့ကြောင့် တီဗီပြထားလိုက်သည်။ အိုင်ပက် ပေးထားလိုက်သည်။ ကလေးတွေငြိမ်တော့ သူတို့လူကြီးတွေလည်း အလုပ်တွင်သည်ဟု မယဉ်ဌေးကမြင်သည်။ သို့သော် အိုင်ပက်၊ တီဗီတွေ၏ ဆိုးကျိုးကိုတော့ မယဉ်ဌေး မစဉ်းစားမိချေ။

၁၉၈၀ နှစ်များ အစောပိုင်းဝန်းကျင်မှာ ဟားဗတ်တက္ကသိုလ်က ဇီဝဗေဒပညာရှင် အက်ဒဝစ်ဝီ လဆင်က သုတေသနတစ်ခုကို ဖော်ထုတ်တင်ပြဖူးသည်။ လူသားများသည် သဘာဝဗီဇအရ ဝန်းကျင်သဘာဝကို နှစ်သက်သည့် သ ဘောရှိသည်ဆိုသည့် တွေ့ရှိချက် ဖြစ်သည်။ သို့သော် မယဉ်ဌေးကဲ့ သို့ ၂၁ ရာစု မိဘများက သည်အ ချက်ကို အထွန့်တက်ချင်ကြမည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကလေးတွေက အပြင်ဘက်ထွက် ဆော့ဖို့ထက် ဆိုဖာပေါ်ထိုင် ဖုန်းသုံး၊ တီဗီကြည့်ဖို့ကိုသာ ပိုစိတ်ဝင်စားကြသည် မဟုတ်ပါလား။

သို့သော်လည်း သူတို့ သတိမမူ ဂူမမြင်ဖြစ်နေသည်က အိမ်တွင်းမှာ ပိုအချိန်များများ ဖြုန်းတတ်သော ကလေးများသည် ပိုပြီး အစွန်းရောက်လာတတ်သည်၊ ရေ၊ လေ၊ မြေ သဘာဝဓာတ်ချို့တဲ့မှု ပြဿနာရှိလာသည်ဆိုသည့် အချက်ပင်။

သဘာဝဝန်းကျင် ချို့တဲ့မှု ပြဿနာအကြောင်း ရေးသားခဲ့သူ စာရေးဆရာရစ်ချတ်လော့ဗ်က ကလေးများက အပြင်ထက် စိတ်ဝင်စားစရာ လျှပ်စစ်အသုံးအ ဆောင်ပစ္စည်းများရှိသော အိမ် တွင်နေရခြင်းကို ပိုကြိုက်သည်ဟု ဆိုသည်။ သူတို့သည် လမ်းပေါ်လည်း မထွက်ကြ။ အိမ်နီးနားချင်း နှင့်လည်း မကစားကြ၊ မောင်နှမများနှင့်လည်း မကစား၊ မိဘနှင့်လည်း အချိန်သိပ်မပေးဘဲ ဖုန်းမျက်နှာပြင် (သို့မဟုတ်) တီဗီရှေ့မှာ တစ်ချိန်လုံး ငုတ်တုတ်ထိုင် မှန်သားကို ကြည့်နေကြသည်။

ထို့ကြောင့် သူတို့မှာ ပြေးလွှားမှု မရှိသည့်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုနည်းသည်။ အထိုင်များသဖြင့် အဝလွန်သူများ ဖြစ်လာသည်။ အများနှင့်ဆက်ဆံမှု နည်းသဖြင့် လူမှုရေးညံ့သည်။ မောင်နှမ၊ သူငယ်ချင်းများနှင့်လည်း မျှတခွဲဝေမှု၊ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမှုမရှိ။ တစ်ကိုယ်ကောင်း ဆန်လာသည်။ အထီးကျန်ဆန်လာကြသည်။

ဘာလို့ အပြင်ထွက်ဖို့ လိုသတုံးမကြာခင်က တွေ့ရသော အ ထောက်အထားများအရ အပြင်မှာ ပိုအချိန်ဖြုန်းခြင်းသည် ကလေး ရော လူကြီးများအတွက်ပါ အကျိုး ရှိသည်ဟု သိရ၏။ တချို့က စိမ်း လန်းသော သစ်ပင်ပန်းမန်များရှိ သည့် နေရာမှာ အချိန်ဖြုန်းပါက ကောင်းသည်။ တချို့က ဘာဖြစ်ဖြစ် အပြင်ထွက်နေလျှင် ကောင်း သည်ဆိုသည်။ စိမ်းစိုသော ဝန်းကျင်မှာ အချိန်ဖြုန်းသူများက စိတ်ပိုင်းဆိုင်ရာ ပိုကြံ့ခိုင်သည်ဟု လည်း လေ့လာချက်များ ရှိသည်။ သေချာသည်မှာအပြင် သဘာဝမှာ အချိန်ပေးသော ကလေးများ က ပိုတော်သည်။ ပိုပျော်ကြ သည်။ အိမ်တွင်းမှာနေသော ကလေးများထက် စိုးရိမ်ပူပန်မှုနည်း သည်။ ကြောက်ရွံ့မှုနည်းသည်။ သဘောကောင်းသည်ကို အသေ အချာတွေ့ရသည်။ ကလေးတွေကို အဘယ်ကြောင့် သဘာဝနှင့် ပိုထိတွေ့စေဖို့ လိုသလဲ။ အောက်ပါ အကြောင်းများကြောင့်ဖြစ်သည်။

ကလေးတွေကို ယုံကြည်မှုဖြစ်စေသည်

အပြင်မှာ ဆော့ရသောအခါ သဘာဝ ရေမြေတောတောင်နှင့် တိုက်ရိုက်ထိတွေ့ရသည်။ အိမ်ထဲ မှာကဲ့သို့ တီဗီရှေ့ထိုင်၍ချည်းမရ။ သူတို့အတွက် စီမံခန့်ခွဲမှုများ ပါလာသည်။ ခြံစည်းရိုးကို ဘယ်လိုကုတ်တက်ရမလဲ စဉ်းစားရ၏။ သစ်ပင်ဆိုလျှင် တက်သင့်တက်ရသည်။ ရေကန်ထဲဆို ပြုတ်မကျရအောင် နေရမည်ဆိုတာ သူတို့သိမည်။ ပုရွက်ဆိတ်ကဲ့သို့၊ ပျားကဲ့သို့ အကောင်ပလောင်တွေကို သူတို့ မြင်ဖူးပြီး အကိုက်မခံရအောင် ဘယ်လိုနေရမည်။ ဘယ်အချိန်မှာ မာလကာသီးများ သီးမည်။ အုန်းလက်ကို ဘယ်လိုပြုပြင်ပြီး ဆော့ရမည်ဆိုသည့် ကြံရည်ဖန်ရည်တွေ တိုးလာသည်။

ကြံရည်ဖန်ရည် တိုးလာစေသည်

အပြင်မှာ ထွက်ကစားသည့် အခါ ကလေးများအနေဖြင့် သူတို့ ပတ်ဝန်းကျင်နှင့် ပိုထိတွေ့ဆက်ဆံဖို့ ပိုဖြစ်လာသည်။ သူတို့အနေ ဖြင့် လွတ်လွတ်လပ်လပ်တွေးခေါ်လာစေသည်။ ကိုယ့်အပြုအမူတွေ ကို ဘယ်လိုပြောင်းလဲပြုပြင်ရမလဲ  ဆိုသည်ကို သိလာစေသည်။ ပတ် ဝန်းကျင်ကို ဘယ်လိုနည်းနှင့်ချဉ်းကပ်ရမလဲ သဘောပေါက်လာစေသည်။ သူများနှင့်တည့်အောင် ဘယ်လိုပြုမူရမလဲ သိလာကြသည်။

တာဝန်ယူမှုကိုသင်ကြားပေးသည်

သဘာဝ ဝန်းကျင်ဆိုသည်မှာ ကိုယ်က ကောင်းစွာမစောင့် ရှောက်လျှင် ပျက်စီးသည်ဆိုတာကို သူတို့မြင်ရလိမ့်မည်။ သစ်ပင်များကို ရေမလောင်းလျှင် သေ မည်။ ပန်းပင်တွေကို အမြစ်က နုတ်လျှင် ဘယ်လိုဖြစ်မည်။ ကိုယ် လုပ်လိုက်သော အကျိုးဆက်ကို ကိုယ်မည်သို့ တာဝန်ယူရမလဲဆို သည်ကို မြင်သာလာမည်။

ကိုယ်လက်လှုပ်ရှားမှုဖြစ်စေသည်

အပြင်ကိုထွက်ခြင်းသည် ဆို ဖာပေါ်ထိုင်နေတာထက် ကိုယ်လက်လှုပ်ရှားမှု ပိုဖြစ်၏။ ဘောလုံးကန်တာ၊ ပြေးတာမဟုတ်လျှင် တောင် ကလေးက လမ်းလျှောက်ရသည်။ ထိုအခါ သူ့အတွက် သွေးလည်ပတ်မှု ကောင်းသည်။ ကြံ့ ခိုင်ကျန်းမာစေသည်။

စိတ်ပင်ပန်းမှုတွေပြေပျောက်စေသည်

အိမ်ထဲမှာနေတဲ့ ကလေးထက်စာလျှင် အပြင်မှာထွက်ဆော့သည့် ကလေးများက သူ့ဘာသာ သဘာဝမှာ ပျော်ရွှင်နေသဖြင့် ဂျီကျရန် မိဘတွေကို ပူဆာရန် သိပ်အာရုံမများ။ ပတ်ဝန်းကျင်သဘာဝက သူ့စိတ်ကို လျှော့ပေးထားသည်။ ပျော်ရွှင်နေစေသည်။ အကောင်းမြင်မှုများစေသည်။ မည်သို့ပင်ဖြစ်စေ ကလေးတွေကို တီဗီပေးကြည့်တာ၊ ဖုန်းနှင့်ပစ်ထားတာက မိဘများအတွက် ပိုလွယ်သည်။ မျက်စိရှေ့မှောက်မှာလည်း ဖြစ်သည်။ သို့သော် အပြင်မှာလည်း ဆော့ခွင့်တော့ ပေးသင့်သည်။ အစွန်းရောက်သော၊ ဆက်ဆံရေးမပြေပြစ်သော ကလေးများ မဖြစ်လာရအောင် ကလေးတွေကို သဘာဝ ထဲမှာ ပျော်ခွင့်ပေးဖို့ကလည်း အရေးကြီးပါ၏။