လွမ်းမောဖွယ်ရာ ကျွန်တော်တို့ရွာရဲ့ ရက်ကန်းသံများ

ကျွန်တော်တို့ ရွာလေးက ပခုက္ကူမြို့ရဲ့ အနောက်မြောက်ယွန်းယွန်းလေးမိုင်အကွာလောက်မှာ တည်ရှိပါ တယ်။ အရင်က လေးမိုင်လောက် ကွာဝေးခဲ့ပေမယ့် အခုတော့ မြို့ပြအိမ်ရာတွ တိုးချဲ့လာတာနဲ့အတူ ရွာက အိမ်ခြေတွေလည်း ထပ်တိုးလာကြတော့လေးမိုင်လောက် မကွာဝေးတော့ပါဘူး။ ဆိုင်ကယ်နဲ့မြို့ပေါ်ကိုသွားရင် ငါးမိနစ်သာသာ ဆယ်မိနစ်လောက်ပဲ ကြာပါတော့တယ်။ တောရွာတောဓလေ့ဆိုတော့ လက်လုပ်လက်စားတွေက များပါတယ်။ လောကထုံးစံအရ အဆင်ပြေသူတွေရှိသလို အဆင်မပြေသူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ တောင်သူလယ်သမား တွေလည်း တစ်နှစ်နဲ့တစ်နှစ်လျော့ နည်းလာပါတယ်။ အညာဒေသ ဆိုတော့ မိုးနဲ့အလုပ်လုပ်စားရတာ အဆင်မပြေတာများပါတယ်။ မိုး ကောင်းလွန်းတဲ့ အခါကျတော့လည်း ကောက်ပဲသီးနှံတွေ ပျက်စီး ရသလို မိုးမကောင်းတော့လည်း ကောက်ပဲသီးနှံတွေ ပျက်စီးရတာ ပဲ။ မိုးနဲ့ကောက်ပဲသီးနှံအဆင်ပြေ လို့ သီးနှံတွေဖြစ်ထွန်းလာတော့ လည်း ပိုးကျတာများတော့ အဆင် မပြေပြန်ပါဘူး။ ကြာတော့ တောင် သူလယ်သမားတွေလည်း တောင့် မခံနိုင်ကြတော့ဘူး။ ရှိသမျှလယ်လေးတွေကို ရောင်းတဲ့သူတွေက ရောင်း၊ မရောင်းတဲ့သူတွေက လည်း မိုးမမျှော်ရတဲ့ သနပ်ခါးပင် တွေပဲ ပျိုးထားပါတော့တယ်။ သနပ်ခါးပင်ဆိုတာမျိုးက မိုးမမျှော်ရပါဘူး။ မိုးမမျှော်ရပေမယ့် ငွေ ပေါ်ဖို့အတွက်တော့ ဆယ်နှစ်ဆယ်မိုးစောင့်ယူရပါတယ်။ ဆယ်နှစ် ဆယ်မိုးလောက် စောင့်ယူမှ သနပ်ခါးပင်ကောင်းကောင်းရတာပါ။ ဒါပေမဲ့လည်း သနပ်ခါးပင်ဆိုတာမျိုးက တစ်ခါစိုက်ထားရင် နောက် ထပ်စိုက်စရာမလိုတော့ပါဘူး။ သူ့ အလိုလို အမြစ်ကနေ ပြန်ပေါက် လာပါတယ်။

သနပ်ခါးပင်ပျိုးပြီး ဆယ်နှစ် ဆယ်မိုးစောင့်နေရင်းနဲ့ ရရာအ လုပ်ကို လုပ်ကိုင်ကြပါတယ်။ မြို့ ပေါ်ကို အလုပ်သွားလုပ်တဲ့သူတွေရှိသလို ရွာမှာပဲ ရက်ကန်းရက်တဲ့သူတွေ၊ ချည်ချတဲ့သူတွေ၊ ဈေး ရောင်းတဲ့သူတွေနဲ့ ရရာအလုပ်ကို ဖြစ်သလိုဖန်တီးပြီး နေထိုင်ကြပါ တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ရက်ကန်းအလုပ်ကို တစ်ရွာလုံးလုပ်ကိုင်ကြပါတယ်။ ရက်ကန်းအလုပ်နဲ့လည်း အဆင်ပြေခဲ့ကြပါတယ်။ ကိုယ့်ရွာက ရက်ကန်းသမတွေနဲ့ မလုံလောက် တော့ တခြားရွာက ရက်ကန်းသမတွေကို ငှားရတဲ့အထိ အတော်အဆင်ပြေခဲ့ကြပါတယ်။ အဲဒီတုန်းကဆို ညနေရောက်လာပြီဆိုရင် ရေ ခပ်လမ်းမှာလည်း ရေခပ်တဲ့အပျို တွေ၊ ရေထမ်းတဲ့ကာလသားတွေ နဲ့ ရေခပ်လမ်းတစ်လျှောက်မှာ အတော်စည်ကားပါတယ်။ တွေ့ရာလူကို စလိုက်နောက်လိုက်နဲ့ အမျိုးသမီးတွေကလည်း ခေါင်းပေါ်ရွက်ထားတဲ့ ရေအိုးရဲ့အလေးချိန်ကို သတိမထားမိတော့ပါဘူး။ ကာလသားတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်ဆိုသ လို ပိုးကြပန်းကြတော့ ပခုံးပေါ်ထမ်းထားတဲ့ သံပုံးနှစ်လုံးရဲ့ဝန် အားကို ဂရုမစိုက်နိုင်တော့ပါဘူး။ သူတို့ရဲ့ ဘဝလက်တွဲဖော်ကို ရေခပ်လမ်းတစ်လျှောက်မှာ ရေခပ်ရင်း၊ ရေထမ်းရင်း ရသမျှသီချင်းကို တွန်ကျူးရင်းနဲ့ ရှာဖွေကြပါတယ်။ တချို့ကျတော့လည်း ဖိုသံပေးရ ကျိုးနပ်ပြီး တချို့ကျတော့ ဒုံရင်းက ဒုံရင်းအတိုင်းပါပဲ။ ရေခပ်ပြီးတဲ့အခါမှာတော့ ရေမိုးချိုး၊ ညစာ စားပြီး တစ်ရွာလုံးမှာ တစ်ခုတည်း ရှိတဲ့ ဗီဒီယိုရုံက ကြေညာသံကို စောင့်မျှော်ရပြန်ပါတယ်။ ကြေ ညာတဲ့သူကလည်း နေ့တိုင်းလိုလို ဇာတ်ကားကောင်း၊ ဇာတ်ကားသစ်ချည်းဆိုတာပဲ ကြေညာပါတယ်။ မြို့ကြီးပြကြီးတွေမှာကို မပြရသေးတဲ့ဇာတ်ကားလိုမျိုး ကြေ ညာတတ်ပါတယ်။ အဲဒီတော့ နား စွင့်နေတဲ့ ဗီဒီယိုချစ်ပရိသတ်တွေ ကလည်း မကြည့်ဘဲ မနေနိုင်တော့ ပါဘူး။ ဥမ္မာဒန္တီမင်းသမီးရဲ့မျက်နှာ ကို မြင်လိုက်ရတဲ့ သိဝိဘုရင်ကြီး လို ကြည့်ချင်ဇောက အမော ဖောက်လာတာပါပဲ။ ဇာတ်ကား ကောင်းပြီဆိုရင် အစောကြီးရုံပြည့် တတ်တော့ သူ့ထက်ငါ နေရာဦးရ ပါသေးတယ်။ နေရာလုတယ်ဆိုပါ တော့။

အရင်ရောက်တဲ့သူက နေရာ ကောင်းကောင်းရတော့ ဇိမ်ကျကျ ကြည့်နိုင်တယ်မဟုတ်လား။ ဒါတောင် အခန့်မသင့်ရင် နေရာလုရင်း ရန်ပွဲကြည့်ရတာတွေ အများကြီးကြုံရတတ်ပါတယ်။ ဗီဒီယို ကြည့်ရင်းနဲ့ ဇာတ်ကားက ထစ် သွားပြီဆိုရင်လည်း ရုံပိုင်ရှင်ဖြစ်သူမှာ မချောင်ပါဘူး။ ‘‘မင်းပြောတော့ဇာတ်ကားသစ်ဆို အခုကြည့်ရတာ ကျောက်ခဲတော လှည်းနင်းနေတဲ့ အတိုင်းပဲ။ ဟိုနားထစ်လိုက်၊ ဒီနားထစ်လိုက်နဲ့။ ဒီကြားထဲ မင်းက ဇာတ်ကားကို ကျော်ပစ်သေးတယ်။ ငါတို့က ခေါင်းဖြတ်ထားတဲ့ ဇီးကွက်သားစားရသလို ဘာမှကြည့်စရာ မကျန်တော့ဘူး’’စသည်ဖြင့် ရတဲ့အခွင့်အရေးအလွတ်မခံဘဲ ပြော တတ်ကြပါတယ်။ တစ်ခါတလေ ရုံပိုင်ရှင်နဲ့ ရန်ဖြစ်ထားပေမယ့် ဗီဒီယိုမကြည့်ဘဲ မနေနိုင်တော့ လမ်းမှာတွေ့ရင် ကိုယ်ကစပြီး နှုတ်ဆက် ပြုံးပြလုပ်ရသေးတယ်လေ။

တစ်ရွာလုံးမှာ ပျင်းလို့ကြည့်စရာဆိုလို့ ဒီတစ်ရုံတည်းရှိတာမဟုတ်လား။

အဲဒီတော့ ကိုယ်ကစပြီး နှုတ်ဆက်ရလည်း အပန်းကြီးမနေ နိုင်တော့ပါဘူး။ ဇာတ်ကားကောင်း လွတ်သွားမှာလည်း ကြောက်ရ သေးတာကိုး။ အဲဒီတုန်းကတော့ ဗီဒီယိုဇာတ်ကားဆိုရင် ဖိုက်တင် ကားနဲ့ တော်လှန်ရေးကားတွေ များပါတယ်။ ဖိုက်တင်ကားကြည့်တော့လည်း အငြိမ်မနေရပါဘူး။ တချို့အခန်းတွေမှာ မင်းသားနဲ့ လူဆိုးဖိုက်ပြီဆိုရင် မင်းသားဘက်က အားပေးကြတဲ့ အမျိုးသမီးလေး တွေကို ကာလသားတွေက စချင်၊ နောက်ချင်စိတ်နဲ့ လူဆိုးတွေဘက်ကနေ ရွဲ့ပြီးအားပေးကြတဲ့အခါ ‘‘သေခြင်းဆိုး၊ ကာလနာ၊ မြွေပွေးကိုက်’’ ဆိုတဲ့အသံတွေက ဗီဒီယိုရုံကို ကျော်ထွက်သွားပါသေးတယ်။ မင်းသားက နိုင်ပြီ (သို့မဟုတ်) ရဲတွေရောက်လာပြီဆိုရင်တော့ အမျိုးသမီးတွေရဲ့လက်ခုပ်သံတွေဟာ ဆူညံသွားတော့တာပါပဲ။

ကြည်နူးစရာကောင်းတာက ဗီဒီယိုရုံမှာ ငြင်းခုံပြီး ဆဲဆိုခဲ့ကြပေမယ့် ဇာတ်ကားပြီးရင် သွားတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်သလို အငြိုးအတေးမထားတတ်ဘဲ သီချင်းတကြော် ကြော်ဆိုပြီး အိမ်ပြန်သွားတတ်ကြ တာပါပဲ။ အငြိုးအတေးထားလို့လည်း မဖြစ်၊ မနက်ဖြန်ဆို ရက်ကန်းခတ်ရင်းနဲ့ ပြန်ဆုံကြဦးမှာ မဟုတ်လား။ တခြားရွာတွေတော့ မသိဘူး။ ကျွန်တော်တို့ရွာကတော့ ရက်ကန်းကို ယောက်ျားလေးတွေ ရော မိန်းကလေးတွေပါ ခတ်ကြ ပါတယ်။ အမျိုးသမီးငယ်လေးတွေ ရက်ကန်းခတ်ကြသလို ကာလ သားလူပျိုတစ်သိုက်လည်း ရက်ကန်းခတ်ကြပါတယ်။ တချို့ကာလသားတွေဆို အမျိုးသမီးတွေထက်တောင် အလုပ်တွင်ပါသေးတယ်။ အမျိုးသမီးတွေက တစ်နေ့ ကို လုံချည် ရွာအခေါ်တော့ လုံကွင်းပေါ့။ အဲဒီလုံကွင်းကို နှစ်ထည် လောက်ပြီးအောင် ခတ်နိုင်ပေမယ့် အမျိုးသားတွေကလေးထည် လောက်ပြီးအောင် ခတ်နိုင်ကြပါတယ်။ အိမ်တစ်အိမ်မှာ မရှိဘူးဆို ရက်ကန်းစင် နှစ်စင်လောက်တော့ ရှိကြပါတယ်။ ရက်ကန်းစင် နှစ်စင်လောက်ရှိတဲ့ မိသားစုတွေက ကိုယ့်အိမ်တွင်းမှာပဲ ကိုယ်ပိုင်လုပ်ငန်းသဘောမျိုးနဲ့ ခတ်ကြပါ တယ်။ ငွေရေးကြေးရေးပြေလည်တဲ့ သူတွေကတော့ ဆယ်စင် လောက်ထိ ရှိကြပါတယ်။ ရက်ကန်းစင်ဆယ်စင်လောက်ရှိတော့ ရက်ကန်းရုံသဘောမျိုးဖြစ်သွားပြီး တခြားရွာက အမျိုးသမီးတွေကို အလုပ်သမအဖြစ် ငှားကြပါတယ်။ ရွာအခေါ်က အမျိုးတွေဆို အလုပ်သမလို့ပဲ ခေါ်ကြပါတယ်။ အလုပ်သမားလို့ မခေါ်ကြပါဘူး။ အိမ်တိုင်း အိမ်တိုင်းလိုလို ရက်ကန်းစင် နဲ့ အဆင်ပြေလာတော့ အလုပ်ကို တိုးချဲ့ပြီး လုပ်ကြပါတယ်။ ရက် ကန်းစင်နှစ်စင်ရှိတဲ့ အိမ်က လေးစင်ရှိလာကြတယ်။ လေးစင်ရှိတဲ့ အိမ်က ခြောက်စင်၊ ရှစ်စင် စသည် ရှိလာကြတယ်။ ကိုယ့်အိမ်က မိသားစုနဲ့တင် အလုပ်မလုံလောက် တော့ဘူး။ တခြားရွာက အမျိုးသမီး တွေကို အလုပ်ငှားကြပါတယ်။ အဲဒီလို အလုပ်သမအဖြစ် ငှားတဲ့ အခါ တချို့က ရက်ကန်း မခတ်တတ်ကြပါဘူး။ ရွာကိုရောက်လာ မှ သင်ပေးပြီး အလုပ်ခန့်ရပါတယ်။ အလုပ်သင်ပေးနေတဲ့ အခိုက်အ တန့်မှာတော့ လုပ်ခရယ်လို့ မည်မည်ရရ မရကြပါဘူး။ တစ်နေ့ကို ထမင်းသုံးနပ်ကျွေးပြီး မုန့်ဖိုး၊ ဗီဒီယိုဖိုးလောက်ပဲ ရကြပါတယ်။ ဒါပေမဲ့လည်း ရက်ကန်းခတ်သင်ပေးတဲ့ အချိန်ကာလက တိုတောင်းတော့ နှစ်ဦးနှစ်ဖက်ကျေနပ်ကြပါတယ်။ ရက်ကန်းစင်ဆိုတာက စင်ကြီး၊ စင်လေးဆိုပြီး နှစ်မျိုးရှိပါတယ်။ စင်လေးက လွန်းကို လက်နဲ့ပစ်ရပြီး ခြေထောက်မှာတော့ ကြိုးတစ်ချောင်းစီကို ခြေမနဲ့ ခြေညှိုးကြားထားပြီး နင်းရပါတယ်။ ကြိုးချည်းနင်းရရင် အဆင်မပြေတော့ အုန်းမှုတ်ခွက်အခွံကို ထိပ်နားဖြတ်ပြီး မျောက်ခေါင်းအခွံလေးက အ ပေါက်လေးမှာ ကြိုးထည့်ပြီး ထုံးထားရပါတယ်။ ဒါမှ ခြေနင်းရတာ အဆင်ပြေတာပါ။ ရက်ကန်းစင်ကြီးကျတော့ စင်လေးနဲ့ဘယ်လိုမှ မတူတော့ပါဘူး။ လွန်းကိုလည်း လက်နဲ့မပစ်ရသလို ခြေထောက် ကလည်း အုန်းမှုတ်ခွက်အခွံအစား ဝါးလုံးကို အသုံးပြုထားပါတယ်။ လိုအပ်တဲ့ ဝါးလုံးကို ခြေကမှန်အောင် နင်းတတ်ဖို့တော့ အရေးကြီးပါတယ်။ လွဲပြီးနင်းမိရင် ခတ်နေတဲ့ လုံချည်(သို့မဟုတ်) ထဘီ၊ စောင် စသည်မှာ စိတ်ကြိုက်ဖော် ထားတဲ့အကွက်ဟာ မပေါ်တော့ ပါဘူး။

ရက်ကန်းစင်ကြီးက အလုပ်တွင်သလောက် ကုန်ကျစရိတ်လည်း များပါတယ်။ အဲဒီခေတ်ကာလငွေနဲ့ဆို လေးသောင်း၊ ငါး သောင်းလောက် ကုန်ပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကောင်း တော့ ရင်းထားတဲ့ငွေလည်း သိပ် မကြာခင် ပြန်ပေါ်လာပါတယ်။ အထည်ကောက်တွေလည်း နေ့စဉ်ဆိုသလို ရွာထဲမှာ ပတ်ချာလည်ပြီး လာကောက်နေကြပါတယ်။ အထည်ကောက်ဆိုတာ လုံချည်၊ ထဘီ၊ တဘက်၊ စောင် စသည်ကို လာဝယ်ကြတဲ့သူတွေကို ပြောတာပါ။ ပခုက္ကူမြို့ကနေ ရွာအထိဆင်းလာပြီး ကောက်ကြတာပါ။ ရောင်း ဈေး၊ ဝယ်ဈေးကတော့ သူတို့ပါး စပ်ပေါ်မှာပဲ မူတည်ပါတယ်။ သူတို့က ငွေကိုင်ထားတာ မဟုတ် လား။ ငွေကိုင်ထားတဲ့သူတွေဆိုတာ တောသူတောင်သားဆင်းရဲသားတွေဆီက ခေါင်းပုံဖြတ်ဖို့ ဝန် မလေးကြပါဘူး။ အဲဒီတော့လည်း သူတို့ပေးတဲ့ဈေးနဲ့ရောင်းကြ၊ ဝယ်ကြရပါတယ်။ အထိနာတာကတော့ တောသူတောင်သားတွေပါပဲ။

 တောသူတောင်သားတွေဆိုတာ ငွေကို အိမ်ထဲမှာ ချွေးသိပ်ထားနိုင်တဲ့လူတွေ မဟုတ်ပါဘူး။ အရင်းနှီးလေးလုပ်လိုက်၊ စားလိုက်၊ သောက်လိုက်၊ အလှူပွဲအတန်းပွဲလေးတွေရှိရင် လှူလိုက်၊ မင်္ဂလာဆောင်လေးတွေရှိရင် ကူလိုက်နဲ့ လက်ထဲကို ငွေထားချိန်မရှိကြပါ ဘူး။ အဲဒီတော့လည်း သူတို့ပေးတဲ့ ဈေးနဲ့ ရောင်းရတာပါပဲ။ ရက်ကန်းစင်လေးတွေနဲ့ ရပ်တည်လာကြတာ နှစ်တွေကြာလာတော့ တခြား ရွာက အလုပ်သမတွေလည်း ကိုယ့် ရွာကို ပြန်တဲ့သူတွေက ပြန်၊ ကျွန်တော်တို့ရွာမှာ အိမ်ထောင်ကျတဲ့ သူတွေလည်း ကျကုန်ပါတယ်။

ရွာမှာ အိမ်ထောင်ကျတဲ့သူတွေအနေနဲ့ ရွာအတွက် ဘာမှမဖြစ်ပေမယ့် ပြန်သွားတဲ့သူတွေဆီ မှာတော့ ရက်ကန်းခတ်တဲ့အတတ် ပညာကပါသွားပါပြီ။ အဲဒီတော့ သူတို့ရွာကို ပြန်ရောက်တော့ သူတို့လည်း ရက်ကန်းစင်ထောင်ကြပါပဲ။ ဒါကလည်း လူ့သဘာဝတစ်ခု ပါပဲ။ သူတို့လည်း သူတို့တတ်ထား တဲ့ အတတ်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုရတာပါ။ အလုပ် ဆိုတာမျိုးကလည်း တစ်ယောက်က အဆင်ပြေနေတုန်း နောက်တစ်ယောက်က လိုက်လုပ်ရင် နှစ်ယောက်လုံး အဆင်မပြေဖြစ်တတ် ကြပါတယ်။ ကျွန်တော်တို့ရွာရဲ့ မပြေလည်မှုအစက အဲဒီကလို့ပဲ ပြောရမလား မသိတော့။ အထည် ကောက်တဲ့သူတွေလည်း ကျွန် တော့်ရွာတင် မဟုတ်တော့ဘူး။ တခြားရွာတွေကိုလည်း လိုက်ကောက်ကျတဲ့အခါ အရောင်းအဝယ်ပါးလာပါတယ်။ အရင်တုန်းက ညနေဆို အထည်ကောက်လာ ပေမယ့် အခု အထည်ကောက်ကို မျှော်နေရပါပြီ။ နေ့စဉ်နေ့တိုင်းလာနေကြကနေ တစ်ပတ်မှ တစ်ခါလောက်ပဲလာတော့ စားဝတ်နေ ရေးအရ မြို့ပေါ်ထိ တက်ရောင်းရပါတော့တယ်။ အထည်ဆိုင်ကို အထည်သွင်းတဲ့သဘောမျိုးပေါ့။ အထည်ဆိုင်တွေက လက်ခံသေး လို့ တော်ပါသေးတယ်။ ဒါပေမဲ့လည်း မြို့ပေါ်ကို အထည်သွင်းလို့ရတယ်ဆိုတာကိုလည်း တခြားရွာ တွေက သိတော့ အထည်ဆိုင်တွေကို အထည်လိုက်သွင်းကြတဲ့အခါ အထည်ဆိုင်တွေရဲ့ ဈေးနှိမ်မှုနဲ့ ကြုံလာရပါတယ်။ တစ်ရွာနဲ့တစ် ရွာ အပြိုင်အဆိုင်သဘောမျိုးဖြစ် လာတော့ အထည်ဆိုင်တွေအနေ နဲ့ ဈေးကို စိတ်ကြိုက်ခေါ်လို့ ရလာပါတယ်။ စိတ်ကြိုက်ခေါ်လို့ရ တော့ အထည်ဈေးတွေ ကျလာပါ တယ်။ အထည်ဈေးသာ ကျပေ မယ့် ချည်ဈေးက မကျတော့ ရက်ကန်းလုပ်ငန်းကလည်း သိပ်ပြီး မတွင်ကျယ်တော့ပါဘူး။ အရင်က တစ်ထည်ကို ငါးရာ၊ တစ်ထောင် မြတ်ပေမယ့် အခု နှစ်ရာ၊ သုံးရာ မြတ်ဖို့ အင်မတန် ပြောယူရပါ တယ်။ လုပ်ငန်းက မတွင်တော့ လူငှားတွေလည်း ပြန်လွှတ်ရပါတယ်။

ဆယ်စင်ရှိတဲ့အိမ်က ငါးစင်လောက်ထားပြီး လေးစင်ရှိတဲ့အိမ်က နှစ်စင်လောက်ပဲ အိုးစားမကွဲရုံချန်ထားပြီး အလုပ်လုပ်ကြပါတယ်။ အမြတ်တော့ မကျန်တော့ပါဘူး။ ရှိတဲ့အလုပ်လေးကိုပဲ ကျေးဇူးရှင်သဖွယ်ထားပြီး လုပ်နေကြရပါတယ်။ အရင်က ရက်ကန်းသံ တွေနဲ့ ဆူညံနေတဲ့ ကျွန်တော်တို့ရွာ လေးလည်း သူပုန်တွေ၊ ဓားပြတွေဝင်လာတဲ့ ကျေးရွာလေးကဲ့သို့ ရက်ကန်းသံတွေလည်း ပျောက်ခြင်းမလှ ပျောက်ကုန်ပါတော့တယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)