အစိုးရရုံးပိတ်ရက်ပြင်ဆင်မှု ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းဖြစ်လာ

သီတင်းကျွတ်လပြည့်နေ့တွင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၌ လာရောက်လည်ပတ်နေသော ခရီးသွားများ ဓာတ်ပုံ - Michael Riyo

၂၀၁၇ခရီးသွားရာသီအစ သည် ပြည်တွင်းခရီးသွား စံချိန်တင်များပြားမှုဖြင့် စတင်ဖွင့်လှစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ သင်္ကြန်နှစ်ကူးပိတ်ရက်ရှည်များ ကို အစိုးရက ပြင်ဆင်သတ်မှတ်ခဲ့ ပြီးနောက် သီတင်းကျွတ်ပိတ်ရက် များ
တွင် မြန်မာပြည်သားများ၏ ခရီးသွားလာမှုအခြေအနေက ခရီး သွားလုပ်ငန်း လုပ်ကိုင်နေသူများ ကို အံ့အားသင့်စေခဲ့သည်။


အစိုးရက တရားဝင် သတ် မှတ်ပေးထားသော သီတင်းကျွတ် ရုံးပိတ်ရက်များသည် ပုံမှန်ပိတ် ရက်များနှင့် ဆက်သွားသဖြင့် ရန်ကုန်မြို့ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ သိန်းနှင့်ချီသော ပြည်တွင်းခရီးသွားများသည် ဘုရားဖူးခရီးစဉ် များ၊ အလည်အပတ်ခရီးစဉ်များကို အချိန်တိုအတွင်း သွားရောက် လည်ပတ်ခဲ့သည်။

ပုဂံ၊ ကျိုက်ထီးရိုးအစရှိသည့် နာမည်ကြီး ဘုရားဖူးခရီးစဉ်များ အပါအ၀င် အပန်းဖြေခရီးစဉ်ဒေသများတွင်ပါ ခရီးသည်များ ပြည့် ကျပ်လျက်ရှိပြီး ဟိုတယ်အခန်း မရတော့သည့် ပြဿနာများ ပေါ် ပေါက်ခဲ့သည်။

 ‘‘အဲဒီရက်ပိုင်းက ပုဂံမှာ ပြည်တွင်းခရီးသွားတွေ ဘယ် လောက်များလဲ မမေးနဲ့၊ ကိုယ် တောင် ပုဂံရောက်တော့ ကိုယ့်ဟိုတယ်မှာ အခန်းတွေပြည့်နေပြီ တည်းစရာမရှိတော့ဘူးဆိုလို့ တ ခြားတစ်နေရာမှာ သွားပြီးတည်းခဲ့
ရတယ်’’ဟု ပုဂံဟိုတယ်ဇုန်ဥက္ကဋ္ဌ လည်းဖြစ်၊ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့် ဦးသန်းရွှေ က ပြောသည်။

ခရီးသွားရာသီတွင် ပုံမှန် ရက်များ၌ ပုဂံသို့လာရောက်သည့် ဧည့်သည် တစ်နေ့လျှင် ၂,၀၀၀ ခန့်သာရှိရာမှ သီတင်းကျွတ်ပိတ် ရက်ငါးရက်တွင် ပြည်တွင်းဘုရား ဖူးဧည့်သည် ခန့်မှန်းခြေ တစ်သိန်း ခန့် ၀င်ရောက်ခဲ့သည်ဟု ပုဂံ အခြေစိုက် ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုကပြောသည်။ ထိုနှုန်းအတိုင်းဆိုပါက တစ်ရက်လျှင် ပြည်တွင်းဘုရားဖူး နှစ်သောင်းခန့် ၀င်ရောက်ခြင်းဖြစ်သည်။ ထိုသို့ ၀င် ရောက်ခဲ့ခြင်းကြောင့် ပုဂံဒေသ တွင် ကားတန်းရှည်ကြီးများဖြင့် ယာဉ်ကြောပိတ်ဆို့မှုများပင် ဖြစ် ပေါ်ခဲ့သည်။

‘‘များတယ်။ ပုဂံမှာ အများဆုံး စံချိန်တင်သွားတယ်။ ရုံးငါးရက် ဆက်ပိတ်လိုက်လို့ပါ’’ဟု ပုဂံသားတစ်ဦးလည်းဖြစ်သည့် ဦးဇော်ဝင်းချိုက ခရီးသွား လာရောက်မှုများပြားခြင်း အကြောင်းရင်းကို ပြောသည်။

အလားတူပင် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲတော် ဖွင့်ပွဲ ကျင်းပသည့် သီတင်းကျွတ် လ ပြည့်နေ့(အောက်တိုဘာ ၅ ရက်) က ဘုရားသို့ လာရောက်သူ တစ် သိန်းခွဲကျော်ရှိခဲ့ကြောင်း ကျိုက် ထီးရိုးဂေါပကအဖွဲ့က ထုတ်ပြန် ထားသည်။

 ယခင်နှစ်များက သီတင်း ကျွတ် လပြည့်နေ့တွင် ဘုရားဖူး တစ်သိန်းခန့်သာရှိပြီး ယခုနှစ်တွင် ငါးသောင်းကျော် ပိုများလာခြင်း ဖြစ်သည်။ ဘုရားဖူး များပြားလွန်း၍ တောင်ခြေမှ လှည့်ပြန်ရသူများ ရှိခဲ့သလို တောင်ပေါ်သို့ တက်သော ကားများတွင် ခုံနေရာမရသဖြင့် ကားဘေးမှ တွယ်တက်ကာ လိုက်စီးရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

 ထိုသို့ ပုဂံ၊ ကျိုက်ထီးရိုး စသည့် ထင်ရှားသည့် ခရီးသွား ဒေသများသို့ သွားရောက်သူများ ပြားခဲ့သဖြင့် မြန်မာနိုင်ငံ၏ ယာဉ် ကြောပိတ်ဆို့မှုအမြင့်ဆုံး ရန်ကုန် ၌ ထိုရက်များအတွင်း ယာဉ်လမ်း ကြောင်း ပိတ်ဆို့မှုများ သိသာစွာ လျော့ကျခဲ့သည်။

 သီတင်းကျွတ်ပိတ်ရက်အ တွင်း ပြည်တွင်းခရီးသွား သွား ရောက်မှုနှုန်းသည် သင်္ကြန်ပိတ် ရက်အတွင်း ခရီးသွားနှုန်းထက် ၂၅ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း Royal Caravan Travel and Tour မှ ဒါရိုက်တာ ဒေါ်ကေ၀င့်ခိုင်က ပြောသည်။

‘‘ပြီးခဲ့တဲ့သင်္ကြန်ကာလတုန်း ကတော့ ပိတ်ရက်က ငါးရက်ဖြစ် မယ်၊ ဆယ်ရက်ဖြစ်မယ်ဆိုပြီး  သတင်းမျိုးစုံ ထွက်နေတဲ့အတွက် ခရီးစဉ်ပျက်သွားတာတွေ ရှိခဲ့ တယ်။ ဒီသီတင်းကျွတ်ပိတ်ရက် ကတော့ အဲဒီလိုမရှိဘူး။ သွားတဲ့ သူလည်း အရမ်းများတယ်’’ ဟု ၎င်းကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ ၂၀၁၆ ၌ မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သော နိုင်ငံခြား သားခရီးသွားဧည့်သည်သည် ၂ ဒသမ ၉ သန်းခန့်သာရှိပြီး နိုင်ငံတစ်ဝန်းရှိ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်သော ပြည်တွင်းခရီးသွားဦးရေသည် ခုနစ်သန်းအထိရှိ၍ နိုင်ငံတကာမှ လာရောက်လည်ပတ်သော ခရီးသွား ဧည့်သည်များထက် နှစ်ဆကျော် ပိုများလျက်ရှိသည်။

ပြည်တွင်း၌ အားလပ်ရက် များတွင် ခရီးသွားသည့်အလေ့အ ထမှာ ပို၍ခေတ်စားလာသည့်အပြင် လူမှုကွန်ရက်များတွင် အပန်းဖြေ လည်ပတ်စရာနေရာများကို အပြန်အလှန်မျှဝေလာသဖြင့် သ မားရိုးကျသွားရောက်လည်ပတ် နေကျခရီးစဉ်များအပြင် ရက်ရှည် သွားရောက်လည်ပတ်ရသည့် နေ ရာဒေသအသစ်များသို့ သွား ရောက်သူဦးရေမှာလည်း ယခင် ကထက်ပို၍ များပြားလာခြင်းဖြစ် သည်။

‘‘အခုနောက်ပိုင်း ခရီးသွား တွေ တိုးတက်လာတာနဲ့အမျှ သွား ရောက်လည်ပတ်တဲ့ ခရီးသွားဒေ သတွေကလည်း ပိုပြီးတော့ စုံလာ တယ်။ ပုံမှန်သွားနေကျ ပုဂံတို့၊ အင်းလေးတို့လို ဒေသတွေအပြင် ရက်ရှည်ခရီးသွားရတဲ့ ကယား၊ ချင်းနဲ့ တနင်္သာရီတိုင်းတို့လို ဒေသ တွေကိုလည်း သွားတဲ့လူတွေ များ လာပါတယ်’’ ဟု Possible Travel and Tour  စီမံခန့်ခွဲမှုတာဝန်ခံ ကိုရဲလွင်ဖြိုးက ပြောသည်။

 ပြည်တွင်းခရီးသွားများ၏ အားသာချက်သည် နိုင်ငံတကာမှ လာရောက်လည်ပတ်သော ခရီး သွားများကဲ့သို့ တားမြစ်ထားခြင်း နှင့် ခွင့်ပြုချက်တောင်းခံရန် လို အပ်သည့် ခရီးစဉ်ဒေသများဟူ၍ မရှိသည့်အတွက် မြန်မာနိုင်ငံတစ် ၀န်းလုံးသို့ သွားရောက်လည်ပတ် ရန် ပို၍အခွင့်အလမ်းရှိခြင်းဖြစ် သည်။

 ‘‘နိုင်ငံခြားသားတွေဆိုရင် ရှမ်းတို့၊ ကယားတို့လို နေရာမျိုး တွေမှာ ခွင့်ပြုချက်တောင်းယူရတဲ့ နေရာတွေရှိသေးတယ်။ မြန်မာ နိုင်ငံသားတွေအတွက်ဆိုရင် အဲဒီ လိုနေရာတွေကို ပိုပြီးသွားရလွယ် တယ်လေ။ ဒီနှစ်လည်း ပိုပြီးတော့ တိုးတက်လာဦးမယ် ထင်တယ်’’ ဟု ဖိုးဝမြန်မာခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးချမ်းငြိမ်း ကျော်က သုံးသပ်သည်။

သို့ဖြစ်ရာ လာမည့် တန် ဆောင်တိုင်ကာလ (နိုဝင်ဘာအ တွင်း)တွင်လည်း အစိုးရရုံးပိတ် ရက်သည် စနေ၊ တနင်္ဂနွေ ပိတ်ရက်များနှင့် ဆက်သွားသည့်အ တွက် သီတင်းကျွတ်ပိတ်ရက်များကဲ့သို့ပင် ပြည်တွင်းခရီးသွား များ ဦးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူအချို့က သုံး သပ်သည်။

လက်ရှိတွင် တန်ဆောင်တိုင် ကာလအတွက် ဟိုတယ်အခန်း များ Booking လုပ်ရာ၌ အခန်းမရ တော့သည့် ခရီးစဉ်များပင် ရှိလာပြီဖြစ်ကြောင်း ဒေါ်ကေ၀င့်ခိုင်က ပြောသည်။

‘‘တောင်ကြီး မီးပုံးပျံပွဲတော် လို လူသွားများတဲ့ နေရာမျိုးကို တောင်မပြောနဲ့ အရင်က လူအ သွားနည်းတဲ့ ချင်းပြည်နယ်လိုနေ ရာမျိုးတွေမှာတောင် အခုဟိုတယ် အခန်းတွေ ပြည့်နေပြီဆိုပြီး အ ကြောင်းပြန်လာတယ်။ ကမ်းခြေ ခရီးစဉ်တွေလည်း အတူတူပဲ။ ဒါ တောင် တန်ဆောင်တိုင်ပိတ်ရက် က လိုနေသေးတယ်’’ဟု ၎င်းက ပြောသည်။

 ထို့အပြင် လေကြောင်းလိုင်း များတွင်လည်း လက်မှတ်ဝယ်ယူ မှု အပြည့်ဖြစ်နေပြီဟု မြန်မာအ မျိုးသားလေကြောင်းလိုင်း (MNA)မှ လေယာဉ်မှူးကြီး ဦးသန်းထွေး က ပြောသည်။

ယခုနှစ်တွင် ပြည်တွင်းခရီး သွားရောက်မှု မြင့်တက်နေသဖြင့် တစ်နှစ်တာအတွင်း ပြည်တွင်း ခရီးသွားဦးရေ ရှစ်သန်းခန့်အထိ ရှိလာနိုင်ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးက သုံးသပ် သည်။


ကျိုက်ထီးရိုးတောင်ပေါ်သို့ တက်မည့် ကားပေါ်သို့ အလုအယက် တက်နေကြသော ဘုရားဖူးခရီးသွားများ
ဓာတ်ပုံ - Su Thet Paing ဖေ့စ်ဘွတ်ခ်

Top News