ဩစေၾတးလ် ကမ်းလွန်တွင် ငါးဖမ်းလှေ နစ်မြုပ်ပြီး လှေလုပ်သားခြောက်ဦး ပျောက်ဆုံးနေ

ဩစတြေးလျ အရှေ့ဘက် ကမ်းခြေတွင် ငါးဖမ်းလှေတစ်စီး နစ်မြုပ်ပြီး လှေလုပ်သား ခြောက်ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။


ကွင်းစ်လန်းပြည်နယ်ရှိ ဆယ်ဗင်တင်းဆယ်ဗင်တိမြို့အနီး ရေပြင်တွင် လှေနစ်မြုပ်သွားသည့်နောက် ပင်လယ်ထဲတွင် ၁၂ နာရီလုံးလုံး မျောပါနေသည့် လှေလုပ်သား တစ်ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ အဆိုပါ အမျိုးသားကို ရွက်လှေတစ်စီးက တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

၅၅ ပေ အရှည်ရှိ ငါးဖမ်းလှေ Dianneသည် အောက်တိုဘာ ၁၆ ရက် ညပိုင်းက တိမ်းမှောက်ခဲ့ပြီးနောက် ၅ နာရီ အကြာတွင် ပင်လယ်ထဲ လုံးဝ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရရှိသည့် အမျိုးသား၏ အမည်ကို ရူဘန်မက်ဒိုရန်ဟု ဒေသခံ သတင်းဌာနများက ဖော်ပြခဲ့သည်။

လှေနစ်ချိန်တွင် လုပ်ဖော်ကိုင်ဖက်များက လွတ်မြောက်ရန် ထိတ်လန့်တကြား ရုန်းကန် ကြိုးစားနေသည့် အသံများကို ကြားခဲ့ရကြောင်း မက်ဒိုရန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ လတ်တလောတွင် ပျောက်ဆုံးနေသူများကို အခင်းဖြစ်ရာ ရေပြင်တဝိုက်တွင် ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။

ရဲတပ်ဖွဲ့က အဆိုပါ ငါးဖမ်းလှေသည် အရေးပေါ် အခြေအနေ အကူအညီ တောင်းခံမှု ထုတ်လွှင့်ခြင်း မရှိကြောင်း ဆိုသည်။ မက်ဒိုရန်ကိုမူ ၎င်း၏ အော်သံကို ကြားခဲ့သည့်နောက် ရွက်လှေတစ်စီးက ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီနားမှာ ရွက်လှေတချို့ ဖြတ်သန်းသွားပြီး သူ့အော်သံကိုပါ ကြားသွားခဲ့တာ အတော်ကံကောင်းတယ်လို့ ပြောရပါမယ်။ မဟုတ်ရင် လှေနစ်တဲ့ကိစ္စ ကျွန်တော်တို့ သိတောင် သိမှာ မဟုတ်ဘူး”ဟု ကွင်းစ်လန်း ရဲတပ်ဖွဲ့ အရာရှိ ယက်ဖ်ဘားနတ်က မှတ်ချက်ပေးခဲ့သည်။

ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် အခက်အခဲများ ကြုံနေသည်။ ကယ်ဆယ်ရေး ကဏ္ဍတွင် ကမ်းခြေစောင့်တပ်၏ လေယာဉ်နှင့် ရေယာဉ်များအပြင် ဒေသခံ ငါးဖမ်းလှေများကပါ ပူးပေါင်း ပါဝင်လျက်ရှိကြောင်း သိရသည်။

Ref: BBC