လစာကျပ်တစ်သိန်းခွဲအောက် အလုပ်လျှောက်ထားသူ လျော့နည်းလာဟုဆို

ရန်ကုန်မြို့တွင်ပြုလုပ်သည့် အလုပ်အကိုင်ပြပွဲတစ်ခု၌ လာရောက်လျှောက်ထားသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

လုပ်ခတစ်လ ကျပ်တစ်သိန်းခွဲ အောက်ရရှိမည့် လုပ်ငန်းများအတွက်လျှောက်ထားသူလျော့နည်းလာကြောင်း ပြည်တွင်းအလုပ်အကိုင် အေဂျင်စီတာဝန်ရှိသူများက ပြောသည်။

ပြည်တွင်းအလုပ်သမားများအတွက် အနည်းဆုံးလုပ်ခကို ပြင်ဆင်ရန်စီစဉ်နေသောကြောင့် အလုပ်သမားများကလည်း လက်ရှိ ပေါက်ဈေးထက် ပိုမျှော်လင့်နေသဖြင့် အလုပ်လျှောက်ထားမှု ယခင်ထက် လျော့နည်းနေကြောင်း ၎င်းတို့ကပြောသည်။

‘‘အလုပ်သမားခေါ်ယူတဲ့အခါ အလုပ်သမားအသစ်တွေကို အများစုက ကျပ်တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက် လုပ်ခသတ်မှတ်ပြီး ခေါ်နေတာ ပေါ့။ အရင်ကတော့ အဆင်ပြေတယ်။ အနည်းဆုံးလုပ်ခသတင်း တွေ ထွက်လာပြီးနောက်ပိုင်းအလုပ်သမားတွေဘက်က တစ်သိန်းခွဲလောက်ရမှ လုပ်မယ်ဆိုတာမျိုး  ဖြစ်လာတယ်’’ဟု စွမ်းပြည့်ပြည်တွင်းအလုပ်အကိုင်နှင့် အထွေ ထွေဝန်ဆောင်မှုလုပ်ငန်း ဒါရိုက်တာဦးပြည့်ဖြိုးကပြောသည်။

အခြေခံ အလုပ်သမားများကို အလုပ်ရှာဖွေပေးနိုင်မှုမှာ စက်တင်ဘာ မတိုင်ခင်ကထက် ယခုအခါထက် ထက်ဝက်ခန့် လျော့နည်းသွားကြောင်း ၎င်းကပြော ကြားသည်။

‘‘အလုပ်က မရှိတာမဟုတ်ဘူး။ အလုပ်သမားက အခုအချိန် လက်ရှိဈေးနဲ့ဝင်လုပ်ပြီး အနည်း ဆုံးလုပ်ခပြင်တဲ့အခါ ကျန်ခဲ့မှာစိုးပြီး အင်တာဗျူးရှိတာတောင် မ၀င်ကြတော့တာ’’ဟု ဦးပြည့်ဖြိုး ကပြောကြားသည်။

ပြည်တွင်းလုပ်ငန်းများသည် ကုန်ပစ္စည်းဖြန့်ဖြူးရေး၊ ရုံးတွင်းအကူ၊ အရောင်းဝန်ထမ်းရာထူးနေရာအသစ်များအတွက် ကျပ်တစ်သိန်း နှစ်သောင်းထိပေး၍သာ အများဆုံးခေါ်ယူနေကြသည်။

ယင်းနှုန်းမှာ လက်ရှိအနည်းဆုံးလုပ်ခ သတ်မှတ်ချက်ဖြင့်တွက်ပါက မနည်းသော်လည်း ပြင်ဆင်မည့် လုပ်ခအသစ်နှင့်တွက်ပါက လျော့နည်းမည်ကို အလုပ်သမားများက စိုးရိမ်နေကြောင်းအလုပ်သမား သမဂ္ဂခေါင်းဆောင် ဦးစိုးနိုင်က ပြောသည်။

‘‘အခု သတင်းထွက်နေတာ အနည်းဆုံးလုပ်ခအသစ်က တစ်ရက်ကို ၅,၀၀၀ အထက်ဆိုတော့ အလုပ်သမားတွေက အဲဒီအတိုင်း ရချင်တဲ့သဘောဖြစ်မယ်’’ဟု ၎င်း က ပြောသည်။

အနည်းဆုံးတစ်ရက်လုပ်ခသည် လက်ရှိ ၃,၆၀၀ ကျပ်ဖြစ်ပြီး ဒီဇင်ဘာ၌ နှုန်းထားအသစ်ကိုပြင်ဆင်မည်ဖြစ်သည်။

ယင်းနှုန်းထားကို ပြင်ဆင်ရန် တိုင်းဒေသကြီး-ပြည်နယ် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီများက အဆိုပြု နှုန်းများ ရွေးချယ်ထားရာ အနည်းဆုံးတစ်ရက် လုပ်ခကျပ် ၄,၀၀၀ မှ  အများဆုံး ကျပ် ၆,၄၀၀ ရှိသည်။